တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု

နေပြည်တော်၊ ဇန်နဝါရီ – ၄

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာ ရှိကြီးများနှင့်ဇနီးများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံရ ယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ရဲဘော်အချင်းချင်းအပေါ်ထားရှိသည့် မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားများကို ရှေ့တန်းတင်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ ရဲစွမ်း သတ္တိပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ကြသူများကို နှစ်စဉ် ဇန်နဝါရီလ ၄ ရက်ရောက်သည့် အခါတိုင်း တပ်မတော် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသား တိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ မိမိတို့ထံရောက်ရှိလာသည့် သမိုင်းပေးတာဝန်များကို ရဲစွမ်း ပြောင်မြောက်သည့် သူရသတ္တိအပြည့်ဖြင့် အသက်၊ သွေး၊ ချွေး၊ ခန္ဓာတို့ ရင်းနှီးပေး ဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံသားကောင်းများကို ယခုကဲ့သို့ လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း ဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ချီးမြှင့်ပေးခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ် လူငယ် များနှင့် မျိုးဆက်သစ်တပ်မတော်သားများအတွက် အဖိုးတန်စိတ်ဓာတ်ကောင်းများကို အားကျအတုယူစေရန်ပင်ဖြစ်ကြောင်း။

အတိတ်ကာလမှ ယနေ့ထက်တိုင် နယ်ချဲ့အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာဦးစားပေးပြီး နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နည်းလမ်းမျိုးစုံသုံးပြီး ထိုးဖောက်ဝင်ရောက်ခြယ်လှယ်နေကြကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့သည် ယင်းနိုင်ငံငယ်များကို ဦးစွာ တိုင်းရင်းသားလူမျိုး အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့် တပ်မတော် ကြားသွေးကွဲသွားအောင် နည်းပညာအား၊ မီဒီယာအားများဖြင့် အရင်ဆုံးထိုးနှက် တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအပါအဝင် တိုင်းရင်း သားပြည်သူများအနေဖြင့် အသိ၊ သတိနှင့် ယှဉ်ပြီး မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း။

မိမိတို့နိုင်ငံသည် သမိုင်းကနေရရှိခဲ့သည့် အတွေ့အကြုံသင်ခန်းစာများကြောင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ် မပျက် ဆက်ဆံနေထိုင်လျက်ရှိကြောင်း၊ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ဘက်လိုက် မှုမရှိဘဲ လွတ်လွတ်လပ်လပ် တရားမျှတမှုအပြည့်နှင့် ရပ်တည်နေသကဲ့သို့ လူသားအချင်း ချင်း အပေါ်တွင်သာမက နိုင်ငံအချင်းချင်းအပေါ်၌ပါ တန်းတူညီတူဆက်ဆံသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့နေထိုင်သည့်တိုင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ် အခြာအာဏာကို သွေးတိုးစမ်းသည့် အဖျက်အမှောင့်လုပ်ရပ်များရှိခဲ့သောကြောင့် မြန်မာ့ တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ ပြန်လည်ချေမှုန်းခဲ့ရသည့် သမိုင်းဝင် တိုက်ပွဲပေါင်းများစွာလည်း ရှိခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် “ရဲသော် မသေ သေသော်ငရဲမလား”ဟူသည့် ခံယူချက်ကို ရင်ဝယ်ပိုက်ပြီး တုံးတိုက်တိုက်၊ ကျား ကိုက်ကိုက်စိတ်မျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသူများသည် စစ်မှန်သည့် အာဇာနည်သူရဲကောင်း များဖြစ်ကြပြီး မြန်မာ့သမိုင်းမှတ်တမ်းတွင် မော်ကွန်းထိုးထားဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ မျိုးချစ်တပ်မတော်သား သူရဲကောင်းများ၏ အမည်နာမများသည် ဘယ်သောအခါမှ တိမ်မြုပ်ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ခေတ်အဆက်ဆက်သမိုင်းစဉ်ဆက် ထာဝရ မွှေးပျံ့နေမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

ယနေ့အခါတွင် ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများ အထိ ဆင်နွှဲလာကြသည်ကိုတွေ့ရှိရသည့်အတွက် ရှေ့တန်းနယ်မြေသည် ပိုမိုကျယ်ပြန့် လာသည်ကိုတွေ့ရှိရကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးအတွက် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အပြောမဟုတ် အလုပ်သက်သေများနှင့် ဆောင် ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ ဆောင်ရွက်ချက်များသည် သာမန်အမျိုးသမီးတိုင်း လုပ်နိုင်ခဲသည့် စွမ်းဆောင်ရည်ဖြစ်များပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့စွမ်းဆောင်ရည်များ ပေါ်ထွက်လာခြင်း ၏အခြေခံသည် မိမိနိုင်ငံအပေါ်ထားရှိသည့် စစ်မှန်သည့်မျိုးချစ်စိတ်ကြောင့်ပင်ဖြစ် ကြောင်း၊ တပ်မတော်၏ အဓိကအမာခံအရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များ သည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစုဂုဏ်နှင့် တပ်မတော်ဂုဏ်ကို စောင့် ထိန်းသူများဖြစ်ခဲ့ကြသောကြောင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက်ထိန်းသိမ်း သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

အများတကာလုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို စွန့်လွှတ်စွန့်စား မှုအပြည့်ဖြင့် ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့သူများအတွက် နှစ်စဉ်လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် တပ်မတော်စွမ်းရည်သတ္တိနှင့်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပေးလျက်ရှိရာ ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦးကို ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ ရဲသူရတံဆိပ်ရရှိသူ ၉ ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၉၉ ဦး၊ စီမံထူးချွန် တံဆိပ်(ပထမ)ဆင့်ရရှိသူ ၁၄ ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၂၈ ဦး၊ စီမံထူးချွန် တံဆိပ်(တတိယ)ဆင့်ရရှိသူ ၃၄ ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမ)ဆင့် ရရှိသူ ၃ ဦး၊ လူမှု ထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၆ ဦး၊ လူမှုထူးချွန် တံဆိပ် (တတိယ)ဆင့်ရရှိသူ ၃ ဦး၊ နည်းပညာထူးချွန်တံဆိပ်(ပထမ)ဆင့် ရရှိသူ ၅ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ) ဆင့်ရရှိသူ ၁၀ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၁၁ ဦး၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၄၈၀ ဦးတို့ကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင် တည်း ချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ကြောင်း။

ယနေ့တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း ခြင်းခံကြရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရာတွင် မိမိတို့ ကျရာတာဝန်များကို အသက်ကိုပင်မငဲ့ကွက်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ် တာဝန် ထမ်းဆောင်ပြီး မှတ်တမ်းကောင်းရေးထိုးခဲ့ကြသူများဖြစ်သဖြင့် ပြည်သူ့သားကောင်း အာဇာနည်များအဖြစ် အမြဲအမှတ်တရ လေးစားဂုဏ်ယူနေမည် ဖြစ်ကြောင်း။

အမိန့်နှင့်တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ပြည်သူ့သားကောင်းဇာနည်များ၏ ဖြူစင်မြင့်မြတ်သည့် နှလုံးသားများကို မျိုးဆက် သစ်များအနေဖြင့် လေးစားအားကျအတုယူလျက် နိုင်ငံတော်ကအားကိုးရပြီး၊ ပြည်သူ လူထုက လေးစားအားထားရသည့် မျိုးချစ်တပ်မတော်သားကောင်းဇာနည်များဖြစ် အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုကြောင်း ဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၉ ဦး၊ ဗိုလ်ကြီး ၁၀ ဦး၊ ဗိုလ် ၁ ဦး၊ ဒုတိယအရာခံဗိုလ် ၁ ဦး၊ ဒုတိယတပ်ကြပ် ၁ ဦး တို့အား ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက် ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတ အဖွဲ့က တေးသီချင်း၊ အက၊ အလှများဖြင့် ဖျော်ဖြေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ် ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။