နေပြည်တော် – မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက် ဝိဇ္ဇောတာရုံစာသင် တိုက်၏ ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ ဓမ္မသေနာပတိ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဝိဇ္ဇောတ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၃) နှစ်၊ သိက္ခာတော်(၇၃)ဝါအရ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော်(၄) ရက်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလပ်တော်မြတ်အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြလှ၊ ကောင်စီဝင်ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲ ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိ သူ တစ်ဦးကလက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလပ်တော်မြတ်အား ဖူးမြော်ကြည်ညိုပြီး အန္တိမအဂ္ဂိဈာပနပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ကို လိုအပ် သည်များ မေးမြန်း၍လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် အမျှပေးဝေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သံဝေဂ မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးသည် ၁၂၉၁ ခုနှစ် တပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် စာစဉ်ရပ်ကွက်၌ ခမည်းတော် ဦးနု၊ မယ်တော် ဒေါ်ထွားတို့မှ ဖွားမြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာတော် လောင်းလျာသည် ၁၃၀၄ ခုနှစ်တွင် မုဒုံမြို့ ကျောက်ဝိုင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇဝန ကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၁ ခုနှစ်တွင် ဗဟန်းမြို့နယ် ကံသာကျောင်းသစ်ကျောင်း သီလဝိသော ဓနီ သိမ်တော်၌ ရန်ကုန်မြို့ ဦးဖေသိန်း၊ ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့် မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာတော်ဘုရားကြီး သည် ပရိယတ္တိစာပေများကို ကြိုးစားအားထုတ်လေ့လာသင်ယူတော်မူခဲ့ပြီး သာသနဓဇ သိရီပဝရဓမ္မာစရိယ သိရောမဏိနှင့် Dip.BD ဘွဲ့တို့ကို ရရှိတော်မူခဲ့ကြောင်း၊ မရမ်းကုန်း မြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက်၌ စာသင်သား ရဟန်း၊ သာမဏေများအား စာပေ ကျမ်းဂန်များ သင်ကြားပို့ချတော်မူခဲ့ခြင်း၊ ရေးသားပြုစုတော်မူခဲ့ခြင်း၊ သာသနိက အဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခဲ့ခြင်းနှင့် သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်၊ စွယ်တော်မြတ် စေတီတော်ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယဆရာတော် အဖြစ်လည်းကောင်း၊ သံဃာအဖွဲ့ အစည်းအဆင့်ဆင့်တွင် မြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်)ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ် လည်းကောင်း၊ ပန္နရသမ ရွှေကျင်သာသနာပိုင်အဖြစ် လည်းကောင်း၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်အဖြစ်လည်းကောင်း သာသနာ့ တာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း၊ ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန် သော ဝီရိယဖြင့်သယ်ပိုးဆောင်ရွက်တော်မူခဲ့သောကြောင့် နိုင်ငံတော်အစိုးရက ၁၃၇၉ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ ၁၃၈၂ ခုနှစ် တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၃) သိက္ခာတော် (၇၃)ဝါအရ ၁၃၈၃ ခုနှစ် တပေါင်းလပြည့်ကျော်(၄) ရက် ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်းနှင့် မတ် ၂၂ ရက် အင်္ဂါနေ့ မွန်းလွဲ ၁ နာရီတွင် ကိုဗစ်-၁၉ စည်း မျဉ်းများနှင့်အညီ အန္တိမအဂ္ဂိ ဈာပန ပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။