ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့ဆက်လက်ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

နေပြည်တော် ဩဂုတ် – ၁၀

ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ အစည်အဝေးကိုအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဝန်ကြီးဌာနအလိုက် ရည်မှန်းချက်နှင့် ဦးတည်ချက်၊ လုပ်ငန်းတာဝန်၊ လုပ်ငန်းများဆောင်ရွက်နေမှု၊ တိုးတက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကဏ္ဍတစ်ခုချင်းအလိုက် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သတင်းများမှန်ကန်ရန်နှင့် မြန်ဆန်ရန်လိုအပ်ကြောင်း၊ သတင်းမှန်များကိုပြည်သူများသိရှိစေရေး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်လိုကြောင်း၊ မြန်မာ့ရိုးရာ ဂီတနှင့် အနုပညာ ယဉ်ကျေးမှုများကို ထိန်းသိမ်းရန် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ရန်လို ကြောင်း၊ ပြည်သူများ အထွေထွေဗဟုသုတ ကြွယ်ဝစေရန်အတွက် စာပေများ ဖတ်ရှုနိုင်ရေး  တိုက်တွန်းနှိုးဆော်ဆောင်ရွက်ကြစေလိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံမျိုးကွဲများ များပြားသည့်အတွက် ရောင်းချမှု နှင့် စီမံခန့်ခွဲမှုများတွင် အခက်အခဲရှိသဖြင့် မျိုးကွဲများ နည်းပါးစေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုးတူ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင် ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို နည်းစနစ်တကျ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းများ ကောင်းမွန် တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရား များဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး ဧကကွက်များ ဖော်ထုတ်ဆောင်ရွက်ရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများတွင်လည်း လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည် ဆိုပါက  ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ငါးသယံဇာတများ ပြုန်းတီးမှု လျော့နည်းစေရန်အတွက်လည်း တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း။

 သမဝါယမ လုပ်ငန်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်း အနေဖြင့်လည်း အောင်မြင်တိုးတက်မှုများရှိကြောင်း၊ သမဝါယမ အသင်းများကို အမှန်တစ်ကယ်လုပ်ကိုင်သူများ စုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ အလားတူ စက်မှု လုပ်ငန်းများကို ပြန်လည်အားပေးဆောင်ရွက်ပြီး ပြည်တွင်း၌ လူသုံးကုန်ပစ္စည်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ လူဦးရေနှင့် သန်းခေါင် စာရင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပူးပေါင်း ဆောင်ရွက်၍ စာရင်းများမှန်ကန်စွာ ကောက်ယူနိုင်ရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်များ တက်ရောက်ရာတွင် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များသို့ ကျောင်းသား‌၊ ကျောင်းသူများ ပိုမိုတက်ရောက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊

စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အထက်တန်းကျောင်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ လမ်းများတည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ရန် နှင့် လမ်းအင်္ဂါရပ်များနှင့်လည်း ညီညွတ်ရန်လိုကြောင်း၊ လမ်းနယ်များကိုစနစ်တကျ သတ်မှတ်ထားရှိနိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေနုတ်မြောင်း များ စနစ်တကျရှိစေရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် စည်ပင်သာယာရေး အဖွဲ့များက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပင်စင် ယူချိန်တွင် နေထိုင်ရန်အိမ်ရာများ ရှိရန်နှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာများရရှိရန် လိုအပ်သကဲ့သို့ ပြည်သူများအတွက်လည်း တန်ဖိုးသင့်အိမ်ရာများရရှိရန် လိုအပ်သဖြင့် ရေရှည်အတွက်စဉ်းစား၍ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ် ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသား များ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်း ဆောင်ရွက်ရန် လိုသကဲ့သို့ မြန်မာစာပေ၊ မြန်မာစကားနှင့် မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းဆောင် ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ကောင်စီဝင်များနှင့် တွဲဖက်အတွင်းရေးမှူးတို့က သတင်းထုတ်ပြန်မှုများကို မှန်မှန်ကန်ကန်နှင့် မြန်မြန် ဆန်ဆန်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့လုံခြုံရေး စနစ်တည်ဆောက်ရေး၊ CRPH ၊ NUG နှင့်၎င်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများက တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှု၊ တည်ငြိမ်အေးချမ်း ရေးအတွက် သတင်းများဖော်ထုတ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန် ကာလအတွင်း အကြမ်းဖက်သမားများ၏  တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများ၊ သံဃာတော်များနှင့် သီလရှင်များ ထိခိုက်သေဆုံးခဲ့ရမှုအခြေ အနေများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံ ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်မှု။

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားရေး၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှု မရှိစေရန် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရေး၊ ဦးတည်ချက် (၅) ရပ်ပါ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံသားဖြစ်ခွင့်ရှိသူ အားလုံး နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးနှင့် နိုင်(၄)၊ ပုံစံ ၆၆/၆ စာရင်း ဇယားများ ကွန်ပျူတာတွင်ထည့်သွင်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ ဆောင်ရွက်လျက်ရှိရာ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူ များအနေဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရေး၊ ဒေသအလိုက် တာဝန်ရှိသူများက သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရန်ကြပ်မတ်ဆောင်ရွက်သွားရေး၊ ပြည်ထောင်စုအဆင့် အခမ်းအနားများကိုလည်း အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လစ်ဟင်းမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ဆွေးနွေးခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ဝန်ကြီးဌာနများအလိုက်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များကို သိရှိရကြောင်း၊ နောင်တွင်လည်း အစည်းအဝေးများကို ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဆောင်ရွက်ချက်များကို အပြန်အလှန် သိရှိရခြင်းဖြင့် ခြုံငုံသုံးသပ် ဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းတစ်ခုကို ရရှိစေကြောင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ်မူတည်၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ရန် အခက်အခဲရှိသည့် ကိစ္စရပ်များကိုလည်း တင်ပြ၍ ပြင်ဆင် ရန်လိုအပ်သည်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်၍ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် လုပ်ပိုင်ခွင့်များပေးထားပြီးဖြစ်ကြောင်း။

အစိုးရတစ်ရပ်သည် ပြည်သူလူထုနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံ၏စီးပွားရေး ခိုင်မာရေးကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန် အတိုင်းပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ယခုအခါစီးပွားရေး ကိုလည်း အရှိန်အဟုန်မြင့်အောင် ဆောင်ရွက်လျက်ရှိပြီး မိမိတို့မျှော်မှန်းထားသည့် အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလာမည့် ၆ လ အတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပညာသင် ကြား ပေးရာတွင် အတန်းအောင်မြင်ရေးထက် အမှန်တစ်ကယ် တတ်မြောက်ရေး သင်ကြားပေးရန်လိုကြောင်း၊ အတန်းအောင်မြင်သော်လည်း စာတတ်မြောက်ခြင်းမရှိ သဖြင့် စဉ်းစားတွေးခေါ်မှုများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်း ပြည်ပ မီဒီယာများမှလည်း ယင်းကို အမြတ်ထုတ်ကြသည်ကို တွေ့ရကြောင်း၊ မှန်ကန် သည့် ပညာတတ်များဖြစ်စေရေး ပျိုးထောင်ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးရန် လိုကြောင်း။

တက္ကသိုလ်ပညာသင်ကြားရေးတွင် တက္ကသိုလ်မှ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ဘွဲ့ရပြီးချိန်၌ အတတ်ပညာနှင့်ပတ်သက်သည့် လူမှုရေး၊ ကျွမ်းကျင်မှု ပညာ ရပ်များကို အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်း တတ်မြောက်သည့် ပညာရပ် များကို အသုံးချနိုင်မှုသည် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည်များကို ဝိုင်းဝန်းထိန်းကြောင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများရှိစေရေး ဖန်တီးဆောင်ရွက်ပေးရန်လို ကြောင်း၊ ပညာရေး နှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း။

ပြည်သူများ၏ ကျန်းမာရေးသည်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ပြည့်ဝစွာထိုးနှံနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုလည်း လိုက်နာ နိုင်ရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မပေါ့ဆစေလို ကြောင်း၊ ကျန်းမာမှ ပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ ကျန်းမာရေးအတွက် စားရေရိက္ခာ ပြည့်ဝစွာစားသုံးနိုင်ရန်လိုကြောင်း၊ စားရေရိက္ခာပြည့်စုံမှုမရှိပါက ကျန်ရှိသည့်ကိစ္စရပ်များကိုလည်း ထိခိုက်လာနိုင်သည့် အတွက် စားရေရိက္ခာပေါများရေးအတွက် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားနေခြင်းဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍ မရနိုင်ဘဲ အချိန်မရွေးဖြစ်ပေါ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် သတိပေးပြောကြားလိုကြောင်း၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန် ရေစီးရေလာများ ကောင်းမွန်စေရေး ဒေသအလိုက် နှိုးဆော်တိုက်တွန်း၍ လူထုအားဖြင့်ဆောင်ရွက်ကြစေလိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းအားထုတ်ပေးကြစေလိုကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မအောင်မြင်စရာမရှိကြောင်း၊ ဒေသအလိုက် ဘက်ပေါင်းစုံမှစဉ်းစား၍ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက် ယခုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ်ကြောင်းပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။