( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )
အားလုံးမင်္ဂလာပါ-
ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ”ကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးပညာရှင်များ၊ သုတေသနပညာရှင်များနဲ့ ဧည့်သည်တော် များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်းဆုတောင်းလျက် ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
အခုလိုကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကြီးကို ဆောင်ရွက် ခြင်းဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ပညာရပ်များတိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေဖို့နဲ့ သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမယ့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးပြီး အသိပညာဖလှယ် နိုင်စေဖို့စတဲ့ ရည်ရွယ်ချက်များချမှတ်ပြီး ကျင်းပတာဖြစ်ကြောင်းသိရှိရ ပါတယ်။
ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကြီးကို ၁၉၆၅ ခုနှစ်က စတင်ကျင်းပခဲ့ပြီး အစောပိုင်းနှစ်တွေမှာ သုတေသနစာတမ်းများအဖြစ်သာ တင်သွင်းဖတ်ကြားဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပေမယ့် ၁၉၉၁ ခုနှစ် ကစပြီး သုတေသနပိုစတာပြပွဲနဲ့ ၂၀၀၂ ခုနှစ်ကစပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲ( Symposium )တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါတယ်။ သုတေသီပညာရှင်များရဲ့ သုတေသန အရည်အသွေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး ကြိုးစားယှဉ်ပြိုင် မှုရှိလာစေရေးအတွက် စာတမ်းတွေကို တင်ပြရာမှာ အလေးထား အားထုတ်မှုရှိလာစေဖို့အတွက် ၁၉၉၃ ခုနှစ်ကစပြီး အကောင်းဆုံးစာတမ်း ဆုတွေ၊ အကောင်းဆုံးပိုစတာဆုတွေချီးမြှင့်ခဲ့ပါတယ်။ မျိုးဆက်သစ် သုတေသီလူငယ်တွေကိုလည်း အားပေးဂုဏ်ပြုနိုင်ဖို့အတွက် ၂၀၁၀ ပြည့်နှစ် ကစလို့ လူငယ်သုတေသီဆုချီးမြှင့်ခြင်းကိုလည်း ထည့်သွင်းဆောင်ရွက် ခဲ့တယ်လို့လည်း သိရပါတယ်။
အခု(၅၁)ကြိမ်မြောက် သုတေသနညီလာခံကြီးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ( ၅ ) ရက်ကျင်းပမှာ ဖြစ်ပြီး ညီလာခံကြီးကို ပေးပို့လာတဲ့ သုတေသနစာတမ်းတွေအနက် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနဲ့ ကျန်းမာရေးစနစ်သုတေသနစာတမ်းနဲ့ သုတေသနပိုစတာတွေကို ညီလာခံမှာ တင်သွင်းဖတ်ကြားနိုင်ဖို့ စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီက စနစ်တကျ စိစစ်ရွေးချယ်ဆောင်ရွက်ထားကြောင်းနဲ့ ပိုစတာပြသခြင်းကို In-person ပုံစံနဲ့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။ ညီလာခံမှာ သုတေသနစာတမ်း(၅၈)စောင်၊ သုတေသနပိုစတာ(၃၄)စောင် တင်သွင်း ဖတ်ကြားပြသကြမှာဖြစ်ပြီး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ( ၄ )ခုကို ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့ ဆွေးနွေးကျင်းပမှာ ဖြစ်တယ် လို့လည်းသိရပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးမြှင့်တင်မှုမှာ ထိရောက်မယ့် ဆောင်ရွက်ချက်များဖြစ်တဲ့အတွက် လေးစားဂုဏ်ယူပါကြောင်းပြောကြား လိုပါတယ်။
ဒီနေ့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ အပါအဝင် အသစ်ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများ(Emerging Infectious Diseases)နဲ့ ကမ္ဘာ့ကပ်ရောဂါ (Pandemics)အများစုဟာ တိရစ္ဆာန်တွေကနေ စတင်အခြေပြုဖြစ်ပေါ် လာတဲ့ ရောဂါများ (Zoonotic Diseases)ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ယခုနှစ်သုတေသနညီလာခံရဲ့ အဓိကသုတေသနဦးတည်ချက် ခေါင်းစဉ် ( Theme ) အဖြစ် “The Fight Against Zoonotic Diseases: A One Health Approach” “တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို တစ်စုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” လို့ သတ်မှတ်ထားပြီး ၎င်းနဲ့ပတ်သက်တဲ့ ပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ပြည်တွင်း / ပြည်ပ ပညာရှင်များ ပါဝင်ပြီး အတွေ့အကြုံတွေကို တင်ပြဆွေးနွေးကာ အသိအမြင်ချင်း ဖလှယ်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုကနေ တစ်ဆင့် ရလဒ်ကောင်းများထွက်ပေါ်လာမယ် လို့လည်း ယုံကြည်ပါတယ်။
ယနေ့ကမ္ဘာနဲ့တစ်ဝန်း ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေရာမှာ အဆင့်မြင့်မော်လီကျူးဆိုင်ရာ နည်းပညာတွေဟာ ရောဂါကုထုံးများ၊ ဆေးအသစ်ထုတ်ဖော်မှုများအတွက် များစွာ အထောက်အကူပေး နေကြောင်း သက်သေသာဓကများစွာကို တွေ့နေရပြီဖြစ်ပါတယ်။ ဒီအချက်ကို တီဘီရောဂါနဲ့ အသည်းရောင်အသားဝါရောဂါတို့အတွက် မီးမောင်းထိုးပြမယ့် “ Clinical Significance of Molecular Techniques: A Focus on TB and Hepatitis B (တီဘီနှင့် အသည်းရောင်အသားဝါ ဘီရောဂါကုသရေးတွင် မော်လီကျုလာနည်းပညာ၏ လက်တွေ့အသုံး ဝင်ခြင်းဆိုင်ရာဆွေးနွေးပွဲ)”ကို မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ တို့က သုတေသနသိပ္ပံပညာရှင်များက ဆွေးနွေးအသိပညာဖလှယ်မှုများ ပြုလုပ်မယ်လို့ သိရပါတယ်။
ယနေ့အချိန်မှာ ကိုဗစ် – ၁၉ ရောဂါပိုး၊ သွေးလွန်တုပ်ကွေးလို ဗိုင်းရပ်စ်ပိုးများ၊ မျိုးကွဲ၊မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ရောဂါပြင်းထန်မှု များနဲ့ ကပ်ရောဂါအသွင်ဖြစ်ပွားမှုတွေကို လက်တွေ့ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇပြောင်းလဲလာမှုတွေကိုလည်း စဉ်ဆက်မပြတ် အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်လေ့လာဖို့နဲ့ ကာကွယ်ကုသရေးတို့ အတွက် သုတေသနစွမ်းဆောင်ရည် တိုးတက်မြင့်မားအောင် ကြိုးပမ်း ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း လိုအပ်ချက် တွေကို ဆက်လက်ပံ့ပိုးဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အားပေးသွားမှာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ မကူးစက်တတ်တဲ့ ရောဂါများဖြစ်တဲ့ ကင်ဆာ၊ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်း တွေကိုလည်း ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေကို ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်း တွေကိုလည်း ဦးစားပေးဆောင်ရွက်ဖို့လိုအပ်ပါတယ်။ တိုင်းရင်းဆေး ပညာနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ သုတေသနတွေကတစ်ဆင့် ပြည်သူတွေလက်တွေ့အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေး ပညာရပ်နဲ့ တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာကို ထိုးဖောက် နိုင်ရေးအတွက် တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေး ပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက လက်တွေ့အသုံးချ သုတေသန(Implementation Research Grant)တွေအတွက် နှစ်စဉ် သုတေသနထောက်ပံ့ကြေးတွေ ပေးခဲ့ရာမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ် ပေးထားတဲ့ သုတေသနစီမံချက်(၁၇၃)ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ ၃)သန်းကို ခွဲဝေထောက်ပံ့ပေးပြီးဖြစ်တာ ကြောင့် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
ကျန်းမာရေးသုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့ အကျိုးကို ရှေးရှုပြီး ပြည်သူများရဲ့ မျှော်မှန်းသက်တမ်း ယခုထက်ပိုမို မြင့်မားလာစေဖို့အတွက် အခြေခံကျန်းမာရေးကောင်းမွန်ရေးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်ရေး၊ ရောဂါများကူးစက်ဖြစ်ပွားတတ်တဲ့ သဘောသဘာဝကို သိရှိကာကွယ်နိုင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်အောင် ဆောင်ရွက်ပေးကြဖို့လိုပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေး ပညာဆိုင်ရာသုတေသနများ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာပူးပေါင်း ဆောင်ရွက်ခြင်းများကို သုတေသနကျင့်ဝတ်များနဲ့အညီ တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိရတဲ့ အချက်များကိုလည်း အခုလိုညီလာခံများကျင်းပခြင်း၊ ပြည်တွင်း ပြည်ပသုတေသနဂျာနယ်များ၊ စာစောင်များထုတ်ဝေခြင်းစတဲ့ ပြည်သူ တွေကို အချိန်နဲ့တစ်ပြေးညီအသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးကြဖို့လည်း အလွန်အရေးကြီးပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်(၁၂)ရပ်အနက် လူမှုရေးဦးတည်ချက် တစ်ခုဖြစ်တဲ့ “ နိုင်ငံ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမို ခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး”ကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
အမျိုးသားကျန်းမာရေးသုတေသနမူဝါဒမှာပါရှိတဲ့ “ကောင်းမွန်သော သုတေသနအလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးခြင်းနှင့် သုတေသန လုပ်ငန်းဆောင်ရွက်နိုင်ရန် ကောင်းမွန်သော ပတ်ဝန်းကျင်အခြေအနေ ဖန်တီးပေးခြင်းဖြင့် သင်ကြားရေးဆိုင်ရာဌာနများတွင် သုတေသန ဆောင်ရွက်ရန် အားပေးရမည် ” ဆိုတဲ့ မူဝါဒနဲ့အညီ မိမိတို့နိုင်ငံမှာ အရာရာကို လေ့လာစူးစမ်းသုတေသနပြုလုပ်ပြီးမှ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြု လိုတဲ့စိတ်(Research minded)ရှိတဲ့ လူငယ်လူရွယ်တွေ ပညာရှင်တွေ များစွာပေါ်ထွက်လာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ်တိုးတက်လာနိုင်ဖို့ ငယ်စဉ်ကျောင်းသားဘဝကတည်းက သုတေ သနပြုလုပ်လိုတဲ့ ဝါသနာအလေ့အကျင့်ပါလာအောင် ပျိုးထောင်နိုင်ဖို့ အတွက် ယခုလိုကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများ စဉ်ဆက် မပြတ် ကျင်းပပေးနေဖို့ လိုအပ်ပါတယ်။
တစ်ချိန်တည်းမှာ အမျိုးသားကျန်းမာရေး သုတေသနမူဝါဒမှာ ပါရှိတဲ့ “ကျန်းမာရေးသုတေသနနှင့် သင်ကြားရေးဆိုင်ရာဌာနများတွင် ကောင်းစွာသက်ဝင်လှုပ်ရှားနေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သုတေသနဆောင်ရွက်မှုစနစ်တစ်ရပ် ထူထောင်ရမည်”ဆိုတဲ့ အချက် ကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သုတေသနပြု လုပ်မယ့် သုတေသီတွေအနေနဲ့ မိမိတို့လုပ်ဆောင်တဲ့ သုတေသနတွေဟာ မှန်ကန်တိကျပြီး မိမိတို့သုတေသနပြုလုပ်တဲ့ လူနာတွေ၊ ပြည်သူတွေ အတွက် ကောင်းကျိုးကိုသာဖြစ်စေမယ်ဆိုတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိတဲ့ ကျင့်ဝတ်နဲ့ညီတဲ့ သုတေသန(Responsible Conduct of Research)များသာ ဖြစ်ရမယ်ဆိုတာကို စွဲစွဲမြဲမြဲသိရှိလိုက်နာဆောင်ရွက် ပေးဖို့ အထူးအရေးကြီးလှပါတယ်။
ညီလာခံကြီးကို အောင်မြင်စွာကျင်းပနိုင်ဖို့ လုပ်ငန်းတာဝန်တွေ သတ်မှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရတဲ့အတွက် ညီလာခံကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီဝင်များအားလုံး စာတမ်း၊ ပိုစတာများဖတ်ကြားတင်သွင်းသူ သုတေသီများ၊ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွေမှာ ပါဝင်ဆွေးနွေး ကြသူ ပြည်တွင်း/ပြည်ပ ပညာရှင်များတို့ကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းနဲ့ မှတ်တမ်းတင်ချီးကျူးပါကြောင်း အလေးထားထည့်သွင်း ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့-
– ယခုကျင်းပတဲ့ ( ၅၁ )ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံကြီးမှာ တင်ပြတဲ့ သုတေသန စာတမ်းများ၊ သုတေသနပိုစတာများနဲ့ ပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ဆွေးနွေးပွဲများကနေ သုတေသနရလဒ်ကောင်းရရှိအောင် တိုင်ပင်ဆွေးနွေးပေးကြပါ။
– ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနဲ့ လူတိုင်းရောဂါ ဘယကင်းရှင်းရေးကို ထိရောက်အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ပေးကြပါ။
ဆေးသုတေသနဦးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဆေးသုတေသန တွေ့ရှိချက်တွေကို အသုံးချခြင်းဖြင့် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ လာစေရေးမျှော်မှန်းချက်ကို မျက်ဝါးထင်ထင် အကောင်အထည်ဖော် စေနိုင်တဲ့ ( Evidence-based research findings ) များဟာ ခိုင်မာ တိကျတဲ့ ရလဒ်အခြေပြု သုတေသနတွေ့ရှိချက်များဖြစ်တယ်လို့ ယုံကြည်ပါကြောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးတွန်းအားပေးမယ့် သုတေသနကောင်း များကို သုတေသီပညာရှင်များ စွမ်းစွမ်းတမံအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ် ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။