နေပြည်တော်၊ နိုဝင်ဘာ – ၂၇
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင် အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရား တော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူဆည်းပူးပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ် ကြသည်။
ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွဲလျက်ရှိကြရာ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး တွင်လည်း ယနေ့ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများက ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိ ပူဇော်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။
အလားတူ တန်ဆောင်တိုင်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင် များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တန်ဆောင်တိုင် မီးထွန်းတော်များ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော် ပွဲများကို ကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ထွန်းညှိပူဇော်ဖူးမြော်ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင်လည်း ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။
အလားတူ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ ဖြစ်သည်နှင့်အညီ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများနှင့် အထူးစည်ကားလျက် ရှိကာ တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို အများပြည်သူများအနေဖြင့် ပျှော်ရွှင် ကြည်နူးစွာ ဆင်နွဲခဲ့ကြကြောင်း သတင်းရရှိသည်။