နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၂၉

 ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် ကြသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး မိမိတို့တာဝန်စတင်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်ဦးတည်ချက် ၉ ရပ်ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များတွင် နိုင်ငံရေးအရရည်မှန်းချက်ပန်းတိုင်သည် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးပင်ဖြစ်ကြောင်း။

ဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲပိုင်ခွင့်များရှိကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် နိုင်ငံရေးအယူအဆကွဲပြားစွာဖြင့် ဆောင်ရွက်နေသည့် ပါတီများ၊ တစ်ပါတီတည်းဖြစ်သော်လည်း သဘောထားကွဲလွဲမှုရှိသည့် အုပ်စုများ ရှိနေသည်ကို သဘာဝကျကျတွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်၌ ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပြီး ဖဆပလ ပါတီတစ်ခု တည်းကသာ နိုင်ငံကိုဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားပါတီများသည် ပါတီငယ်များသာဖြစ်ကြောင်း၊ နောက်ပိုင်းတွင်ဖဆပလအတွင်း သဘောထားကွဲလွဲမှု များဖြစ်ပေါ်၍ အုပ်စုများကွဲခဲ့သည်ကိုတွေ့ရကြောင်း၊ လူပုဂ္ဂိုလ်သို့မဟုတ် အုပ်စု၏ အာဏာတည်ဆောက်မှုများ၊ နိုင်ငံရေးမရင့်ကျက်မှုများကြောင့် ပါတီအတွင်း နိုင်ငံရေး အရ ထွက်ပေါက်ရှာကြရာမှ အုပ်စုများကွဲခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။

၁၉၆၂  ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထူထောင်၍ တစ်ပါတီစနစ် ဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်း က တစ်ပါတီစနစ်ဖြင့် ပါတီအတွင်း တူညီသည့်ဆိုရှယ်လစ်အယူအဆဖြင့် သွားနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ချိန်တွင်လည်း ဆိုရှယ်လစ် အယူအဆ များအပေါ်တူညီမှုမရှိခဲ့ကြောင်း၊ အခြားပါတီများဖွဲ့စည်းခွင့်မရှိဘဲ ပါတီတစ်ခုတည်း သာရှိသောကြောင့် နိုင်ငံရေးထွက်ပေါက်များမရှိခဲ့ကြောင်း၊ ထို့ကြောင့်ပါတီအတွင်း အုပ်စု ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် တာဝန်ကိုယူခဲ့ရပြီး ပါတီနိုင်ငံရေးမဟုတ်သော်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပါတီများဖွဲ့စည်းခွင့်ပေး၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တင်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ ပထမအစိုးရတက်လာခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သဖြင့် နိုင်ငံရေးထွက် ပေါက်များ ရရှိခဲ့ကြောင်း၊ နိုင်ငံရေးထွက်ပေါက်များမှတစ်ဆင့် ဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရာ အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိခဲ့ကြောင်း၊ တည်ဆဲဥပဒေကို မချိုးဖောက်သရွေ့ ကန့်သတ်ချုပ်ချယ်မှုများမရှိခဲ့ဘဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကြောင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ထွက် ပေါက်များပေးထားကြောင်း၊ နိုင်ငံမငြိမ်သက်မှုများ ဖြစ်ပေါ်အောင်ဆောင်ရွက်မှုများမှ လွဲ၍ ပါတီညီလာခံများ၊ အစည်းအဝေးများနှင့် ပါတီအချင်းချင်းတွေ့ဆုံပွဲများကို ခွင့်ပြု ပေးထားကြောင်း၊ ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက်များခွင့်ပြုပေးထား ကြောင်း။

ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ အများ၏ သဘောတူညီမှုဖြင့် သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယင်းသည် “ဒီမိုကရေစီယဉ်ကျေးမှု” ဟုဆိုနိုင် ကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုများ ပျက်စီးသွားပါက နိုင်ငံ၏ တည်ငြိမ်မှုပျက်ပြား သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်နေသည့် နိုင်ငံရေး အခြေအနေများသည် ရှိနေသည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံး မချမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လစာအပြင် ခံစားခွင့်များ တိုးမြှင့် ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ၏တာဝန်ကိုထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံရေးဆောင်ရွက်ရန် မဟုတ်ကြောင်း၊  နိုင်ငံရေး ဆောင်ရွက်လိုပါက နိုင်ငံရေး လမ်းကြောင်းပေါ်မှ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံသား တစ်ဦးအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ သို့သော် တည်ဆဲဥပဒေဖြင့် တားမြစ်ထားသည့် သတ်မှတ် ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍မရကြောင်း။

နိုင်ငံတကာဆက်ဆံရေး

နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၌ မိမိတို့ကိုဘေးဖယ်ရန် ကြိုးပမ်းခဲ့မှုများရှိကြောင်း၊ ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းချိန်တွင် အချို့နိုင်ငံကြီး များက ၎င်းတို့အလိုကျဆောင်ရွက်နိုင်မည့်သူများကို မြန်မာ့နိုင်ငံရေး၏ အရေးပါသည့် နေရာများတွင် ပါဝင်နိုင်ရေးအချိန်ယူစိမ့်ဝင်၍ ရည်ရွယ်ချက်ရှိရှိကြံစည် လုပ်ဆောင်ခဲ့ သည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့လိုလားသည့်သူများ နိုင်ငံရေးစင်မြင့်ပေါ်တွင် တည်မြဲ စေရေး ငွေအား၊ လူအားနှင့် အကြံပေးများဖြင့် အဘက်ဘက်မှကူညီဆောင်ရွက် ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကူအညီများပေးရာတွင်လည်း အရောင်အသွေး များဖြင့် ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ကို ယခုအချိန်တွင်သိရှိရကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံရေးစင်မြင့်ပေါ်တွင် ၎င်းတို့လိုလားသည့်သူများ မရှိတော့သည့်အချိန်တွင် ကူညီမှုများ အကြောင်းအမျိုးမျိုးပြ၍ ရပ်တန့်သွားခဲ့ကြောင်း၊ အခြေခံဥပဒေသည် ပြည်သူများ အသိအမှတ်ပြုထားသည့် ဥပဒေဖြစ်ပြီး မဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မျက်ကွယ်ပြု၍ မိမိတို့အပေါ်တွင် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရကြောင်း၊ အလားတူ နိုင်ငံတကာဆက်ဆံရေးများတွင်လည်း မိမိတို့နိုင်ငံ၏ ပကတိအရှိတရားကို မျက်ကွယ် ပြု၍ ဆောင်ရွက်လျက်ရှိကြောင်း။

ငြိမ်းချမ်းရေးရရှိရန်လိုအပ်မှု

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေသည့်ဒေသများရှိ တိုင်းရင်းသားများ၏ နေထိုင်စားသောက်ရေး အတွက် ဆောင်ရွက်ပေးမည်ဆိုပါက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်လိုသည်များကို ဥပဒေဘောင် အတွင်းမှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးချိန်တွင်   မိမိတို့၏အမျိုးသားရေးရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းရေး၊ ဒီမို ကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပေါင်းထားသည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို လက်ခံပြီးဖြစ်သဖြင့် ငြိမ်းချမ်း ရေးရရှိအောင် ဆက်လက်ဆွေးနွေးနိုင်ပြီဖြစ်ကြောင်း၊ အမျိုးသားရေးရည်မှန်းချက် အနေ ဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးပင်ဖြစ်သည်ကို ပြောကြားခဲ့ကြောင်း၊ မိမိတို့၏နိုင်ငံရေး ဦးတည်ချက်တွင် နိုင်ငံရေးထွက်ပေါက်များ ပေးထားပြီး အဆိုပါနိုင်ငံရေးထွက်ပေါက်များကိုအသုံးချ၍ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲများကို လေ့လာကြည့်ပါက ရွေးကောက်ပွဲများကို မြို့နယ်များအားလုံးတွင် အပြည့်အဝ မပြုလုပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရလဒ်များကို တိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်နေသည့် အခြေခံအချက်များ အခြေခိုင်မာစေရေး အစိုးရအဖွဲ့အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း။

မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ထပ်တိုး ၆ လမှ စ၍ နိုင်ငံ၏တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုများကို ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် အချို့သောဒေသများမှလွဲ၍ ကျန်ဒေသများ တွင် ၂၀၂၁ ခုနှစ်ထက် များစွာတိုးတက် ပြောင်းလဲသွားကြောင်း၊ တည်ငြိမ်အေးချမ်းမှု များလည်းရရှိလာပြီဖြစ်ကြောင်း၊ အချင်းချင်းယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက် မှုများတည်ဆောက်နိုင်မှသာ ခိုင်မာသည့်အခြေခံကောင်းများကို ရရှိမည်ဖြစ်ကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု

မိမိတို့အနေဖြင့် ကြေညာထားသည့် ဦးတည်ချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါဦးတည်ချက်များကို အစိုးရအဖွဲ့က အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းက စီးပွားရေးကျဆင်းခဲ့ခြင်းကို စာရင်းဇယားအချက်အလက်များကို ကြည့်ခြင်းဖြင့် သိရှိ နိုင်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းထုတ်ကုန်များ အားပေးမှုမရှိ ခဲ့ကြောင်း၊ သွင်းကုန်သာ ဦးစားပေးခဲ့ကြောင်း၊ နိုင်ငံစီးပွားရေးပြန်လည် ဦးမော့လာ စေရေး မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြောင်း။

တိုင်းပြည်၏အားသည်ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစီးပွား ရေးကို အဓိကအားပေးရန်လိုကြောင်း၊ ပြီးခဲ့သည့်အစိုးရလက်ထက်များဖြစ်သည့် လမ်းစဉ်ပါတီခေတ်တွင် ပြည်တွင်းစီးပွားရေးအားပေးခဲ့ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် ငွေကြေးအခက်အခဲများကြောင့် Import first ဖြင့်ဆောင်ရွက်ခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်ခဲ့ကြောင်း၊ ယခုအချိန်တွင်မိမိတို့ အနေဖြင့် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းကုန် ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များအရည် အသွေး ကောင်းမွန်ရန်နှင့် ကုန်ထုတ်လုပ်မှုများ အားကောင်းအောင် အားပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း။

ကိုဗစ်ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကိုကုစားနိုင်ရန် ကျပ်ဘီလီယံ ၄၀၀ မတည်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Quick Win ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လုပ်ငန်းသည် အများနှင့်သက်ဆိုင် သည့် လုပ်ငန်းဖြစ်သဖြင့် ပြည်သူအများစုအတွက်အကျိုးရှိမည် ဖြစ်ကြောင်း၊   အဆိုပါ လုပ်ငန်းများ အောင်မြင်လာမည်ဆိုပါက ကုန်ထုတ်လုပ်မှု အပေါ်အခြေခံသည့် စီးပွားရေးကို ခိုင်မာအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသေးစားနှင့် အလတ် စားစက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

ပို့ကုန်သွင်းကုန်ကဏ္ဍနှင့်ပတ်သက်၍

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်၍ ပြန်လည်စိစစ်ကြည့်ရာ နယ်စပ်စခန်းများမှ တင်ပို့မှုတွင် အစိုးရနှင့် ပုဂ္ဂလိကအနေဖြင့် ၈ ဘီလီယံကျော်ခန့်ရှိပြီး အစိုးရမှ တင်ပို့မှုက  ပုဂ္ဂလိကတင်ပို့မှုထက် များနေကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် SME လုပ်ငန်းများကို အားပေးရန်အတွက် လိုအပ်နေသေးသည်ကိုတွေ့ရှိရကြောင်း၊ ပို့ကုန်တစ်ခုတည်းဖြင့်ရပ်တည်၍မရဘဲ Non Trade များဖြင့်လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် နိုင်ငံခြားငွေ သုံးစွဲမှုများရှိသကဲ့သို့ ပြည်သူ တစ်ဦးချင်းအနေဖြင့်လည်း နိုင်ငံခြားငွေသုံးစွဲမှုများလည်းရှိကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိရေးအတွက် ကုန်သွယ်မှုတစ်ခုတည်း တွင်မှီခိုနေ၍မရကြောင်း၊ မိမိတို့ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေများရရှိရေး ဝန်ကြီးဌာနများ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေးတိုးတက်ရန်လိုအပ်မှု

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် “ ပညာရေးနဲ့ပတ်သက်ပြီး။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကစပြီးတော့ ကျွန်တော်တို့ပညာရေးကျောင်းတွေ အကုန်လုံး ဖွင့်လိုက်တယ်။ တက္ကသိုလ်တွေလည်း ပုံမှန်သင်တန်းတွေ အကုန်လုံးဖွင့်ပါတယ်။ အဲ့ဒီတော့ အခြေခံကတော့ ဦးစားပေးပေါ့လေ။  အခြေခံပညာမှာ ၉ ဒသမ ၅ သန်း လောက် ကျွန်တော်တို့က ကျောင်းသား တက်မယ်လို့ မှန်းပါတယ်။ ဒါကတော့  Round Figure ပေါ့၊ Figure တစ်ခုအနေနဲ့ကျွန်တော်တို့က မှန်းလိုက်တာပေါ့။ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်မှာရှိတဲ့ ကျောင်းသားအရေအတွက်နဲ့ လူဦးရေ တိုးတက်မှုနှုန်းနဲ့ ပြန်ပြီး တော့ ချိန်ကြည့်တဲ့အခါမှာ။ ၂၀၂၂-၂၀၂၃ မှာတော့ ၉ သန်းခွဲလောက်တော့ရှိနိုင်တယ် လို့ ကျွန်တော်တို့ကတွက်ပါတယ်။ ဒီထက်နည်းနည်း ပိုရင်လည်း ပိုမှာပေါ့။ လျော့ရင် လည်း လျော့မှာပေါ့။ သို့သော်လည်း Round Figure ကတော့ ၉ ဒသမ ၅ သန်းလောက်ရှိတယ်။ နောက်ဆုံးအချိန်မှာ ၇ ဒသမ ၂ သန်းကျော် ကျောင်းတက် ပါတယ်။ အားလုံး အေးအေးချမ်းချမ်းနဲ့ တက်နေကြတာပါ။ ဒီမှာနှောင့်ယှက်တဲ့ သူကတော့ တစ်နေရာစ၊ နှစ်နေရာစတော့ရှိပါတယ်။ သို့သော်လည်းပဲ ပုံမှန်အတိုင်း ကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေပါတယ်။ အဲ့ဒီတော့ နိုင်ငံတစ်ခု မှာလည်း ပညာရေးမြှင့်တင်မှုက အရေးပါတဲ့ အနေအထားရှိပါတယ်။ ပညာရေးမမြှင့် တင်ရင် တိုင်းပြည်ဘယ်လိုလုပ်မှကို တိုးတက်မှုမရှိနိုင်ဘူး။ ကျွန်တော်တို့ ဆန်းစစ်ချက်တွေအရ ပညာရေးဟာ နိမ့်ပါး ပါတယ်။ တော်တော်ကို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ တစ်ဝက်လောက်က၊ တစ်ဝက်ကျော်ကျော်လောက်က အခြေခံပညာ အလယ်တန်းနဲ့ အောက်မှာပဲရှိတယ်။ အဲ့ဒီတော့ ဒီပညာရေးမြှင့်တင်မှု မလုပ်နိုင်ခဲ့လို့ရှိရင် ပညာရေးကို အခြေခံပြီး အတတ် ပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ၊ ဘယ်လိုမှ ခေတ်မီစရာ အကြောင်း မရှိဘူး။ အစ္စရေးတို့ ဘာတို့၊ စိုက်ပျိုးရေးတို့၊ မွေးမြူရေးတို့၊ နည်းပညာတို့ ကောင်း တယ်ဆိုတာ ပညာတတ်တွေ ပေါတယ်။ စီးပွားရေးကောင်းတယ်။ ဝင်ငွေရှိတယ်။ ဝင်ငွေရှိတဲ့ အခါကျတော့ ပြည့်ပြည့်ဝဝ စားနိုင်တယ်။ ပြည့်ပြည့်ဝဝ စားနိုင်တော့ ကိုယ်ခံစွမ်းအားတွေ ကောင်းတာပေါ့။ ပြီးတော့ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့။ ကျန်းမာရေးနဲ့ ပတ်သက်တာတို့ အားကစားနဲ့ ပတ်သက်တာတို့ စနစ်တကျနဲ့ လုပ်တဲ့ အခါကျတော့သူတို့ရဲ့ IQ ပေါ့ဗျာ။ ဉာဏ်ရည်တွေက ကျွန်တော်တို့ သာမာန် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုထက်တော့ သာတာကိုသွားတွေ့ရတယ်။ ဒါ ရိုးရိုးသားသားပြောတာ၊ ဒီတိုင်း ဝန်ခံတာဖြစ်ပါတယ်။ ကျွန်တော်တို့ အပြည့်အဝ စားနိုင်ဖို့၊ အပြည့်အဝ သုံးနိုင်ဖို့ ကိုယ်ခံစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဉာဏ်ရည်က ထက်လာလိမ့်မယ်။  ဉာဏ်ရည် ထက်လာလို့ရှိရင် ပညာသင်ကြားရေးမှာလည်း ပိုပြီးတော့ အထောက်အကူရမယ်။ အဲ့ဒီတော့ တစ်ဖက်က။ ဂျာအေး သူ့အမေရိုက်သလိုပဲ။ တစ်ဖက်ကအားနည်းချက်ရှိ တော့၊ ကျောင်းမှာလည်း ပညာကောင်းကောင်း မသင်နိုင်တဲ့အချိန်မှာ၊ ပညာရေးကို စိတ်မဝင်စားဘူး။ စီးပွားရေး အားမကောင်းတဲ့အတွက်ကြောင့် မိဘကို ကူညီဖို့လည်း မိဘကနေခိုင်းတဲ့အခါမှာ။ ခုနကပြောသလို စာမလိုက်နိုင်တဲ့ဟာရယ်။ မိဘကနေ လုပ်ခိုင်းတဲ့အခါမှာ။ ပေါင်းစပ်တဲ့အခါကျတော့ ကလေးက ဒီအလယ်တန်းပညာ လောက်မှာတင် ဆုံးခန်းတိုင်သွားတဲ့သူတွေ များစွာဖြစ်လာစေတာကို သွားတွေ့ရပါ တယ်။ အဲ့ဒါကြောင့် ဘက်ပေါင်းစုံကနေ လုပ်ရမှာဖြစ်ပါတယ်။ ပညာရေးကောင်း ချင်ရင်၊ ပညာရေးနဲ့ပတ်သက်ရင် ပညာရေးတစ်ခုတည်း ကျွန်တော်တို့အစိုးရ အားထည့် နေလို့မရဘူး။ ပြည်သူပြည်သားအားလုံးရဲ့ လူမှုဘဝစီးပွားကို တက်အောင် လုပ်ပေးမှရမယ်။ အဲ့ဒီလိုသာ မလုပ်နိုင်ဘူးဆိုရင် အတူတူပဲ။ တလည်လည်နဲ့ပဲ ဖြစ်နေ မှာဖြစ်တယ်။ ဒါ့ကြောင့် ပညာရေးမြှင့်တင်မှုပိုင်းဟာ ပညာရေးဝန်ကြီးဌာန တစ်ခု တည်းနဲ့မဆိုင်ဘူး။ အားလုံးကဆိုင်ပါတယ်။ အားလုံးနဲ့ဆိုင်တယ်။ (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video File ကို ပြသမည်ဖြစ်ပါသည်။)

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး

ကိုဗစ် – ၁၉ နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းများ မြင့်တက်လာလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊  မိမိတို့နိုင်ငံတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်သူများမှ ဖြစ်ပွားမှု ပိုများသဖြင့် ကိုဗစ် – ၁၉ ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက် သည့် ကန့်သတ်ချက်များကိုလျှော့ချပေးထားသော်လည်း ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာနိုင်ချေရှိသဖြင်မပေါ့ဆရန်လိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေး အနေ ဖြင့်သန်း ၈၀ ခန့်လက်ခံရရှိခဲ့ပြီး ၇၂ သန်းခန့်ထိုးနှံပြီးဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အထက် ထိုးနှံပြီးသူများပြားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနသာမက ပြည်သူလူထုနှင့် အခြားအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံးအနေဖြင့် လည်း ဝန်ကြီးဌာန များအလိုက် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးနှိုးဆော်တိုက်တွန်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုများမြင့်မားလာမည်ဆိုပါက ရောဂါကူးစက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း ရောဂါကူးစက်မှု အခြေအနေများကိုလေ့လာ၍ သုတေသနပြုဆောင်ရွက်ရန် လိုကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးသည် နိုင်ငံတိုးတက်ရေးအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း၊ မိမိအနေဖြင့် “ရှေ့သို့ချီ” Moving Forward ဆိုသည့်အတိုင်း နိုင်ငံတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။