(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ နေရာရရှိခဲ့ဆုတံဆိပ်ရပြိုင်ပွဲဝင်အားကစားသမားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုဆုငွေများချီးမြှင့်

နေပြည်တော် ၊ ဩဂုတ် – ၂၀

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော် က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ အားကစားဆိုသည့် ဝေါဟာရကို နိုင်ငံတကာအဘိဓာန်များက ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှု ပုံစံအားလုံးကိုအားကစား” ဟုသတ်မှတ်သကဲ့သို့ အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုအားလုံးကိုလည်း အားကစား” ဟု အဓိပ္ပာယ် ဖွင့်ဆိုကြပါကြောင်း။

အားကစား၏ အဓိက ရည်မှန်းချက်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါအားကစားတွင် တစ်ဦးချင်း ယှဉ်ပြိုင်ရသောပြိုင်ပွဲ မှ လူပေါင်းရာထောင်ချီ ပါဝင်သောပြိုင်ပွဲများ၊ ကျေးလက်အဆင့် ပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသော အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ တစ်ချိန် တည်းတွင် အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေပြီး အားကစားပြိုင်ပွဲများကိုလည်း လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားလာနေကြပြီ ဖြစ်ပါကြောင်း။

အားကစားသည် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်သဖြင့် ကျန်းမာရေးသက်သက်၊ အားကစားသက်သက် အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်လာခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်၏အဆင့်နှင့်အညီ အားကစားလှုပ်ရှားမှုများ၊ အားကစား ပြိုင်ပွဲများကို အမျိုးသားအားကစားပြိုင်ပွဲအဖြစ် တစ်နိုင်ငံလုံးပါဝင်သည့် အားကစားပြိုင်ပွဲကြီးများမှ နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်လာကြခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးပါသော အဓိကလုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့ပြီဖြစ်ကြောင်း။

ယခင်က အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEAP Games) မှသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)၊ အာရှအားကစားပြိုင်ပွဲ (ASIAN Games)၊ အိုလံပစ်အားကစားပြိုင်ပွဲ (Olympic Games) များကိုသာ ကျင်းပ ခဲ့ကြပါကြောင်း။

သို့သော် ယနေ့ကမ္ဘာကြီးတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့နေရ သည့်အတွက် ထိခိုက်ဒဏ်ရာရသူများ၊ လူ့အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် သေဆုံးသူ တစ်ဦးရှိတိုင်း ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိလျက် ရှိသည့်အပြင် မွေးဖွားလာကတည်းက ဆွံ့အ၊ နားမကြား၊ ခြေလက်အင်္ဂါမပြည့်စုံခြင်းနှင့် ဉာဏ်ရည်မပြည့်မီသူများလည်း ရှိနေ ပါကြောင်း၊ ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်းဖြစ်မှု ရာခိုင်နှုန်းသည်လည်း ကမ္ဘာ့လူဦးရေ၏ ၁၅  ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာသည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်သည့် စာရင်းများအရသိရှိရပါကြောင်း၊ လူဦးရေသန်းပေါင်း ၁၀၀၀ ကျော်ခန့် ပမာဏရှိသော မသန်စွမ်းသူ အရေအတွက်သည်လည်း အထူးဂရုပြုရမည့် ပမာဏဖြစ်လာသည့်အတွက် မသန်စွမ်းသူများ၏အရေး၊ မသန်စွမ်းသူများ၏ အခွင့်အ ရေးများကို ပိုမိုအလေးထားရန် လိုအပ်လာပါကြောင်း။

မသန်စွမ်းသူများသည်လည်း လူသားများပင်ဖြစ်သည့်အတွက် မသန်စွမ်းသူ များ၏ ကျန်းမာသန်စွမ်းရန်၊ စိတ်ဓာတ်ကြံ့ခိုင်ရန်လည်း လိုအပ်လာပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူတစ်ဦးချင်းစီ၏ စိတ်ဓာတ်ခွန်အား မြင့်မားစေရန်နှင့် ဝါသနာပါရာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်စေနိုင်ရေးအတွက် မသန်စွမ်းသူ များ၏ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုကိုရော စိတ်ဓာတ်ကိုပါ မြင့်မားလာစေရန် မိမိတို့ဝါသနာပါရာ အားကစားနည်းများ လုပ်ဆောင်နိုင်ရေး အားပေးမြှင့်တင်ပေး လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကွင်းဆင်း ဆောင်ရွက်ခဲ့ သော မသန်စွမ်းမှုလေးမျိုး အခြေခံစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သော ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများ ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအနေဖြင့် လည်း မြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ဘဝ စိုပြည်လှပအောင် ပြန်လည် ထူထောင် ရေး၊ လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့် သန်စွမ်းသူများနည်းတူ တန်းတူညီမျှ အခွင့်အရေး များရရှိရေးကိုရှေးရှုသည့် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်း အားကစားသမားများ အားကစားလေ့ကျင့်နိုင်ရန် ရည်ရွယ်၍ မသန်စွမ်းသူများ အားကစားလေ့ကျင့်ရေးစခန်းကိုလည်း တည်ဆောက်ပံ့ပိုးပေးကာ စခန်းသွင်းလေ့ကျင့် ပေးလျက်ရှိပါကြောင်း။

ယနေ့ခေတ်တွင် မသန်စွမ်းသူများ၏အရေးသည် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အထူးအာရုံစိုက် အလေးထားရသည့် အရေးကိစ္စတစ်ရပ် ဖြစ်လာ ခဲ့ပါကြောင်း၊ ယခင်အချိန်အခါများက မသန်စွမ်းသူများအပေါ်ထားရှိခဲ့သည့် မသိနား မလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့် ကြောက်ရွံ့စိုးရိမ်ခြင်းများ စသည့် မသင့် လျော်သည့်ခံယူချက်၊ အယူအဆဟောင်းများကို ဖယ်ခွာပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရား ၄ ပါးကို လက်ကိုင်ထားကြသည့် မြန်မာလူမျိုးများ ဖြစ်သည့်အလျောက် မိမိတို့လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း အသိုက်အဝန်း တစ်ခုတည်းဖြစ်သည့် မသန်စွမ်းသူများနှင့် ပတ်သက်သော အရေးကိစ္စများကို မိမိတို့ တစ်ဦးချင်းစီနှင့်သက်ဆိုင်သည့် ကိစ္စရပ်၊ မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ်ရပ်အဖြစ် လက်ခံဆောင်ရွက် ပေးကြရမည်လည်း ဖြစ်ပါ ကြောင်း။

ထို့ကြောင့် အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေးနှင့် ဒေသတွင်းချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေးအတွက် အာဆီယံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ASEAN Para Sports Federation (APSF) ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်၍ ၂ နှစ် တစ်ကြိမ် ကျင်းပလျက်ရှိသည့် မသန်စွမ်းသူများ အားကစားပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမားဦးရေ အနည်းငယ်သာ ဖြစ်သော်လည်း ပြိုင်ပွဲဝင်အားကစား အမျိုးအစားတိုင်းတွင် ဆုတံဆိပ်များ များစွာ ဆွတ်ခူးပေးနိုင်ခဲ့ကြသည်ကို မှတ်တမ်းမှတ်ရာများက သက်သေခံလျက်ရှိနေပါကြောင်း။

မသန်စွမ်းသူများ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်း များကို ပြန်လည်ကြည့်ရှုသည့်အခါ ၂၀၀၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ပထမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား ၃၁ ဦးရှိပြီး ရွှေ ၄၃ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၇၇ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် ၃ ၊ ၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား ၂၆ ဦးရှိပြီး ရွှေတံဆိပ် ၂၄ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၄၇ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် ၄ ၊ ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် တတိယအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား ၂၂ ဦးရှိပြီး ရွှေတံဆိပ် ၂၉ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၄၆ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှုအဆင့် ၅ ၊ ၂၀၀၈ ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပသော စတုတ္ထ အကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစား သမား ၂၅ ဦးရှိပြီး ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၅၁ ခုနှင့် နိုင်ငံ အလိုက်ရပ်တည်မှု အဆင့် ၆ ၊ ၂၀၀၉ ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ပဉ္စမ အကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်သူ အားကစား သမား ၂၅ ဦးရှိပြီး ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၄၀ ခုနှင့် နိုင်ငံ အလိုက်ရပ်တည်မှု အဆင့် ၆ ၊ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား ၃၆ ဦးရှိပြီး ရွှေတံဆိပ် ၁၁ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၃၄ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် ၆ ၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင်၊ ကျင်းပပြုလုပ်ခဲ့သည့် သတ္တမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၂၁၅ ဦးရှိပြီး ရွှေတံဆိပ် ၃၄ ခု အပါအဝင် ဆုတံဆိပ် ၉၆ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် ၅ ၊ ၂၀၁၅ ခုနှစ် စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အဋ္ဌမအကြိမ် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၁၀၂ ဦးရှိပြီး ရွှေတံဆိပ် ၁၆ ခု အပါအဝင် ဆုတံဆိပ် ၆၂ ခုနှင့် နိုင်ငံအလိုက် ရပ်တည်မှုအဆင့် ၆ ၊ ၂၀၁၇ ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် နဝမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၁၂၀ ဦးရှိပြီး ရွှေတံဆိပ် ၁၁ ခု အပါအဝင် ဆုတံဆိပ် ၄၃ ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှုအဆင့် ၆ စသည်ဖြင့် အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရပြီး ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၁၀ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့သည်ကိုတွေ့ရှိရပါကြောင်း။

အဆိုပါမှတ်တမ်းများအရ မြန်မာနိုင်ငံမှ မသန်စွမ်းသူ အားကစားသမားများ သည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ ကြသူများ ဖြစ်ခဲ့ကြသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း။

ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၇ နည်း၊ အားကစားသမား ၆၉ ဦး၊ ဖိတ်ကြားခံ၊ အုပ်ချုပ်သူ/ နည်းပြ ၄၀ ဦး၊ ဒိုင်လူကြီး ၄ ဦး အပါအဝင် စုစုပေါင်း ၁၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၃ ခုရရှိပြီးပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ နေရာရရှိခဲ့ ပါကြောင်း။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း ၇ နည်းအနက် ပြေးခုန်ပစ်၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ် ၁၄ ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ အားကစား နည်းမှ ငွေတံဆိပ် ၁၂ ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ မြားပစ်၊ ဘောလုံးအားကစား နည်းများမှာ ကြေးတံဆိပ် ၁၇ ခုရရှိခဲ့ပါကြောင်း။

ငွေတံဆိပ်ရရှိခဲ့သည့် အားကစားနည်းများသည်လည်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲ သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရွှေတံဆိပ်မရရှိခဲ့ကြသော်လည်း နိုင်ငံအတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်ကိုလည်း တွေ့ရှိခဲ့ရပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှု ဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံအောင် စွမ်းဆောင် ကြိုးပမ်းခဲ့ကြသူများအား ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်တစ်ခုကို ရယူပေးနိုင်ခဲ့သည့် မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို မှတ်တမ်းတင် ဂုဏ်ပြုကြ ရမည်ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့် မသန်စွမ်းသူအားကစားသမားများ အားလုံးကလည်း အားကစား စည်းမျဉ်း၊ စည်းကမ်း ဥပဒေဘောင်များအတွင်းမှ အားကစားစိတ်ဓာတ်အပြည့်နှင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ကြောင်း လည်း ထပ်လောင်း ပြောကြားလိုပါကြောင်း။

နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်နေမှုများကို အသိအမှတ်ပြုသောအားဖြင့် ပြိုင်ပွဲမသွားမီ ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးကို ငွေကျပ် ၂ သိန်းစီနှင့် အမေရိကန် ဒေါ်လာ ၂၀၀ နှုန်း၊ အုပ်ချုပ်/နည်းပြတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နှုန်းစီ ချီးမြှင့်ထောက်ပံ့ပေးခဲ့ သကဲ့သို့ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို အမေရိကန်ဒေါ်လာ ၁၀၀၀ ၊ ငွေတံဆိပ် ရရှိခဲ့ကြသူများကို အမေရိကန်ဒေါ်လာ ၇၀၀ ၊ ကြေးတံဆိပ် ရရှိခဲ့ကြသူများကို အမေရိကန် ဒေါ်လာ ၅၀၀ ၊ အသင်းလိုက် ငွေတံဆိပ်ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅၀၀ နှုန်း နှင့်အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့သူများကိုတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ နှုန်း ချီးမြှင့်ပေးခဲ့ပါကြောင်း။

အလားတူ ယခုဂုဏ်ပြုပွဲတွင်လည်း ပြိုင်ပွဲမသွားမီ ကြိုတင်အသိပေး ကြေညာ ထားသည့်အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၂၀၀ ၊ ကြေးတံဆိပ် ရရှိသူများကို ငွေကျပ် သိန်း ၁၀၀ စီ ကိုလည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အသင်းသား တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့သည့် အသင်းသား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းစီကိုလည်းကောင်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက် ခဲ့သည့် နည်းပြများကိုမိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ အောင်စွမ်းဆောင် နိုင်ခဲ့သူ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ စီကိုလည်းကောင်း၊ အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့ပါကငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၁၀၀၆၀ ကို ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပေးအပ်ချီးမြှင့်ခြင်းအတွက် သက်ဆိုင်ရာသူများ အားလုံးအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီပေးသော လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ၏ အားပေးချီးမြှောက်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် ဆုတံဆိပ်ရ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများကလည်း မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်း အားထုတ်လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်များ နှင့် ပေါင်းစပ်ပြီး နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခုထက် ပိုမိုအောင် နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန်၊ အထူးသဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဇွန် ၃  ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကြီးတွင် ဆုတံဆိပ်သာမက နိုင်ငံအလိုက် အဆင့်ပါ အောင်မြင်မှုရရှိရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ဆက်လက်အားထုတ် ကြိုးပမ်းသွား ကြပါဟု အလေးအနက်ထား တိုက်တွန်းမှာကြားပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ပြေးခုန်ပစ် အားကစားနည်းမှ မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုနှင့် အသင်းလိုက်မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ် စိုးပေ ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ သံပြားပစ်နှင့် သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုနှင့် လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်  ၁ ခု ရရှိခဲ့သည့် အားကစားသမား မထက်ထက်အေးကိုလည်းကောင်း၊ ရေကူး အားကစားနည်းမှ မီတာ ၂၀၀ အလွတ်ကူးနှင့် မီတာ ၁၀၀ ပတ်လည်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုနှင့် မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်အောင်မြင့်မြတ် ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစား နည်းမှ သံလုံးပစ်နှင့် သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မောင်အောင်ဘုန်းမြတ် ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင်ရွှေတံဆိပ် ၁ ခု၊ အသင်းလိုက် မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေး ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား အရာခံဗိုလ် ကျော်ကျော်ဝင်း ကိုလည်းကောင်း၊  ပြေးခုန် ပစ်အားကစားနည်းမှ သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် သံပြားပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ် ဇော်မင်းလွင် ကိုလည်း ကောင်း၊ ရေကူးအားကစားနည်းမှ မီတာ ၁၀၀ ရင်ဘောင်တန်းကူးပြိုင်ပွဲနှင့် မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် အားကစား သမား မောင်အောင်ဖုန်း ကိုလည်းကောင်း၊ ရေကူးအားကစားနည်းမှ မီတာ ၅၀ ပတ်လည် ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် မီတာ  ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်ကျော်ထူး ကိုလည်းကောင်း၊  ပြေးခုန်ပစ် အားကစားနည်းမှ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် သံလုံးပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုရရှိခဲ့သည့် အားကစားသမား တပ်ကြပ်တင်ညိုကိုလည်းကောင်း၊ ရေကူးအားကစားနည်းမှ မီတာ ၁၀၀ ရင်ဘောင်တန်းကူး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်နန္ဒာစိုးမင်းကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲ နှင့် အလျားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မလော်လာဝင်း ကိုလည်းကောင်း၊ အလေးမအားကစားနည်းမှ ၈၆ ကီလိုတန်းပြိုင်ပွဲနှင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်မှုတွင် ငွေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မငြိမ်းစန္ဒာအောင် ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ လှံတံပစ်နှင့် သံပြားပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ် အောင်ထွန်းလင်းကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ လှံတံပစ် ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမြင့်ခုန်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် ဒုတပ်ကြပ် စိုးသန်း ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မနန္ဒာလင်း ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jang Phange နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ် တို့က ငွေတံဆိပ်၊ ကြေးတံဆိပ် ရရှိကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြ များကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ အားကစားသမားများ ကိုယ်စား ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် ၂ ခုနှင့်ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစား သမား ဒုတပ်ကြပ် စိုးပေ က ကျေးဇူးတင်ပြန်လည်စကားပြောကြားရာ၌ ယခုပြိုင်ပွဲတွင် အောင်မြင်မှုများဆွတ်ခူးနိုင်စေရန် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ/ နည်းပြများ၏ သွန်သင်ဆုံးမမှုများဖြင့် လေ့ကျင့်မှုများ ကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါကြောင်း၊ အဆိုပါရလဒ်များကြောင့် အခြားသောနိုင်ငံ များမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အသင်းများကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်ပေးသည့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို ဆုရရှိသည့် အားကစားသမားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ နောင်နှစ်များတွင်လည်း ကျင်းပမည့် မသန်စွမ်းအားကစား ပြိုင်ပွဲများတွင် မိမိတို့၏မသန်စွမ်းများ သည် “မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်နိုင်မှုသာ အဓိက” ဆိုသည့် အချက်ကို သက်သေပြရင်း နိုင်ငံ့ကိုယ်စားပြုပြီး ယခုထက်ဆုတံဆိပ်များ ပိုမိုဆွတ်ခူးရရှိနိုင်အောင် ကြိုးစားယှဉ်ပြိုင် သွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။