နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွံတေးမြို့နယ်၊ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ – ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့က ရွှေမုယင်းဒေသအတွင်း ရန်ကုန်တိုင်းစစ်ဌာ နချုပ်နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် တို့မှ ငါး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် ငါးများကို တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ပြင်ပသို့ သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးနိုင်မှု၊ တိုင်းစစ်ဌာနချုပ် အစာစပ်စက်ရုံမှ ငါးစာ အပြင် အခြားသော မွေးမြူရေးအစာများ ထုတ်လုပ်နိုင်မှု၊ ငါးမွေးမြူရေး ဧရိယာအတွင်း မွေး မြူရေးလုပ်ငန်းများကို လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်လျက်ရှိမှု၊ ရွှေမုယင်း ဒေသ မှ ငါးထွက်ကုန်များကို ပိုမိုလျှင်မြန်ချောမွေ့စွာ ဈေးကွက်သို့ ဖြန့်ချိနိုင်ရေးအတွက် ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်လမ်း ကွန်ကရစ်လမ်းသစ်ဖောက်လုပ်ရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ သတ်မှတ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်စေခြင်းသည် တိုင်းဒေသကြီး၏ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဖူလုံမှုရှိစေရေးနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရွှေမုယင်းဒေသ အတွင်း ငါးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်စေခြင်းသည်လည်း တိုင်းဒေသကြီး အတွင်း ငါးလိုအပ်ချက်ပြည့်မီစေရေး ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် လူဦးရေ ၉ သန်းခန့်ရှိပြီး လူတစ်ဦးလျင် တစ်ရက် ငါးအသား ၅ ကျပ်သားခန့်စားသုံးမည်ဆိုလျင်ပင် လိုအပ်ချက်များစွာ ရှိနေမည်ဖြစ်ကြောင်း၊ နေ့စဉ် ငါး လိုအပ်ချက်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းနေရခြင်းထက် မိမိတို့ဒေသအတွင်း ပြည့်မီအောင် ထုတ်လုပ် နိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း ဈေးနှုန်း သက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငါးမွေး မြူရေးလုပ်ငန်းကို ထုတ်လုပ်မှုကုန်ကျစရိတ်နည်းစွာဖြင့် အရေအတွက် များများရရှိ အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာပါက ပြည်သူ လူထု အကျိုးရှိမည်ဖြစ်ပြီး အာဟာရပြည့်မီအောင်စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ငါးမွေး မြူရေးလုပ်ငန်းဆောင်ရွက်သည့် ဒေသ၏ အကျိုးကိုလည်း ဖြစ်ထွန်းစေရမည်ဖြစ် ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးမြေဧရိယာများကို အကျိုးရှိရှိ အသုံးချရန်လိုပြီး အထွက်နှုန်းတိုးစေရေးအတွက် အစာပြည့်ဝစွာကျွေးမွေးရန်၊ အကောင်ရေ ပြည့်မီစွာ ထည့်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငါးမျိုးများ မှန်ကန်စွာ ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြားလိုအပ် သည်များကို အစိုးရက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းတစ်ခုဖြစ်သည့် တိရိစ္ဆာန် အစာထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသ တွင်း ရရှိသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ အခြားလိုအပ်သည့် တိရိစ္ဆာန်ဆေးဝါးများရရှိရေးအတွက်လည်း ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဒေသတွင်းမှထွက်ရှိသည့် မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် သယ်ယူပို့ဆောင်ရေးသည် အရေးကြီးကြောင်း၊ ထုတ်ကုန်ကို ဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်သည်ဖြစ် သော်လည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းရှည်လျားခြင်း၊ ခက်ခဲခြင်းတို့ကြောင့် စရိတ်များ ကြီးမြင့်လာနိုင်သဖြင့် ကုန်ထုတ်လုပ်မှုလမ်းကြောင်းကို ဆောင်ရွက်ရာတွင် စနစ်တကျကွင်းဆင်းစစ်ဆေးပြီး တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အမှန်တကယ် အသုံးဝင်ပြီး ဒေသနှင့် ကုန်ထုတ်လုပ်မှုကို အကျိုးပြုသည့် လမ်းကြောင်းဖြစ်ရန် လိုကြောင်း၊ ထို့ပြင် ရွှေမုယင်းဒေသမှ ထွက်ရှိသည့် ငါးများကို ကနဦး ပထမအဆင့် သန့်စင်ပြီး အအေးခန်းပို့ဆောင်ရေးယာဉ်များ အသုံးပြု၍ ဈေးကွက်သို့ ဖြန့်ချိနိုင်ရေး ဆောင်ရွက်နိုင်ရန်လည်း လိုကြောင်း၊ စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းဖြစ်ရန်လိုပြီး ဒေသနှင့် ဒေသခံများကိုလည်း အကျိုးဖြစ်စေရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးမွေးမြူရေးကန်များအတွင်း ငါးမွေးမြူထားရှိမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး) သို့ရောက်ရှိကြပြီး အုပ်ချုပ်မှု တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
ဦးစွာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)၏ သမိုင်းအကျဉ်း၊ အဆောက်အဦများ ဆောက်လုပ်နေမှု၊ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ ထောက်ပံ့ပေးထားမှု၊ သင်တန်းပြီးဆုံးပါက တက္က သိုလ်၊ ကောလိပ်များသို့ ဆက်လက်တက် ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများတာဝန်ထမ်းဆောင်လျက်ရှိမှု၊ ကျောင်းသား၊ ကျောင်းသူ များ လေ့လာရေးခရီးများနှင့် ကျောင်းအားကစားပွဲများပြုလုပ်ပေးမှုနှင့် ကျောင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဖြည့်စွက်တင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် မြစ်ချောင်းအင်းအိုင်များပေါများပြီး ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ ပိုင်ဆိုင်ထားကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာများစွာရှိခြင်းကြောင့် ငါးမွေးမြူရေးနှင့် ပတ်သက်၍ သိပ္ပံ ကျောင်းဖွင့်နိုင်ရန်စီမံဆောင်ရွက်ခဲ့ကြောင်း၊ ငါးသည် စားရေးအတွက် များစွာ အထောက်အကူပြုစေနိုင်သည့်အတွက် ငါးလုံလောက်စွာရရှိရေး စနစ်တကျဖြင့် မွေးမြူနိုင်ရန်အတွက် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ရေချိုပုစွန်နှင့် ရေငန် ပုစွန်မွေးမြူလုပ်ငန်းများ တိုးတက်ရေးအတွက်လည်း သုတေသနပြုလုပ်ရန်လို ကြောင်း၊ ငါးနှင့် ပုစွန် မွေးမြူရေး အောင်မြင်ရန်အတွက် လူသားအရင်းအမြစ် ကောင်းများ များစွာလိုအပ်ပြီး ယခုကျောင်းမှတစ်ဆင့် ပညာရှင်များ ပေါ်ထွန်းလာ မည်ဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း၊ အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြား နိုင်ရန်အတွက် သိပ္ပံကျောင်းမှတစ်ဆင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့်စက်မှုသင်တန်းများကို လာမည့် ပညာသင် နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် နည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကျောင်းများမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့် မြင့် ပညာရပ်များဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း။
ပညာသင်ကြားမှုများအပေါ်မူတည်၍ ယခုမွေးမြူရေးသိပ္ပံကျောင်းကို ကောလိပ် အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်း သား၊ ကျောင်းသူများ အမှန်တကယ်တတ်မြောက်စေရေးအတွက် စနစ်တကျဖြင့် သင်ကြားလေ့ကျင့်မည်ဆိုပါက များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး သည့်အချိန်တွင်လည်း သင်ကြားခဲ့သည့် ဘာသာရပ်များနှင့်လျော်ညီသည့် လုပ်ငန်းများ ကို ဆောင်ရွက်စေလိုကြောင်း၊ လူမှန်၊ နေရာမှန်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြု မည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များကို စနစ်တကျအသုံးချပြီး မိမိတို့၏ လုပ်ငန်း ရပ်ဆိုင်ရာပညာများ ပိုမိုတိုးတက်အောင် လေ့လာဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာများတွင် အထောက်အကူရရှိစေရေးအတွက် အင်္ဂလိပ် ဘာသာရပ်ကို လေ့လာသင်ယူကြရန် လိုကြောင်း။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များကို သင်ကြားနေမှုနှင့် ပြည့်စုံမှုမရှိဘဲ ကိုယ်တိုင်လည်း လေ့လာဆောင်ရွက်နေရန်လိုကြောင်း၊ ကျန်းမာရေး ကိုအထောက်အကူပြု ရန်အတွက် အားလပ်ချိန်များတွင် ကိုယ်လက်လှုပ်ရှားအား ကစားမှုများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ မိမိကို အကျိုး မဖြစ် စေနိုင်သည့် အရက်သေစာသောက်စားမှုနှင့် ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါးများကို ရှောင်ရှားကြရန်လိုကြောင်း၊ ဘာသာတရားအဆုံးအမများအတိုင်း လိုက်နာပြီး မိမိ ကိုယ်ကိုမိမိ ထိန်းသိမ်းဆောင်ရွက်သွားမည်ဆိုပါက ယဉ်ကျေးလိမ္မာသည့် လူငယ်လေး များဖြစ်လာမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က လက်ခံရယူသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ငါးလုပ်ငန်းနည်းပညာရပ်ဆိုင်ရာများ တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နိုင်သည့် ငါးလုပ်ငန်းသိပ္ပံ ကျောင်းတစ်ကျောင်းအဖြစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပထမဦးဆုံး သိပ္ပံတစ်ခုဖြစ် ကြောင်း၊ ကျောင်းတွင် ပထမနှစ် သင်တန်းသား ၁၈ ဦး၊ သင်တန်းသူ ၂၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း၊ ယခု ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရန်အတွက် ပညာသင်နှစ်နှင့် အကျိုးရလာဒ် အပေါ် မူတည်၍ ကောလိပ်အဆင့်သို့ မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။