နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊မိုင်းခတ်တပ်နယ်နှင့်မိုင်းယောင်းတပ်နယ်တို့မှအရာရှိ၊စစ်သည်မိသားစုဝင်များအားတွေ့ဆုံအမှာစကားပြောကြား                                                       

နေပြည်တော်၊ ဇန်နဝါရီ – ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်းတပ်နယ် တို့သည် အလှမ်းကွာဝေးသည့် တပ်နယ်များဖြစ်ပြီး တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်ကလည်း မကြာခဏ လာရောက်တွေ့ဆုံခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန် များကို လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရသည်မှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိ လာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့ သည့် ကြီးမားသော မဲမသမာမှုဖြစ်စဉ်ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈)ခုနှစ် နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေ များ သိရှိနားလည်သဘောပေါက်ရန်လိုကြောင်း။

ယခင် တပ်မတော်အစိုးရအုပ်ချုပ်စဉ်ကာလအတွင်း ပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေရသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ရောက်ရှိနိုင်ရေး ပုံဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပပေးနိုင်ခဲ့ကြောင်း၊ ထို့နောက် NLD ပါတီကိုရွေးကောက်ပွဲသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကာ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့ပြီး အစိုးရဖြစ်လာကြောင်း၊ NLD အစိုးရ အုပ်ချုပ်စဉ်အစောပိုင်း ကာလအတွင်း၌ပင် ဥပဒေကို လက်တစ်လုံးခြား ဆောင်ရွက်မှုများ စတင်လုပ်ဆောင် ခဲ့သည်ကို တွေ့ရကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ဆောင်ရွက်ရာတွင်လည်း ၎င်းတို့တာဝန် မထမ်း ဆောင်မီအချိန်၌ NCA လက်မှတ်ရေးထိုးခြင်းမပြုရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တိုက်တွန်းခဲ့ခြင်းများရှိသကဲ့သို့ ၎င်းတို့တာဝန်ယူထမ်းဆောင်ချိန်၌လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပိုင်း၌ အားနည်းခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ အလားတူ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ယိမ်းယိုင်စေခဲ့သည့် လုပ်ဆောင်မှုများရှိခဲ့ပြီး နိုင်ငံ အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးခြင်းမရှိခဲ့ခြင်းနှင့် ပြည်ပမှတင်သွင်း မှုများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ များစွာ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အချို့ပြည်ပချေးငွေရယူဆောင်ရွက်ခဲ့သည့် စီမံကိန်းများကို လုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးလုနီးပါးအခြေအနေတွင် ရပ်တန့်ခဲ့သဖြင့် နိုင်ငံ အတွက်များစွာနစ်နာခဲ့ရကြောင်း၊ အလားတူ ပြည်ပမှ ချေးငွေများ အဆမတန် ရယူခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် နှစ်စဉ် ပြည်ပကြွေးမြှီများကို ပေးဆပ်နေရ လျက်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ အထိ ကုန်သွယ်မှုလိုငွေ အမေ ရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိခဲ့ပြီး ယခု ၂၀၂၁ မှစ၍ ကုန်သွယ်မှုပိုငွေရှိအောင် ဆောင်ရွက်ခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပြဿနာများအပေါ် အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ အခွင့်အရေးယူ၍ ဆောင်ရွက်နေမှုများရှိကြောင်း၊ မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်၍ တပ်မတော်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်ကြေညာခဲ့ပြီး မဲစာရင်း မှားယွင်းမှုအပေါ် ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် အဆိုပါမဲသမာမှုကိစ္စရပ်များအား ဖြေရှင်းပေးမှုမရှိခဲ့ကြောင်း၊ မဲစာရင်းမသမာမှု ရလဒ်များဖြင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူရေး ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး မလွဲသာမရှောင်သာဘဲ နိုင်ငံတော် တာဝန်အား ရယူခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ် တွင်ပါဝင်သည့် မဲစာရင်းများပြန်လည်စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကိုဗစ် -၁၉ ကပ်ရောဂါထိန်းချုပ်ရေးအတွက်လည်း ကျန်းမာရေးဝန်ထမ်း များတာဝန်ထမ်းဆောင်မှုနည်းပါးခြင်းနှင့် အခြားသောအခက်အခဲများကြားမှ ခက်ခက် ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ရပြီး ယခုအခါ ကူးစက်မှုနှုန်းနည်းပါးသွားပြီဖြစ်ကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ရေးဆောင်ရွက်ခဲ့ချိန်တွင် ပြည်သူများ၏ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုများ၊ စုပေါင်းလှူဒါန်းမှုများနှင့် နိုင်ငံတော်တာဝန်အား ကျေပွန်စွာ ထမ်းဆောင်လိုစိတ်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ကိုဗစ် – ၁၉ တတိယလှိုင်းအား အောင်မြင်စွာဖြင့်ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ကိုဗစ် – ၁၉ ရောဂါကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အထိုက်အလျောက် တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း။

ငြိမ်းချမ်းရေးရရှိရေးအတွက်လည်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပေးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ထားကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကို ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် တည်ငြိမ် အေးချမ်းမှုရှိရန်လိုကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးက မည်သည့်ပုံစံနှင့်မဆို ခြိမ်းခြောက်ခံရမှုမရှိဘဲ မိမိတို့ဆန္ဒအတိုင်း မဲပေးနိုင်ရန်လိုအပ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲ၌  အထွေထွေရွေးကောက်ပွဲဖြစ်သဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရမည်ဖြစ်ပြီး မြို့နယ်အားလုံး၌ ရွေးကောက်ပွဲကို လွတ်လပ်၍ တရား မျှတစွာ ကျင်းပပြုလုပ် နိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ တရားမျှတမှုနှင့် ခြိမ်းခြောက်မှု မရှိစေရေး လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းရန် လိုသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး နှင့် လုံခြုံရေးအရ အမြန်ဆုံး တည်ငြိမ်မှုရရှိရေး ကြိးပမ်းလျက်ရှိကြောင်း။

တပ်မတော်၏တာဝန်နှင့်ပတ်သက်၍ နိုင်ငံတော်ကိုကာကွယ်ရန်၊ နိုင်ငံ၏ အချုပ် အခြာအာဏာနှင့် ပြည်သူများကိုကာကွယ်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံကိုကာကွယ်ရန် အတွက် စွမ်းရည်ရှိသည့်တပ်မတော်ဖြစ်စေရန်၊ လေ့ကျင့်သားပြည့်ဝရမည်၊ စိတ်ဓာတ်၊ စည်းကမ်းများကောင်းမွန်ရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းကို တပ်မတော်သားများ အတွက် စစ်အခြေခံသင်တန်းမှစတင်၍ အခြေခံကျကျဖြင့်လေ့ကျင့်သင်ကြား ပေးခဲ့ ပြီးဖြစ်ကြောင်း၊ အဆိုပါအချက်ကို အလေးအနက်ထားပြီး လိုက်နာကျင့်သုံးရန်လို ကြောင်း၊ စည်းကမ်း စိတ်ဓာတ်ကောင်းသည့် တပ်မတော်သားများဖြစ်အောင် တစ်ဦး ချင်းလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်တွင် စစ်သည်တော်ကျင့်ဝတ် ၆၀ ရှိပြီး တိုက်တွန်းချက်၊ တားမြစ်ချက်များပါဝင်ကြောင်း၊ စည်းကမ်းလိုက်နာပါက အရည်အချင်းရှိသည့် တပ်တစ်ခုဖြစ်မည်ဖြစ်ကြောင်း၊ အမိန့်နာခံမှုရှိမှသာ အောင်မြင် မှုရရှိမည် ဖြစ်ကြောင်း၊  မိမိတို့တပ်မတော်သည် နိုင်ငံအတွက် ခိုင်မာသည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့လိုက်၊ အဖွဲ့တစ်ခုလုံး ကောင်းမွန်စွာ လေ့ကျင့်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တပ်မတော်ကို အလေးထားကြပြီး နိုင်ငံ့ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ကြကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်ကို  တည်ဆောက်ရာတွင် စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး တပ်မတော်သားတစ်ဦးချင်း အနေဖြင့် စစ်သားပီသရန်နှင့် စစ်သည်ကောင်းတစ်ဦးဖြစ်အောင် နေထိုင်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များ အနေ ဖြင့်လည်း စစ်သားပီသသည့် ခေါင်းဆောင်အဖြစ် တပ်မတော်ကို ဦးဆောင်ရမည်ဖြစ် ကြောင်း၊ ခေါင်းဆောင်ဆိုရာတွင် ဒုတိယတပ်ကြပ်မှစတင်၍ အဆင့်ဆင့်သော၊ အမျိုးမျိုးသော ခေါင်းဆောင်များရှိပြီး စစ်သားပီသသည့် ခေါင်းဆောင်များဖြစ်မှသာ စွမ်းရည်နှင့် စွမ်းအားရှိသည့် တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း၊ အထက်အောက် ရိုသေလေးစားမှုရှိရန်နှင့် အမိန့်နာခံတတ်မှုများရှိရန်လိုကြောင်း၊ အုပ်ချုပ်သူများ ဖြစ် သည့် ဒုတပ်ကြပ်မှစ၍ တပ်မှူးများအထိ ဖခင်သဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်း သဖွယ်စိတ်ဓာတ်ဖြင့် လက်အောက်ကို ညီညွတ်မျှတသည့် အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ကြရန်လိုကြောင်း၊ တပ်မတော်သားအားလုံးခေါင်းဆောင် ကောင်းစိတ်ဓာတ်၊ နောက်လိုက်ကောင်းစိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်၍ မိမိကိုယ်ကို အသိတရား၊ သတိတရား ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။

အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်း ကောင်းမွန်စေရန်အတွက် အသိပညာ ရှိရန်နှင့် အသိပညာများရှိရန်အတွက် အတန်းပညာများရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအတွက် အခြေခံပညာ မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြင်ပဗဟုသုတ စာပေများကိုလည်း အမြဲမပြတ် ဖတ်ရှုလေ့လာပြီး အသိပညာများ မြှင့်တင်နေရန်လိုကြောင်း၊ ပြင်ပဗဟုသုတစာပေများ ကိုဖတ်ရှုခြင်းဖြင့် လူတစ်ဦး၏ အသိဉာဏ်ကို ပိုမိုမြင့်မားစေသည် ကိုတွေ့ရှိရသော ကြောင့် စာပေများဖတ်ရှု လေ့လာကြရန်လိုကြောင်း၊ မိမိတို့ သက်ဆိုင်ရာ ဘာသာ တရားများအလိုက် လိုက်နာကျင့်ကြံထိန်းသိမ်းနေထိုင်ကြရန်လိုကြောင်း၊ မိမိတို့ သားသမီးများကို မိမိတို့ထက်သာလွန်အောင် မြေတောင်မြှောက် ပေးကြရန်လိုပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများကို ကိုဗစ် -၁၉ ကာကွယ်ဆေးများ ရာခိုင်နှုန်းပြည့်နီးပါး ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း၊ ပညာတတ်များပေါများလာပါက နိုင်ငံအတွက် လူသား အရင်းအမြစ်များ ပေါများလာမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးထားပြီး လာမည့်မတ်လ နောက်ဆုံးပတ်မှစ၍ ပထမအပတ်တွင် စာမေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးထားခြင်းသည် ကျောင်းနေအရွယ်ကလေးတိုင်း စာပေသင်ကြားနိုင်ရေးအတွက် ဖြစ်သဖြင့် ပညာသင်ကြားမှုမရှိပါက မိမိတို့ ကလေး ငယ်များ၏ ဘဝတိုးတက်ရေးကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကလေးငယ်များ၏ ပညာသင်ကြားရေးကို အားပေးဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍လည်း မပေါ့ဆကြရန်နှင့် အမြဲသတိထား၍ လုံခြုံရေးအသိ၊ လုံခြုံရေး အမြင်များဖြင့်နေထိုင်သွားလာကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်း တပ်နယ် တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးများက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိုင်းခတ်တပ်နယ် မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။