နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ – ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အထူးဖိတ်ကြားထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဥပဒေဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်မှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာ၌ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် နောက်ဆုံးအချက် ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဆိုသည့်အတိုင်း မိမိတို့ဘက်မှ ကြိုတင်ဆောင်ရွက်ရန်လိုအပ် ချက်များကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်ရှိသော်လည်း ၈၈ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ထိုအထဲမှ ၁၉ ပါတီသာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခြင်းခံရကြောင်း၊ ၂ ဦးမှာ တစ်သီးပုဂ္ဂလအနေဖြင့် အနိုင်ရရှိခြင်းဖြစ် ကြောင်း၊ ၎င်းအခြေအနေကိုသုံးသပ်ကြည့်ပါက မိမိတို့နိုင်ငံ၌ နိုင်ငံရေးပါတီများပြား နေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကို တွေ့နိုင် ကြောင်း၊ ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများ ကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်လိုကြောင်း၊ ပြည်သူတို့၏ စုပေါင်း စွမ်းအားဖြင့် နိုင်ငံကိုဦးဆောင်ရန်လိုကြောင်း။
မိမိတို့နိုင်ငံ၌ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဗဟိုဦးစီးစနစ်၊ တစ်ပါတီစနစ်ဖြင့် သွားခဲ့ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် ၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲ ဆောင်ရွက်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ်အမြန်ဖြစ်ထွန်းနိုင်ရေးနိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ကို လျှော့ပေါ့ ပေးသကဲ့သို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက် တွင်လည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဒီမိုကရေစီအတွေ့အကြုံကို ပိုမိုရရှိစေရန် အတွက်ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်ပတ်သက်၍ လျှော့ပေါ့ဆောင်ရွက်ခဲ့ ကြောင်း။

ယခင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွေ့အကြုံ များအရ ပါတီများပြားသော်လည်း လွှတ်တော်၌ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည် ကို တွေ့ရကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များအစုအဖွဲ့တစ်ခုအနေဖြင့် သာလုပ်ဆောင်နိုင်သည်ကိုတွေ့ရကြောင်း၊ အဆိုပါအစုအဖွဲ့မှာ ငယ်နေမည်ဆိုပါက ဧရိယာအားဖြင့်၊ အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှုမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပါတီများအားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာနှင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက် ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်တွင် ပါရှိသည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေကို အတည်ပြုနိုင်ရန်အတွက် သုံးသပ်ဆွေးနွေး အကြံပြုကြစေလိုကြောင်း ဖြင့်ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်နှင့် ပတ်သက်၍ အကြံပြုတင်ပြဆွေးနွေး

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီများမှတ်ပုံတင် ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် တက်ရောက်လာကြသူများက နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင်ရန်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သောအခြေအနေရှိသည် ဖြစ်စေ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည် များကိုကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အကြား အလပ်မရှိမဲပေးနိုင်ရန်လိုကြောင်း၊ ဆွေးနွေးပြီးသည့် EAO အဖွဲ့များနှင့်လည်း ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှုရရှိပြီးဖြစ်၍ နိုင်ငံ အဝှမ်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများ ရှိနေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်းအရေးကြီး ကြောင်း၊ ထို့ကြောင့် လိုအပ်သည်များထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ပါတီများကိုမှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများမဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ရုံးများကိုအပြည့်အစုံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းများမှန်ကန်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးရှိစာရင်းဇယားများ မှန်ကန် စွာရရှိမှသာ မဲစာရင်းများမှန်ကန်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူများ အားလုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန်လို ကြောင်း၊ သမာသမတ်ရှိသည့်ရွေးကောက်ပွဲ၊ စနစ်ကျသည့်ရွေးကောက်ပွဲဖြစ်ရန်လို ကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။