နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြား

နေပြည်တော်၊ ဖေဖော်ဝါရီ – ၉

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက် ကြသည်။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လမ်းညွှန် မှာကြားရာတွင် အဓိကအားဖြင့်လာမည့် ထပ်မံသက်တမ်းတိုးထား သည့်ကာလ အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို တာဝန်ရှိသူ အားလုံး စဉ်းစားသုံးသပ်နိုင်ရန်နှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း။

“ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်မည်”ဟူသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ပထမဆုံးအချက်နှင့် ပတ် သက်၍ ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရအရေးပေါ်ကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်များကို စတင်ထမ်းဆောင် ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူစဉ်က ဆူပူဆန္ဒမှုများရှိခဲ့ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ သွေးထိုးမြှောက်ပင့်မှုများကြောင့် နောက်ပိုင်းကာလများတွင် ဆူပူမှုမှ အကြမ်းဖက်မှု၊ လက်နက်ကိုင်အကြမ်းဖက်မှု စသည်တို့ ဖြစ်ပေါ်လာခဲ့ ကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် ဥပဒေနှင့်အညီ ဆန္ဒပြမှုများကို ခွင့်ပြုထားကြောင်း၊ သို့သော် ဆန္ဒပြမှုကျော်လွန်၍ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်သည် အထိဖြစ်ပေါ်လာသဖြင့် မိမိတို့အနေဖြင့်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများ အပြင် သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုပါအကြမ်းဖက်လုပ်ရပ် များကို ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဆူပူဆန္ဒပြသူများမှ သဘောထားတင်း မာသူများကို သောင်းကျန်းသူနယ်မြေများအထိ ဆွဲထုတ်၍ PDF အမည်ခံအကြမ်းဖက် အဖွဲ့အဖြစ်ဖွဲ့စည်း၍ နိုင်ငံတော်ကို လက်နက်ကိုင်တိုက်ခိုက်ရန် လုပ်ဆောင်လာမှုများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အချို့ EAO အဖွဲ့များပါဝင်ကြောင်း၊ မိမိတို့ဖမ်းဆီး ရမိသည့်လက်နက်ခဲယမ်းများတွင် EAO များအသုံးပြုသည့် လက်နက်များ ခဲယမ်းများ ပါဝင်သကဲ့သို့ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံများမှ လက်နက် များလည်းပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံ တော်တည်ငြိမ် အေးချမ်းမှု ပျက်ပြားရန် ရည်ရွယ်၍ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဆင်ရေးအဖြစ်သတ်မှတ်ထားသည့် နယ်မြေများတွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ထားခြင်း မရှိသည့် နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့် ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန်ခက်ခဲသည့်နေရာများကို သာ စစ်အုပ် ချုပ်ရေးအမိန့်များထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများ ကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းကျဆင်း သွားခဲ့ကြောင်း၊  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုများ လျော့နည်း ပပျောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၃ ခုနှစ်ကူးပြောင်းခါစ အစောပိုင်း အခြေအနေများတွင် အကြမ်းဖက်မှုများ အနည်းငယ်ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ်အရ ရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင် ရန်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမှုကို ပျက်ပြားစေရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများ၊ စာရွက် စာတမ်းများကို မီးရှို့ဖျက်ဆီးမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများနှင့် နိုင်ငံ့ဝန်ထမ်းများ နှင့်စေတနာ့ဝန်ထမ်းများအပေါ် ခြိမ်းခြောက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့ သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၃) ကိုပြုလုပ်၍ မိမိအနေဖြင့် နိုင်ငံတော်၏အရေးပေါ်အခြေ အနေကာလအတွင်း လုပ်ဆောင်ချက်နှင့်တွေ့ရှိချက်များကို ယာယီသမ္မတထံတင်ပြ၍  လက်ရှိကာလတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိရန် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ချက်များရှိနေသေးကြောင်းတင်ပြခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးပေါ်အခြေ အနေသတ်မှတ်ထားသည့် ကာလကို ၆ လထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရခြင်းဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကိုလိုအပ်သည့်အတွက် အရေးပေါ်ကာလကို သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ရခြင်းဖြစ်ကြောင်း။

အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်မှုကြောင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးမှုများ များစွာရှိခဲ့ကြောင်း၊ သာမန်ပျက်စီးမှုများမပါပဲ ပျက်စီးဆုံးရှုံးမှုသည် ၄၉၀၀ ကျော်ရှိကြောင်း၊ လက်ပစ်ဗုံး၊ မိုင်း၊ လက်လုပ်ဗုံးများဖြင့်ပစ်ခတ်တိုက်ခိုက်မှု ၈၅၀၀ ကျော်ရှိခဲ့ကြေင်း၊ တိုက်ခိုက်မှု ၉၇၀၀ ကျော်ခန့်ရှိခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ပေါင်း ၁၂၃၀ ကျော်ရှိခဲ့ ကြောင်း၊ ဖြစ်စဉ်များတွင် အကြမ်းဖက်သမားများထံမှ ရရှိခဲ့သည့် လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်နက်မိုင်းနှင့် ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းများ များစွာ ဖမ်း ဆီးရမိခဲ့ကြောင်း၊ အဆိုပါလက်နက်များတွင် EAO အဖွဲ့များမှလက်နက်ခဲယမ်းများနှင့် ပြည်ပနိုင်ငံများမှ လက်နက်ခဲယမ်းများပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာများ၊ အပြစ်မဲ့ပြည် သူများ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာလျက်ရှိသည့် မီးရထားလမ်းများ၊ လမ်းတံတားများ၊ ဆက်သွယ် ရေး တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးသည့် အဖျက်အမှောင့်လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့ကြောင်း။

အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် နိုင်ငံတော်ပိုင်နှင့် ပြည်သူပိုင်အဆောက်အဦများကို ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်မှ ငွေကြေး ကုန်ကျမှုများသည် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊  အစိုးရတစ်ရပ်၏ နစ်နာဆုံးရှုံး မှုမဟုတ်ဘဲ နိုင်ငံတော်ရှေ့ဆက် လျှောက်လှမ်းရမည့် အမျိုးသားအကျိုး စီးပွားများကို နစ်နာဆုံးရှုံးရခြင်းဖြစ်သည်ကို နားလည်သဘောပေါက်စေလိုကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီကိုအကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခံယူချက်များနှင့် ၎င်းအကြမ်းဖက်အဖွဲ့၏ ယုံကြည်ချက်၊ ခံယူချက်များ တူညီမှုမရှိ ကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း အများစုသည် NCA အပေါ်တွင် လက်မှတ်ရေးထိုး ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာ သည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှု များကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင် အကြမ်းဖက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရမှခွင့်ပြုထားခြင်း မရှိကြောင်း၊ အကြမ်းဖက်လုပ်ရပ်ကို ဆောင်ရွက်နေသူများအနေဖြင့် ဒီမိုကရေစီကို နားလည်သဘောပေါက်ရန်လိုကြောင်း။

အကြမ်းဖက်မှုများကို ဒုတိယအကြိမ်အရေးပေါ် သက်တမ်းကာလတွင် ထိထိ ရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေး သတ်မှတ်ခြင်းသည် ပြစ်မှု ကျူးလွန်သူများ အတွက်သာဖြစ်ပြီး ပြည်သူများကိုကြေညာခြင်းမဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာ နေထိုင်သွားလာလှုပ်ရှား နိုင်ကြောင်း၊ လာမည့် ၆ လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်း မှု သည်လည်း အတိုင်း အတာတစ်ခုအထိ တိုးတက်လာမည်ဟု ယူဆပါကြောင်း။

ဒုတိယအကြိမ်အစိုးရသက်တမ်းတွင် ဥပဒေကို လိုရာဆွဲ၍လုပ်ဆောင်သွားခြင်း များရှိပြီး နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ကြားဝင်ထိန်းသိမ်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်လည်း မှန်မှန်ကန်ကန်နှင့် မျှမျတတရှိစေရန်လိုအပ်သည့်အတွက် မိမိတို့တာဝန် ယူချိန်မှစ၍ နိုင်ငံတော်အတွက် တာဝန်များပေးအပ်ရာတွင်  တပ်မတော်နှင့် အရပ် ဘက်မှ သင့်တော်သူများကို မျှမျှတတဖြင့်ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဥပဒေသတ်မှတ် ချက်များနှင့်အညီသာဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရပ်များကို အကောင်အထည် ဖော်ရာတွင် ဒီမိုကရေစီနည်းအရ အရပ်ဘက်အဖွဲ့အစည်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ လွှတ်တော်တွင် အရပ်ဘက်မှ ၇၅ ရာခိုင်နှုန်းပါဝင်ပြီး တပ်မတော်မှ ၂၅ ရာခိုင်နှုန်းသာပါဝင်ကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်တွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ မိမိနှင့် တပ်မတော်အရာရှိကြီးများ၏ တပ်မ တော်သားများနှင့် မိသားစုဝင်များကို ပြောကြားခဲ့သည့် မှာကြားချက်များနှင့် မိန့်ခွန်း များကို ပြန်လည်ဖတ်ရှုလေ့လာကြည့်မည်ဆိုပါက တပ်မတော်သည် နိုင်ငံတော်၏ ဒီမိုကရေစီ စနစ်နှင့်ပတ်သက်၍ ရပ်တည်ချက်များကိုတွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကို ပါတီစုံ စနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်စေရန် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် Guardian အဖွဲ့အစည်းတစ်ခုဖြစ်နေမည့် အဖွဲ့ အစည်းအဖြစ်ခံယူထားပါကြောင်း၊ မိမိတို့သည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်ကို ပြောကြားလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည်များ ကိုစဉ်းစားခဲ့ ကြောင်း၊ ယခင် ရှေ့လုပ်ငန်းစဉ်အတိုင်း ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်း ကာ ရွေးကောက်ပွဲဆိုင်ရာများ ပြန်လည်စစ်ဆေးအရေးယူမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့အရေးယူ ဆောင်ရွက်ချိန် တွင် အဂတိလိုက်စားမှုများကိုလည်း တွေ့ရှိခဲ့ရသဖြင့် အရေးယူဆောင်ရွက်ခဲ့ရ ကြောင်း။

မိမိတို့တာဝန်ထမ်းဆောင်သည့် ကာလအတွင်းကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် ပြီး ဆောင်ရွက်ခဲ့သည်များကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ် ပေါ်မှုများသည် သိသိသာသာလျော့ပါး ကျဆင်းသွားပြီဖြစ်ပြီး အတိုင်းအတာတစ်ခု အထိ ထိန်းထားနိုင်ပြီဖြစ်ကြောင်း၊ သို့သော် ကိုဗစ် – ၁၉ ရောဂါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆမဖြစ်ရန်လိုကြောင်း၊ ကျဆင်းသွားသည့် စီးပွားရေးနှင့် ပတ်သက်၍ ၂ နှစ်တာကာလအတွင်း ခက်ခက်ခဲဖြင့်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ ပြန်လည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ စီးပွားကျဆင်းစေရန်အတွက် ဘဏ်စနစ်များပျက်စီး အောင်လုပ်ဆောင်ခဲ့မှုများရှိသဖြင့် မိမိတို့အနေဖြင့်ဘဏ်စနစ်များ ပြိုလဲမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း ၂၀၂၁ ခုနှစ်တွင် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများကျဆင်းခဲ့ရသကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုများ ထိခိုက်ခဲ့ရ ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေးကိုအားပေးမြှင့်တင်ခဲ့သဖြင့် စားရေ ရိက္ခာရှားပါးမှုများ မကြုံတွေ့ခဲ့ရဘဲ ကုန်ဈေးနှုန်း ကြီးမြင့်မှုများကိုမူ အခြားနိုင်ငံများ နည်းတူ ခံစားခဲ့ရကြောင်း၊ နိုင်ငံခြားငွေနှင့် ပတ်သက်၍ ပြီးခဲ့သည့်အစိုးရကာလတွင် ချေးခဲ့သည့် ချေးငွေများကို ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဆက်လက်ရရှိခြင်း မရှိ ကြောင်း၊ စီမံကိန်းအသစ်များ ထပ်မံရရှိခြင်း မရှိကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း စီးပွား ရေး အကြပ်အတည်းများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ကုန်ထုတ်လုပ်များ ကောင်းမွန်လာခြင်း နယ်စပ်ကုန်သွယ်မှုများကို အတိုင်းအတာတစ်ခုအထိဖွင့်လှစ် လာနိုင်ခြင်းကြောင့် လုပ်ငန်းများပြန်လည်လည်ပတ်လာနိုင်ပြီး နိုင်ငံ၏စီးပွားရေးမှာ အနှုတ်လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာကြောင်း၊ မိမိတို့ နိုင်ငံ တွင် သဘာဝရေမြေ အရင်း အမြစ်များရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုဗစ် – ၁၉ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လာ နိုင်ခြင်းကြောင့် နိုင်ငံ၏စီးပွားရေးပြန်လည်ဖွံ့ဖြိုး တိုးတက်လာခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်တွင် နိုင်ငံ့စီးပွားရေး ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည် ကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေသူများနှင့် တွေ့ဆုံရာတွင်လည်း ၎င်းတို့၏ တင်ပြချက်များအရ လုပ်ငန်း များတိုးတက်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊  အလားတူ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း  အောင်မြင် ဖြစ်ထွန်းအောင်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း။

တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်မှ လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း  ဆက်လက်ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခု ရပ်တည်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ အားများလိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြဲမပြတ်ကြိုးပမ်းလျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း ရှေ့သို့ရောက်ရှိ စေရေး ဆက်လက်ကြိုးပမ်းအားထုတ်နေရမည်ဖြစ်ကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ ” “ Keep Moving Forward to Achieve Our Goal ” ဆိုသည့်အတိုင်း နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့သို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေ့သို့လှမ်းချီနေမှသာလျင် မိမိတို့ လိုချင်သည့် ပန်းတိုင်ဆီသို့ အရောက်လှမ်း နိုင်မည်ဖြစ်ကြောင်း၊ ရှေ့သို့လျှောက် လှမ်းနိုင်ရန် အတွက်နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးခြင်းသည် အကောင်းဆုံး ပင်ဖြစ်ကြောင်း၊ ထိုသို့ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် သယံဇာတ အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားရှိပြီး ဖြစ်ကြောင်း၊ စပါးအထွက်နှုန်းများကို တစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန်ဖူလုံမှု ကိုသာမက ပြည်ပသို့တင်ပို့ရောင်းချ နိုင်သဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးတောင်သူ များ၏ ဝင်ငွေလည်းတိုးတက်လာကာ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကြောင့် ဒေသတွင်း ငွေကြေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေကာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေမည်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် တစ်ဧကချင်း အထွက်နှုန်း တိုးတက်စေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ အထွက်နှုန်းတိုးတက် အောင် ဆောင်ရွက်နိုင်ခြင်းသည် မြေကြီးမှရွှေသီးအောင် ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် စားသုံးမှုနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို အသုံးချ၍ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် နိုင်ခြင်းသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုကိုများစွာ အထောက်အကူပြုစေမည်ဖြစ် သဖြင့် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးနှင့် ပတ်သက်၍ ပြောကြား ရာတွင် “ ဒုတိယအချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် စေရန် ဆောင်ရွက်သွားမည်ဆိုတဲ့အတိုင်းပဲ ဒီအပေါ်မှာ စီးပွားရေးအားကောင်းအောင် လုပ်ကြဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးရေး ထုတ်ကုန်တွေ။ နောက် မွေးမြူရေးထုတ်ကုန် တွေ။ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်း တိုင်းမှာအကုန်ရှိပါတယ်။ မွေးမြူရေးထုတ်ကုန် အကုန်ရှိတယ်။ မနေ့က ဧရာဝတီ တိုင်းသွားတဲ့အချိန်မှာ ခရိုင်တိုင်းရှိတယ်။ ခရိုင်တိုင်း မှာ ထုတ်ကုန်ပစ္စည်း အကုန်လုံး ရှိတယ်။ ပြောရလို့ ရှိရင်ဗျာ မျက်နှာမငယ်ရတဲ့ ဒေသ ကို သွားတွေ့တယ်။ အကုန်ရှိတယ်။ သူတို့ဆီမှာအကုန်ရှိတယ်။ ဒါလေးကို နည်းနည်း Push လုပ်ပြီးတော့တင်လိုက်လို့ရှိရင် ကျွန်တော်တို့အများကြီးကို တိုင်းပြည် ရဲ့ အခြေအနေဟာ ပြောင်းလဲသွားနိုင်စရာရှိတယ်ဆိုတာလေးလည်း ကျွန်တော် ပြောလို ပါတယ်။ အဲ့ဒါဆိုရင်တော့ တိုင်းပြည်သာယာဝပြောမှုတော့ ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေရှိနေပြီဆိုတော့ သူတို့ရဲ့လူမှုဘဝတက်လာမှာ။ ဒါသေချာ တယ်။ လူမှုဘဝတက်လာမှာ။ ကိုယ့်လူမှုဘဝတက်လာတယ်ဆို ရင်ကိုယ့်လူမှုဘဝကို အထိခိုက်ခံမှာမဟုတ်ဘူး။ အပျက်ဆီးခံမှာတော့မဟုတ်ဘူး။ ပျက်ဆီး မှာတော့လိုလား မှာမဟုတ်ဘူး။ ကောင်းတဲ့ Approach  သွားမှာဖြစ်တယ်၊ မကောင်းတဲ့ Approach ကို သွားမှာတော့မဟုတ်ဘူး။ တိုင်းပြည်ကိုအကောင်းဆုံးသော စောင့်ရှောက်ခြင်းကတော့ စီးပွားရေးမြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။ စီးပွားရေးမြှင့်တင်အောင် ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က နံပါတ် ၂ အချက်မှာ ဒီဟာကို ကျွန်တော်တို့ ထည့်တာပါ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်။ နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကမပြီးသေးပါဘူး နောက်မတ်လမှာ ပြီးမှာဖြစ်ပါတယ်။ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့က အကျုံးဝင်နေပါသေး တယ်။ အဲ့ဒီတော့ ကျွန်တော် တို့အနေနဲ့ စီးပွားရေးမြှင့်တင်မှုကို အရှိန်အဟုန်နဲ့ဆောင်ရွက်သွားဖို့လိုပါတယ်။ စီးပွားရေး အရှိန်မြှင့်လုပ်မယ်ဆိုလိုရှိရင်လည်း စီးပွားရေးကို အထောက်အကူပြု နိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ကျွန်တော်တို့ရှိဖို့လိုပါတယ်။ လမ်းတွေကောင်းအောင် လုပ်ရပါမယ်။ မဖြစ်မနေလမ်းတွေကောင်းအောင်လုပ်ပေးရမယ်။ ဒါကတော့ လာမယ့် နှစ်မှာ လမ်းတွေကောင်းအောင်လုပ်ဖို့ကျွန်တော်တို့ လျာထားပါတယ်။” (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားသည့် Video ဖိုင်ကို ပြသ မည်ဖြစ်ပါသည်)။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် အတန်းပညာနှင့်ပတ်သက်၍ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အခြေခံပညာအလယ်တန်း အောက်၌သာ ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းချက်များ ရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုအားနည်းပြီး လူမှုစီးပွားဘဝများ သည်လည်း ခက်ခဲနိမ့်ကျမှုများရှိကြောင်း၊ ထို့ပြင် စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဆင်ခြင်တုံ တရားများတွင်လည်း အားနည်းချက်များရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် အတွင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကာလအတွင်း ၎င်းအချက်ကို အသုံးချ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများနှင့် EAO သွေးထိုးမှုများကြောင့် လမ်းမှားရောက်ခဲ့ရသူ များစွာရှိခဲ့သည်ကို လည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးနှင့် ပတ်သက်၍ မဖြစ်မနေ အားပေးမြှင့် တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မကြာခင်ကာလ၌ စာမေးပွဲများ စတင်တော့မည်ဖြစ်ပြီး မတ်လအတွင်း တက္ကသိုလ်ဝင်စာမေးပွဲများ အားလုံးပြီးစီး တော့မည်ဖြစ်ကြောင်း၊ ယခုပညာသင်နှစ်တွင် ပညာရည်သင်ကြားမှုများ အဆင်ပြေ ချောမွေ့စွာ ပြီးစီးခဲ့ပြီဟုဆိုနိုင်သော်လည်း ကျောင်းတက်ရာခိုင်နှုန်း မပြည့်မီသေးသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အချို့သောနယ်မြေများ၌ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လာရောက်ပညာမသင်ကြားနိုင် သည့် ကျောင်းသူ၊ ကျောင်းသားများလည်း ရှိမည်ဖြစ်ကြောင်း၊ လာမည့် ပညာသင် နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ဖွင့်လှစ်နိုင်အောင် မိမိတို့အနေဖြင့် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ နေရာဒေသအားလုံး၌ ကျောင်းများဖွင့်လှစ်နိုင် ရေးအတွက်လည်း အချို့သောနေရာဒေသများကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရခြင်း ဖြစ် ကြောင်း၊ စည်းကမ်းကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှသာလျင် ကျောင်းနေအရွယ် ကလေးငယ်အားလုံး၏ အခွင့်အရေးများ မဆုံးရှုံးမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်း များ၏ အခက်အခဲများကိုလည်း အတတ်နိုင်ဆုံးဖြေရှင်းဖြည့်ဆည်းပေးလျက်ရှိ ကြောင်း၊ ကျောင်းတက်ရောက်သူ ဦးရေသည်လည်း လာမည့်ပညာသင်နှစ်တွင် ပိုမို တိုးပွားလာမည်ဖြစ်သဖြင့် အားလုံး အေးအေးချမ်းချမ်းဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းသည် ကျဆင်း လျက်ရှိ သည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ပေါ့ပေါ့ဆဆနေ၍ရမည်မဟုတ်ဘဲ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိမ်နီးနားချင်း တိုင်းပြည်များနှင့် ကမ္ဘာ့နိုင်ငံများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျ လာသည် ဖြစ်သော်လည်း မိမိတို့အနေဖြင့် သတိဖြင့်နေထိုင်ကြရန်လိုကြောင်း၊ ထို့ပြင် လူတစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် နေထိုင်စားသောက်မှုများ ကျန်းမာရေး နှင့်ညီညွတ်မှုရှိရမည်ဖြစ်ပြီး အာဟာရပြည့်ပြည့်ဝဝ စားသုံးရမည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးနှင့် မညီညွတ်သည့် နေထိုင်စားသောက်မှုများကြောင့် ကျန်းမာရေး ထိခိုက်ပြီး ပညာသင်ကြားမှု၊ လုပ်အားဆုံးရှုံးမှုများ မရှိစေရေးအတွက်လည်း ကျန်းမာ ရေး စောင့်ရှောက်မှုများကို မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျင် လူမှန်နေရာမှန်ချထားနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်း အမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လာမည့်နှစ်တွင် စီးပွားရေး အားကောင်းအောင် ဆောင်ရွက်သွားမည်၊ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ရေးများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ယခုထက်ပိုမို၍ သိသိသာသာ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်းကို ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာ ရရှိရန်၊ နည်းစနစ်တကျ စိုက်ပျိုးရန် စသည့်အချက်များ လိုအပ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသို့ သွားရောက်စဉ် အထွက်နှုန်းနှင့် ပတ်သက်၍ တိုးမြှင့်အောင် ဆောင်ရွက်ရေး၊ ဈေးကွက်ရရှိရေး၊ အရည်အသွေးကောင်းမွန်ရေးကို ဆောင်ရွက်သွား ရန်မှာကြားခဲ့ကြောင်း၊ ဆီထွက်သီးနှံနှင့် ပတ်သက်၍ စားသုံးဆီကို နှစ်စဉ်ဒေါ်လာ သန်း ၇၀၀ ဖိုးခန့် တင်သွင်းနေရသည်ကို ပြောကြားလိုကြောင်း၊ ပြည်ပမှ ဆီတင်သွင်း မှုကို လျှော့ချလိုက်မည်ဆိုပါက ပြည်တွင်း ဆီစက်များ ပိုမိုလည်ပတ်လာနိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်စဉ် ဆီစက်လုပ်ငန်း များကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်ရေး တိုးချဲ့လည်ပတ်နိုင်ရေးအတွက် တင်ပြမှုများ များစွာရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှလည်း ဆီစက်လုပ် ငန်းများအတွက် ရင်းနှီးငွေများ ပေးထားပြီးဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် ထွက်ရှိရေးဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီ လိုအပ်ချက်ကို ဖူလုံစေ မည်ဖြစ်ပြီး ပိုလျှံသည်အထိဖြစ်စေနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ် တွင် ဆီဖူလုံရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုး နိုင်ရေးနှင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်မည်ဆိုပါက ပြည်တွင်း ဆီဖူလုံမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်သော်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မည်ဆို ပါက အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်လျက်ရှိ သည့် စားသုံးဆီကို ပြည်ပမှတင်သွင်းရသူ (Importer) အဆင့်မှ ပြည်တွင်းလိုအပ် ချက်ဖူလုံ ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်သူ(Exporter) အဆင့်အထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံ၌ ပဲအထွက်နှုန်း နည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာပေါ်တွင် မိမိတို့နိုင်ငံသည် ပဲတင်ပို့မှု၌ ဒုတိယနေရာတွင်ရှိသည့် နိုင်ငံတစ်ခု ဖြစ်ပြီး ကမ္ဘာ့ပဲလိုအပ်ချက် ပမာဏသည် များစွာရှိနေကြောင်း၊ ထို့ကြောင့် ဈေးကွက် ရရှိပြီး သားဖြစ်သဖြင့် ပဲအထွက်နှုန်းတိုးတက်အောင်လည်း ဆောင်ရွက်ကြရန်လိုပြီး အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ဝင်ငွေများလည်း မြင့်တက်လာမည်ဖြစ် ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီသိပ္ပံ နည်းကျ ပြုလုပ်ထားသည်ကို တွေ့ရှိရပြီး နိုင်ငံအတွက် များစွာ အကျိုးဖြစ်စေနိုင်သည့် မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နည်းပညာရရှိပြီးဖြစ်သဖြင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဈေးကွက်ရရှိမှုအလိုက် တိုးမြှင့် ဆောင်ရွက်နိုင် မည်ဆိုပါက သားငါးကဏ္ဍတွင် ငါးမွေးမြူရေးမှတစ်ဆင့် ဝင်ငွေများစွာ ရရှိလာနိုင်မည် ဖြစ်ကြောင်း၊ ငါးမွေးမြူရေးနှင့် ပတ်သက်၍ သဘာဝငါးသယံဇာတများ အများအပြား ဖမ်းဆီး၍ ထုတ်ယူခြင်းသည် ငါးသယံဇာတများကို ဆုံးရှုံးလာစေနိုင် သည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အားမပေးဘဲ ခေတ်မီနည်းကျ စနစ်တကျ မွေးမြူ ခြင်းကို အားပေးပါကြောင်း။

နွားမွေးမြူရေးနှင့်ပတ်သက်၍ အသားထုတ်လုပ်ခြင်းနှင့် နို့ထုတ်လုပ်ခြင်းဟူ၍ ရှိပြီး ဒေါ်လာ သန်း ၁၀၀ နီးပါး တန်ဖိုးရှိ နို့နှင့် နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှ တင်သွင်း နေရကြောင်း၊ မိမိတို့နိုင်ငံတွင်း၌ အောင်မြင်အောင် ထုတ်လုပ်နိုင်သည့် အခြေအနေများ ရှိပြီးဖြစ်သဖြင့် နိုင်ငံအတွင်း နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်များကို ပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ မိရိုးဖလာမွေးမြူခြင်းထက် နည်းစနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဖော်ဆောင်ပေးသွားရမည် ဖြစ်ကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်သည် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်” ဟူ၍ဖြစ်ကြောင်း၊ မိမိတို့သည် အခြေခံဥပဒေအရ ပါတီစုံဒီမို ကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးသည့် အချိန်တွင် မဲပေးခွင့်ရှိသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမဲပေးခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအခြေအနေနှင့် သင့်လျော်သည့် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ကို မိမိတို့အနေဖြင့် လက်ခံပြီးဖြစ်ကြောင်း၊ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီ သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို သွားရမည် ဖြစ်သဖြင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည့်အတွက် ပြီးခဲ့သည့်လတွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ရန် ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အမှန်တကယ် နိုင်ငံရေးလုပ်ဆောင်လိုသူများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အခွင့်အလမ်းပေးသည့်အနေဖြင့် နိုင်ငံရေးပါတီများကို လျော့ပေါ့စွာ ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခင် ၁၉၆၂ ခုနှစ်နောက်ပိုင်း ကာလတွင်   တစ်ပါတီ စနစ်ဖြင့်သွားခဲ့ပြီးကွန်မြူနစ်အုပ်စုများ၊ဒီမိုကရေစီအုပ်စုများနှင့် သဘောထား ကွဲလွဲမှု များ ရှိခဲ့ကြောင်း၊ သို့သော်လည်း ပါတီအနေဖြင့် မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီစနစ်ကိုသွားခဲ့ကြောင်း၊ ယင်းကို လက်မခံနိုင်သူ များအနေ ဖြင့် တစ်ပါတီကို ကာကွယ်ထားသည့် ဥပဒေရှိနေသည့်အတွက် နိုင်ငံရေး ထွက်ပေါက် မရှိခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင်လည်း တစ်ပါတီစနစ်ဖြင့်သာ လျှောက်လှမ်းခဲ့ခြင်းဖြစ်သောကြောင့် ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် ဒီမိုကရေစီ အခွင့်အရေးကို တောင်းဆိုမှုများရှိခဲ့ပြီး ယခင်ဖွဲ့စည်းပုံဥပဒေပျက်ခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့်  ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လမ်းခင်းပေးမည် ဖြစ်သဖြင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းနိုင်သမျှ ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်များ ပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ကောင်စီအစည်းအဝေး တွင်လည်း ဆွေးနွေးခဲ့ကြောင်း၊ ပါတီများ များပြားခြင်းကြောင့် ပါတီဝင်အင်အား နည်းပါ က ၎င်းတို့ လှုပ်ရှားရသည့် နယ်မြေကျဉ်းမြောင်းမည်ဖြစ်ပြီး အခွင့်အရေးရရှိမှု သည် လည်း နည်းပါးမည်ဖြစ်ကြောင်း၊

ထို့ကြောင့် လူထုအားဖြင့် လုပ်ဆောင်ခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ဆွေးနွေး ခဲ့ကြပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် နိုင်ငံရေးလုပ်ဆောင်လိုသူများပြားပြီး ယင်းနိုင်ငံရေးသည် လည်း အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန်လိုကြောင်း၊ ပါတီများ၏ ပါတီ နိုင်ငံ ရေး ဦးတည်ချက်ဟူသည်မှာ နိုင်ငံကို ပုံဖော်ရန် ချမှတ်ထားသည့် အတွေးအခေါ် အယူအဆပင်ဖြစ်ပြီး ယင်းကို အကောင်အထည်ဖော်ရန်အတွက် လွှတ်တော် လမ်း ကြောင်းတွင် ပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီငယ်များ များပြားနေပါက လုပ်ဆောင်နိုင်မည် မဟုတ်သဖြင့် ဦးစီးခေါင်းဆောင်မှုကောင်းသည့် ပါတီများ တည်ရှိခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆဲ ပါတီများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ခြင်း မရှိပါက အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊ ပါတီအသစ်များအနေဖြင့် လည်း မှတ်ပုံတင်ရန်လိုအပ်ပြီး လက်ရှိတွင် လာရောက်မှတ်ပုံတင်ခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပါတီများနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင် ချက်များကိုလည်း ဥပဒေအရခွင့်ပြုသင့်သည်များကို ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း၊ ပါတီများ ဖွဲ့စည်းပြီးပါက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သင့်သည်များကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် မလွဲမသွေ လုပ်ဆောင်ရ မည်များဖြစ်သည်ကို ပြောလိုကြောင်း။

“တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင် သမျှ အလေးထားလုပ်ဆောင်သွားမည်။”ဟု ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်အနေဖြင့် ချမှတ်ထားကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် တိုင်းပြည် ငြိမ်းချမ်းမှုရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ ရှိနေသည့် တိုင်းပြည်များသည် တိုးတက်မှုထိခိုက်နှောင့်နှေးနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဒီမိုကရေစီကိုအကြောင်းပြ၍ အာဏာတည်မြဲအောင်လုပ်ဆောင် နေသည့် တိုင်းပြည်များသည်လည်း အခက်အခဲများရှိမည်ဖြစ်ကြောင်း၊  မိမိတို့အနေ ဖြင့် ယင်းကဲ့သို့ အခက်အခဲများမရှိစေရေး တည်ငြိမ်အေးချမ်းမှုများရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှသာလျင် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးကမ်းလှမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်လက်နက်ကိုင်အဖွဲ့ အစည်းကိုမျှ ၎င်းတို့ကို တရားဝင်ခွင့်ပြုထားသည့် အခြေချစခန်းများသို့ သွားရောက် တိုက်ခိုက်ခြင်းများ မလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး တွင် ရိုးသားမှုရှိရမည်ဖြစ်ကြောင်း၊ နယ်ချဲ့လက်အောက်တွင် သွေးခွဲအုပ်ချုပ်ခံခဲ့ရမှု၏ အကျိုးဆက်များကြောင့် မငြိမ်းချမ်းခြင်း၏ အကျိုးဆက်ကို ယခုထက်တိုင်ခံစား နေရ ခြင်းဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲ များတွေ့ရကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တစ်ဖက်နှင့် တစ်ဖက်သဘော ထား ကြီးစွာဖြင့် ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်သည်များကို အကြေအလည်ဆွေးနွေးအဖြေထုတ်ရ မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး တူညီသည့် အခွင့်အရေးကိုသာ ရရှိရမည် ဖြစ်ကြောင်း၊ မဖြစ်နိုင်သည်များကို တောင်းဆိုနေ ၍မရဘဲ တိုင်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုးကိုသာကြည့်၍ ဆောင်ရွက်ကြစေလို ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက် ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စုအကျိုးစီးပွားကို ရှေရှည်ကြည့်၍ သမာသမတ်ရှိစွာဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း။

ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ ချမှတ်ထား ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်းသည် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့်ဖြစ် ကြောင်း၊  ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သောရွေးကောက်ပွဲ ဖြစ်ခဲ့ သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရ မည်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံ့ခေါင်းဆောင်အထိ ရွေးခြယ်ခြင်းဖြစ်သဖြင့် စနစ်တကျဖြင့် မှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ယခင်ရွေးကောက်ပွဲ၌ မဲစာရင်းကွာဟမှုများစွာဖြစ်ပွားခဲ့သည်ကို တွေ့မြင်ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်ရန်လိုပြီး မိမိတို့အနေဖြင့် စစ်မှန်ပြီး တရားမျှတသည့်ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရ မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးကို စတင်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မဲစာရင်းများမှန်ကန်စေရေး သန်းခေါင်စာရင်းများကို အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေး မဲစာရင်းများကို ပြုစုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှသာလျင် မဲစာရင်းများ မှန်ကန်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် ၁၀၀ ရာခိုင် နှုန်းမှန်ကန်သည့် ရွေးကောက်ပွဲဟူ၍ မရှိဘဲ ရာခိုင်နှုန်း အနည်းငယ်ကွဲလွဲမှုများ ရှိကြကြောင်း၊ သို့သော် လည်း ရွေးကောက်ပွဲတွင် ကြီးမားသည့် မဲစာရင်းကွဲလွဲမှုများကို မည်သည့်နိုင်ငံကမျှ လက်မခံကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မှန်ကန်သည့် မဲစာရင်းများ ဖြစ်စေ ရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲ ပေးခြင်း မပေးခြင်းသည် မဲပေးသူများ၏ အခွင့်အရေးဖြစ်ပြီး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ပင် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးသည့်ကာလကစပြီး အထွေ ထွေရွေးကောက်ပွဲ(၃)ကြိမ် ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတွင် မြို့နယ် ၃၃၀ မြို့ နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တဖြည်းဖြည်းဖြင့် ရွေးကောက်ပွဲကျင်းပ နိုင်သည့် မြို့နယ်များ ကျဆင်းလာသည်ကို တွေ့မြင်ရပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟူသည့် အစိုးရ များ လက်ထက်တွင် ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှုပိုမိုပြီး နည်းပါးသွားသည်ကို သတိပြုဖွယ် တွေ့ရပါကြောင်း။

ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘော ထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက် တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့် မတရားမှုများ ကင်းဝေးရမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်တစ်ခုတည်း၏ တာဝန်သာ မဟုတ်ဘဲ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် မှန်ကန်သည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားလိုကြောင်း။

မိမိတို့၏ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ပတ်သက်၍ ဆောင်ရွက်သွားရန်လိုအပ်သည်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆက် လက် ပြောကြားလိုသည်မှာ နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အဓိကအဖွဲ့အစည်းများဖြစ်သည့် အာဆီယံနှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် အပေါ်တွင် အခြေခံ၍ အားလုံးကို ဆက်ဆံကြောင်း၊ အာဆီယံတွင် ၁၉၉၇ ခုနှစ်၌ နောက်တိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာက ပြောဆိုနေသည့်ကိစ္စများတွင် မှားယွင်းနေသည်များရှိကြောင်း၊ အခါအားလျော်စွာ မိမိတို့နိုင်ငံသို့ ရောက်ရှိလာသည့် ဧည့်သည်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များ၊ စီးပွားရေးအဖွဲ့ အစည်း များမှ တာဝန် ရှိသူများက ၎င်းတို့ပြည်ပ နိုင်ငံများတွင် သိရှိနေသည့် အချက်များနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများမှာ ကွဲလွဲနေသည်ကို သိရှိရသည့်အတွက် အံ့ဩမိသည်ဟု ပြောဆိုကြကြောင်း၊ ၎င်းတို့မှာ မီဒီယာများနှင့် ဘက်လိုက်တင်ပြထားကြသည့် သံတမန်များ၏ အချက်အလက်များကို အခြေခံ၍ ပြောဆိုနေကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အခြေအနေမှန်ကို သိရှိစေရန် လိုအပ်ကြောင်း၊ မိမိတို့ ရပ်တည် ချက်မှာ အာဆီယံ၏ မူဘောင်အတွင်းမှ မှန်မှန် ကန်ကန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် နေရပ် စွန့်ခွာသူများကိစ္စမှာ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ရသည့်ကိစ္စဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ တိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်ရ မည်ဖြစ် ကြောင်း၊ နိုင်ငံသားများကိုလည်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘင်္ဂါလီများထဲမှ နိုင်ငံသားဖြစ်နေသူများရှိကြောင်း၊ ၎င်းတို့ကိုလည်း ဥပဒေနှင့်အညီ အခွင့်အရေးပေးထားကြောင်း၊ ထို့ပြင် ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်သာမက တစ်နိုင်ငံလုံးရှိ အခြားဒေသများတွင်လည်း နေထိုင်လျက်ရှိ ကြောင်း၊ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ပြဿနာဖြစ်ပေါ်နေသည်မှာ တရားမဝင် လာရောက်နေထိုင်သူများကြောင့် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း၊ ပြန်လည်လက်ခံ ခြင်း ကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံ သတ်မှတ်ထားသည့် သဘောတူညီချက်များနှင့် အညီသာ လက်ခံသွားမည်ဟု ပြောဆိုထားကြောင်း၊ မကြာခင်က ရခိုင်ပြည်နယ်သို့ တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တရားဝင်သဘောတူညီ ချက်ဖြင့် ဆောင်ရွက်နေမှုအပေါ် ငြင်းဆန်ခြင်းမရှိကြောင်း၊ နှစ်နိုင်ငံသဘောတူညီ ချက်နှင့်အညီ ပြန်လည်ဝင်ရောက်လာချိန်တွင်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ နှင့်အညီ အခွင့်အရေးရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံသားဥပဒေမှာ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက်သာ ဆောင်ရွက်ထားသည့် ဥပဒေမဟုတ်ကြောင်း၊ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများ နိုင်ငံသားပြုခွင့်ရရှိရေး အတွက် ဆောင်ရွက်ထားသည့်ဥပဒေ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ကိစ္စမှာ မိမိတို့အစိုးရသာမက နောင် ပေါ်ပေါက်လာမည့် အစိုးရများကလည်း ဖြေရှင်း ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အားရရှိရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် လျှပ်စစ် ဓာတ်အားအခက်အခဲ ရရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းမှာ ယခင်က လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရ သည့်အတွက်လည်း ပါဝင်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အတတ်နိုင် ဆုံး နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို အပြည့်အဝ မဟုတ်သော်လည်း ရာခိုင် နှုန်းမြင့်မြင့်မားမား ပြည့်မီအောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် စပါးထွက်ရှိသည့် အတွက် စပါးခွံလောင်စာဖြင့်ထုတ်လုပ်သည့် လျှပ်စစ်၊ ဆိုလာလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား သုံးစွဲရေးတွင် လည်း ဓာတ်အားချွေတာသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲကြရန်လိုကြောင်း၊ ပို့ဆောင် ရေးစနစ်ကိုလည်း လျှပ်စစ်သုံးစွဲသည့် ပို့ဆောင်ရေး စနစ်ဖြစ်စေရန် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကား သုံးစွဲမှုကို အောင်မြင်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော် ကား တင်သွင်းခွင့်ပြုရာတွင် စိတ်ဝင်စားမှုများနှင့် ကမ်းလှမ်းမှုများ ရှိကြောင်း၊ ကမ္ဘာရေနံဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ သို့ဖြစ်၍ စက်သုံးဆီ သုံးစွဲကို လျှော့ချနိုင်စေရန် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ရန် လိုအပ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်မော်တော်ကားများတွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်စေရန် ကြီးကြပ်ရေးအဖွဲ့များက အလေးထား၍ စနစ်တကျ ဆောင်ရွက် သွားရန်လိုကြောင်း၊ လက်ရှိတွင် ရန်ကုန် – နေပြည်တော် အမြန်လမ်းနှင့် လမ်းဟောင်း တို့တွင် Charging Station များ ဆောက်လုပ်နေကြောင်း၊ ထပ်မံ၍လည်း နေပြည်တော်-မန္တလေးလမ်း၊ လားရှိုးလမ်း၊ မော်လမြိုင် လမ်းနှင့် ကရင်ပြည်နယ်တို့တွင် တိုးချဲ့ဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ လျှပ်စစ်ကားသုံးစွဲမှုကို တွင်တွင်ကျယ်ကျယ်ဖြစ်စေရန် ဝန်ကြီးဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဘက်စုံထောင့်စုံ မှ ကြိုးစားဆောင်ရွက်ပါက လာမည့် ၆ လအတွင်း နိုင်ငံတော်အတွက်များစွာ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။