ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် မတ် – ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် ၂၀၂၂ ခုနှစ် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူကြမည့် ဆရာတော်ကြီးများ၊ ဒေသခံဩဝါဒါစရိယ ဆရာတော် ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များတက်ရောက် ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြ ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရတနတ္တယ ပူဇာဂါထာတော်နှင့် မေတ္တာ ပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများပူဇော်ကြသည်။


ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန္နက်တော်စိုက်ထူပူဇော်သည့် ရှေးထုံးစဉ်လာကျမ်းဂန်တော်လာ အစဉ်အလာမြတ်များနှင့်အညီ ကျောက်စာရုံစေတီ ဗဟိုပန္နက်တော်ဋ္ဌာနတွင် နေရာယူကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကျောက်စာရုံစေတီ ဗဟိုပန္နက်တော်ဋ္ဌာနတွင် ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ် နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
၎င်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး နှင့် ဦးရွှေကြိမ်း တို့က ကျောက်စာရုံစေတီပန္နက်တော်ဋ္ဌာနရှိ သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူပြီး ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ကြသည်။

ဆက်လက်ပြီး သာသနာ့ဗိမာန်တော်ရတနာပန္နက်တော်ဌာနတွင် အသီးသီး နေရာယူကြပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော် သည်။ ထို့နောက် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့က သာသနာ့ ဗိမာန်တော် ပန္နက်တော်ဋ္ဌာနရှိသတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူပြီး ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
အဆိုပါ ကျောက်စာရုံစေတီများတည်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး ဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာ တင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် ကျောက်စာရုံ သည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိမည်ဖြစ်ပြီး အခြား ကျောက်စာရုံ များအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ကြောင်း၊ ယခု ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာ များကို ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ် ကပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ရာတွင် ကျောက်စာတိုက်များ အတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကိုပါ တစ်ပါတည်း ကြည်ညိုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး စိစစ်ဆောင်ရွက်ရာတွင် ပိဋကတ် သုံးပုံပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်းနှင့် သာသနာ့ ဗိမာန်တော်ကြီးကိုလည်း မြန်မာမှု လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်သွားမည်ဖြစ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။