စုစည်းညီညွတ်သည့် အားကို တည်ဆောက်၍ ဒေသနှင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ကြရမည်

နေပြည်တော်၊ ဒီဇင်ဘာ – ၁၄

        ဒေသခံတိုင်းရင်းသားများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် တပ်များဖြစ်သဖြင့် ဒေသ ခံများနှင့်တပ် စည်းလုံးညီညွတ်မှုရှိရမည်ဖြစ်ပြီး စုစုစည်းစည်းဖြင့် ညီညီညွတ်ညွတ်ရှိရ မည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့်အင်အားရှိမည်ဆိုပါက မည်သူမှမိမိတို့၏ တပ်ရင်းတပ်ဖွဲ့ကို ထိခိုက်အောင်ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ကြောင်း၊ အလားတူ ဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ အားလုံး အတူတကွစုစည်းညီညွတ်စွာနေထိုင်မည်ဆိုပါက ဒေသကို မည်သူမျှထိ၍ရ မည် မဟုတ်သဖြင့် စည်းလုံးခြင်း၏ အားကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပူတာအို တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီး များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများ၊  ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

စုစည်းညီညွတ်သည့် အားကို တည်ဆောက်

        ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ပူတာအိုဒေသသည် သွားရေး လာရေး ကန့်သတ်ချက်ရှိသည့်နေရာတစ်ခုဖြစ်ပြီး  ရာသီမရွေးသွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ပူတာအိုဒေသအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများအားလုံး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန် လိုကြောင်း၊ နယ်မြေခံတပ်ဖြစ်သဖြင့် တပ်မတော်သား များနှင့် မိသားစုဝင်များတွင် ဒေသခံတိုင်းရင်းသားများနှင့်တိုင်းရင်းသူများပါဝင် ကြောင်း။

        အမျိုးသမီးများသည် မိခင်စိတ်ရှိကြပြီး ၎င်း၏မိသားစုကိုကာကွယ်လိုသည့် စိတ် အခြေခံရှိပြီးဖြစ်ကြောင်း၊ အချို့သောဒေသများရှိတပ်ရင်းတပ်ဖွဲ့များသို့ လက်နက်ကိုင် အဖွဲ့များက အလစ်အငိုက် လာရောက်တိုက်ခိုက်ခဲ့ချိန်တွင် တပ်မတော်သားမိသားစုဝင် အမျိုးသမီးများအနေဖြင့် မိမိတို့၏သားသမီးများနှင့် မိမိတပ်ကို မထိခိုက်အောင် ကာကွယ်လိုသည့်စိတ်ဖြင့် လာရောက်တိုက်ခိုက်သူများကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်ခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မိခင်စိတ်နှင့် ဖခင်စိတ်ကို ပေါင်းစပ်လိုက်မည်ဆိုပါကမိသားစုတစ်ခုသည် စည်းလုံးညီညွတ်သည့်အားရှိသည့် မိသားစုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ပူတာအိုဒေသတွင်လည်း အဆိုပါ စိတ်ဓာတ် များရှိအောင် တည်ဆောက်သွားကြရန်လိုပြီး စုပေါင်းသည့်အားဖြင့် စည်းလုံးညီညွတ် စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

        ပူတာအိုဒေသသည် အေးမြသည့်ဒေသဖြစ်သဖြင့် ရာသီဥတုနှင့်ကိုက်ညီပြီး မိမိ တို့စားရေးကို အထောက်အကူပြုနိုင်သည့် စားပင်သီးနှံများကိုစိုက်ပျိုးရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် တတ်နိုင်သမျှ ဆောင်ရွက်နိုင်သည့် အခြေအနေရှိသောကြောင့် တပ်ဌာနချုပ်များတွင် တာဝန် ထမ်းဆောင်သူများအနေဖြင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်း အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်ဆောင်ရွက်မည်ဆိုပါက စားရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

စည်းကမ်းစနစ်တကျရှိပြီး စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိရမည်

        တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညွှန်ကြားချက်များရှိပြီး ဖြစ်ကြောင်း၊ စည်းကမ်းတကျရှိစေရန်နှင့် စည်းစနစ်ကျနစေရန်အတွက် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်းများနှင့်အညီ နေထိုင်ကျင့်ကြံနေထိုင်ရန်လိုအပ်သကဲ့သို့ ကိုယ်ပိုင်အချိန်များတွင်လည်း စည်းကမ်းရှိ စွာဖြင့် လွတ်လပ်စွာ နေထိုင်ရန်ခွင့်ပြုပေးထားကြောင်း၊ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ သတ်မှတ်ဝတ်စုံများဝတ်ဆင်ရာတွင် စနစ်တကျရှိရန်လိုအပ်သကဲ့သို့ အရပ်ဝတ် ဝတ်ဆင်ရာတွင်လည်း သေသပ်မှုရှိရန်လိုကြောင်း၊ စစ်စည်းကမ်း ကောင်း မွန်ပြီး အမိန့်နာခံမှုရှိခြင်းသည် စစ်သည်တစ်ဦးချင်း၏ဘဝအတွက် ကောင်းမွန်သည့် အလေ့အကျင့်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်းစဉ် များကို မှန်မှန်ကန်ကန်ဆောင်ရွက်၍ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ နေထိုင် လုပ်ကိုင်မည်ဆိုပါက လေ့ကျင့်သားပြည့်ဝပြီး အရည်အသွေးပြည့်ဝသည့် စစ်သည် များ ဖြစ်လာမည်ဖြစ် ကြောင်း။

        စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့ကိုင်ဆောင်နေရသည့် လက်နက်များ၊ အသုံး အဆောင်ပစ္စည်းများကို ကျွမ်းကျင်စွာအသုံးချနိုင်ရန်အတွက် အမြဲလေ့ကျင့်နေရန်လို ကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် လက်နက်များကိုကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိရောက် စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တာဝန်ထမ်းဆောင်ချိန်ကာလများတွင် သတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်မြေပြင်၌ အချိန်၊ ရာသီဥတု၊ မြေအနေအထား တို့အပေါ်တွင် မူတည်၍ အလစ်အငိုက်တိုက်ခိုက် ကြခြင်း ဖြစ်သဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက် ကြရန်လိုကြောင်း။

ပညာရေးအားပေးမြှင့်တင်

        စစ်သည်တစ်ဦးချင်း၏ သတ်မှတ်အချိန်အတွင်း ရာထူးတိုးတက်ရေးအတွက် သတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက် မှုများတွင်တာဝန်ကျေပွန်ခြင်း၊ စည်းကမ်းတကျရှိပြီး အမိန့်နာခံတတ်မှုရှိခြင်း တို့သည် မိမိတို့၏ အဆင့်တိုးမြှင့်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဘဝ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ရရှိထားသည့် ရာထူးအဆင့်နှင့် လျော်ညီထိုက်တန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊   သုတ၊ ရသများပြည့်စုံနေစေ ရန်အတွက် စာပေများကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ ထိုသို့ လေ့လာနိုင်ရန် အတွက် တပ်ရင်း၊ တပ်ဖွဲ့များအလိုက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးထားကြောင်း၊ စာပေဖတ်ရှုခြင်းသည် မိမိတို့ဘဝအတွက် များစွာ အထောက်အကူပြုနိုင်သဖြင့် အရာ ရှိ၊ စစ်သည်၊ မိသားစုများအားလုံး အမြဲမပြတ် ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ အလားတူ တပ်မတော်သားမိသားစုဝင်များ၏ သားသမီးများ ပညာရည်မြင့်မားရေး အတွက် တပ်မတော်မှ အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ကိုယ်တိုင်ကလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ပြင် ပူတာအိုဒေသသည် ဝေးလံခေါင်ဖျားပြီး ရာသီဥတုအေးမြသည့် ဒေသ ဖြစ်သဖြင့် ကျန်းမာရေးကို အလေးထားနေထိုင်ရန်လိုကြောင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ရန်နှင့် မိမိဘဝအတွက် အကျိုးမရှိသည့် အသောက်အစားနှင့် အပျော်အပါးများကို ဆင်ခြင် တုံတရားဖြင့် ထိန်းသိမ်းနေထိုင်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက်များကို မေးမြန်းသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။