နေပြည်တော်၊ နိုဝင်ဘာ – ၉
မြန်မာရော်ဘာဖိုရမ် – ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ (MICC–II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးများ၊ အမျိုးသားပို့ကုန်မဟာဗျူဟာရော်ဘာလုပ်ငန်း ကဏ္ဍပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ပြည်တွင်း Development Partner များ၊ ပညာရှင်များ၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း၊ မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှုဖော်ဆောင်ရေးအသင်း၊ ရော်ဘာအဝယ်ဒိုင်များ၊ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ ရော်ဘာအခြေခံထုတ်ကုန် ပစ္စည်းထုတ် လုပ်သူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် “မြန်မာရော်ဘာဖိုရမ် – ၂၀၂၃” ကို ရော်ဘာထုတ်လုပ်မှုနှင့် အရည်အသွေးတိုးတက်မြင့်မားရေး၊ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ရော်ဘာအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများဖွံ့ဖြိုး တိုးတက် လာစေရေးနှင့်ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအဖွဲ့အစည်းများ၊ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာစေရေးဆိုသည့် ရည်ရွယ်ချက်(၃) ရပ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ဆောင်ပုဒ်မှာ “ရော်ဘာကဏ္ဍရေရှည် တည်တံ့ဖွံ့ဖြိုးရေး၊ ထုတ်လုပ်မှုနှင့်တန်ဖိုးမြှင့်ထုတ်ကုန်မြှင့်တင်ပေး”ဟု သတ်မှတ်ထားပါကြောင်း။
မိမိတို့နိုင်ငံတွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ စသည့်သီးနှံအမျိုးပေါင်း ၆၁ မျိုး၊ စုစုပေါင်းသီးနှံစိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း စိုက်ပျိုးထုတ်လုပ် လျက်ရှိပါကြောင်း၊ စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခု တွင် ဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားရှိပြီး၊ အစေးခြစ်ဧက ၁ သန်း နီးပါးမှ ရော်ဘာတန်ချိန် ၃ သိန်းကျော်ထွက်ရှိပါကြောင်း၊ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာ ထဲမှ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန်နှစ်သောင်းကျော်ခန့်ရှိပြီး ပြည်ပကိုတန်ချိန် ၃ သိန်းခန့်တင်ပို့လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရော်ဘာတန်ချိန် ၄ သိန်းခန့် တင်ပို့နိုင်ရေးလျာထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း။
ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုအနေဖြင့် ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၅၀ ကြား တွင်ရရှိခဲ့သည့်အတွက် ရော်ဘာသီးနှံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါ သည့် စက်မှုသီးနှံတစ်ခုဖြစ်သည်ဟု ပြောကြားလိုပါကြောင်း၊ ပြည်ပပို့ကုန် တိုးမြှင့်တင် ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန် အမယ်များတွင် ရော်ဘာလုပ်ငန်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရော်ဘာစတင်စိုက်ပျိုး ထုတ်လုပ်သည်မှစ၍ မှိုင်းခံရော်ဘာပြားများ ထုတ်လုပ်ခြင်း၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများမှ ကုန်ချောများထုတ်လုပ်ခြင်း စသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်မှုများရှိရန်လိုအပ်ပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့် ရော်ဘာစိုက်ပျိုးမှုသမိုင်းကြောင်း ရှိခဲ့သော် လည်း လက်ရှိအခြေအနေတွင် ရော်ဘာအထွက်နှုန်းနှင့် အရည်အသွေးသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်တိုးတက်မှု အပိုင်းတွင် အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အခြားသောနိုင်ငံများ နည်းတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးကို မဟာဗျူဟာအစီအစဉ်များရေးဆွဲပြီး ကာလတို၊ ကာလရှည်စီမံ ကိန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ MSME နှင့်အကျုံး ဝင်သည့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အားပေးကူညီရမည်ဖြစ် ကြောင်း၊ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ရော်ဘာစိုက်ပျိုးရေးသည်အဓိကကျ ကြောင်း၊ ရော်ဘာစတင်စိုက်ပျိုးသည်မှ အစေးထွက်ရှိသည့်အချိန်အထိ အချိန်ကာလ အားဖြင့် ၇ နှစ်ခန့် အချိန်ယူရကြောင်း၊ ကြိုတင်ပြင်ဆင်မှုကောင်းမှသာ ရော်ဘာ ကဏ္ဍ တိုးတက်စေမည်ဖြစ်ကြောင်း၊ မြန်မာစကားပုံကဲ့သို့ “အစကောင်းမှ အနှောင်းသေချာ” မည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုကြောင်း။
မြန်မာနိုင်ငံ၏ လက်ရှိရော်ဘာထွက်နှုန်းသည်တစ်ဧကပျမ်းမျှပေါင် ၇၀၀ ခန့်သာ ထွက်သည်ဟုသိရှိရပါကြောင်း၊ အထွက်နှုန်းလျော့နည်းခြင်းသည် ယခင်စိုက်ပျိုးထား သည့် အထွက်နှုန်းနည်းသည့်မျိုးဟောင်းများကြောင့် ဖြစ်သည့်အတွက် ပင်အို ပင်ဟောင်းများကို အစားထိုးစိုက်ပျိုးရန် လိုအပ်သည်ကိုတွေ့ရပါကြောင်း၊ ဒေသ အလိုက် ထောက်ခံထားသည့် မျိုးများအနက် တစ်ဧကလျှင် ပေါင် ၁၃၅၀ ခန့် ထွက်ရှိ နိုင်သည့် မျိုးကောင်းမျိုးသန့်စိုက်ပျိုးပြီးစီးမှုသည် စိုက်ဧကအားလုံး၏ ၂၆ ဒသမ ၈၃ ရာခိုင်နှုန်းခန့်သာ ရှိသေးသည့်အတွက် နောင်စိုက်ခင်းသစ်များ ဆက်လက်ထူထောင် ရာတွင် အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် ဖူးဆက်ပျိုးပင်များသုံးစွဲစိုက်ပျိုး ရေးကို အလေးပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စီးပွားရေးအရ တွက်ခြေကိုက်မှု အပေါ်ချိန်ဆပြီး ရော်ဘာမျိုးကောင်းများပြောင်းလဲစိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်ရန်သင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရေး အတွက် သင့်တော်သည့်ရာသီဥတုနှင့် မြေနေရာများစွာရှိသည့်အတွက် ရော်ဘာတိုးချဲ့ စိုက်ပျိုးရေးကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း မိမိတို့ရေမြေ သဘာဝနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ရော်ဘာအထွက်ကောင်းမျိုးများ မွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်သည့်သုတေသနများကို နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာနက စဉ်ဆက်မပြတ်သုတေသနပြု ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
ရော်ဘာတစ်ဧက အထွက်နှုန်းတိုးတက်ရုံတင်မက အရည်အသွေးကောင်းမွန်စေရေးအတွက်လည်း ရော်ဘာအစေးခဲလုပ်ငန်းစဉ်၌ မှန်ကန်သည့် နည်းစနစ်ကျင့်သုံး ရေး၊ မှန်ကန်သည့် ဓာတုပစ္စည်းများသုံးစွဲရေး ပညာပေးခြင်း၊ အရည်အသွေး အာမခံ ချက်ရှိသည့် ရော်ဘာများထုတ်လုပ်နိုင်ရေး ရော်ဘာတောင်သူအစုအဖွဲ့များ စုဖွဲ့ လုပ်ဆောင်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ အသင်းအဖွဲ့များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာ့ရော်ဘာ၏ အရည်အသွေးနှင့် အဆင့်အတန်းအာမခံချက်ရှိမှသာလျှင် ဈေးကွက် ရရှိနိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ရော်ဘာစိုက်တောင်သူများ အားလုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်း သုံးစွဲမှု ဖူလုံအောင်ဆောင်ရွက်ရေး၊ ပိုလျှံသည့်ရော်ဘာများကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးအတွက် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး ရေးဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ရန် အခြေခံကောင်း များရှိသော်လည်း ထုတ်လုပ်မှုကဏ္ဍကို အားပေးမှုမရှိခဲ့ခြင်း၊ ဈေးကွက် ယှဉ်ပြိုင်နိုင် စွမ်းမရှိခြင်း စသည်များကြောင့် ပြည်ပမှရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများ တင်သွင်းနေရခြင်းရှိနေပါကြောင်း၊ ဥပမာအားဖြင့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆၅ သန်းဖိုးခန့် တင်သွင်း နေရပါကြေင်း၊ ပြည်တွင်း၌ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရော်ဘာဈေးကွက်ရရှိခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိစေမည်ဖြစ်သည့့်အတွက် စက်ဘီးနှင့်မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်ရန် အလေးအနက်ထား တိုက်တွန်းရခြင်း ဖြစ်ပါကြောင်း။
ယခုကျင်းပသည့် ရော်ဘာဖိုရမ်သည် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် ရော်ဘာ ဖိုရမ်မှရရှိခဲ့သည့် ဆွေးနွေးမှုရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြမည်ဟုသိရပါကြောင်း၊ ထို့ပြင်ဌာနအသီးသီး မှတာဝန်ရှိသူများ၊ ဘာသာရပ်ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အကြံဉာဏ်များ၊ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဆွေးနွေးမှုရလဒ်များထဲမှ နိုင်ငံတော်ကဖြည့်ဆည်းပေးရမည့်မူဝါဒ၊လမ်းညွှန်ချက်များ၊ ဝန်ကြီးဌာနကဆောင်ရွက် ပေးရမည့်လိုအပ်ချက်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက တာဝန်ယူရမည့်ကဏ္ဍများ၊ ရော်ဘာစိုက်တောင်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းများကို ဖော်ထုတ်ပြီး တာဝန်ခွဲဝေကာ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း။
ယနေ့ကျင်းပသည့် “မြန်မာရော်ဘာဖိုရမ်–၂၀၂၃” အောင်မြင်စွာကျင်းပနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း ကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုရော်ဘာဖိုရမ်၌ပင် ဆွေးနွေးရုံနှင့် မပြီးဘဲ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များ၊ ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာစိုက်တောင်သူများစသည့် သက်ဆိုင်သူများ အားလုံး အတူတကွပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က “မြန်မာရော်ဘာဖိုရမ် – ၂၀၂၃” ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ Video Clip ကို ပြသ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ ရော်ဘာစိုက် တောင်သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် စိုက်ပျိုးရေးဦးစီးဌာန မြန်မာ့ရော်ဘာ စိုက်ပျိုးမှုဆိုင်ရာပြခန်းများ၊ရော်ဘာစိုက်ပျိုးရေးခြံသုံး စက်ပစ္စည်းပြခန်းများ၊ ပြည်တွင်း မှထုတ်လုပ်ထားရှိသည့် ကားတာယာများ၊ စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာ များ၊ ကျွတ်များနှင့် ရော်ဘာထုတ်ကုန်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုခဲ့ပါသည်။