နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒစကားပြောကြား

နေပြည်တော်၊ ဧပြီ – ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးဝဏ္ဏမောင်လွင်၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်း များမှဆရာ၊ ဆရာမများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်လူရည်ချွန် မောင်မယ်များ၊ ကင်းထောက်လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လူရည်ချွန်မောင်မယ်များက အခမ်းအနားဖွင့်လှစ်ခြင်းအဖြစ် “လင်းလက်ကြယ်များ တောက်ပချိန်” အစီအစဉ်ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ဘဝအမွန် လူရည်ချွန်”  တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်လူရည်ချွန်မောင်မယ်များ”  Video Clip ကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဩဝါဒစကားပြောကြားရာတွင် မောင်တို့မယ်တို့လူငယ်များသည် ပြည့်ခွန်အားများ ဖြစ်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက်အရေးကြီးသည့် လူ့စွမ်းအားအရင်း အမြစ်များလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ် များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ်ကြိုးပမ်းအားထုတ်သွား ကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်အတွက် လူငယ် များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော် လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း။

ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်း လဲလာသည့် ကမ္ဘာကြီးကိုလက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန် စွာ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန် တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ ဥပဒေကိုသိရှိလေးစားလိုက်နာတတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှု တာဝန်များကို ကျေပွန်စွာပြုမူနေထိုင်တတ်စေရန်လည်း လမ်းပြသွန်သင်ပေးသွားကြရ မည်ဖြစ်ကြောင်း။

မောင်တို့မယ်တို့အပါအဝင် လူငယ်အားလုံး ပညာသင်ယူလေ့လာသည့် အခါတွင် စာပေဘာသာရပ်များကို တတ်မြောက်ထူးချွန်ရုံသာမကဘဲ စာပေပညာ သင်ကြားရ ခြင်း၏ ရည်ရွယ်ချက်များအတိုင်း ဘက်ပေါင်းစုံက ထူးချွန်ထက်မြက်အောင် ကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်ရန်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းတတ်ရန်၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုရန်၊ လူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်သည့် စိတ်ဓာတ်၊ ကောင်းမွန်သည့် အလေ့အကျင့်များနှင့် ဝင်ဆံ့အကျိုးပြုနိုင်ရန်၊ နိုင်ငံ့သားကောင်းမှ သည် ကမ္ဘာ့သားကောင်းဖြစ်ရန်စသည့် အရည်အသွေးများနှင့်ပြည့်စုံသည့် လူတော် လူကောင်းများဖြစ်ရန် လေ့လာသင်ယူပြီး လိုက်နာကျင့်သုံးသွားကြခြင်းဖြင့် ငြိမ်းချမ်း သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

လူရည်ချွန်များ ပြုစုပျိုးထောင်မွေးထုတ်ပေးခဲ့သည့် သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုပါက ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကျင်းပခဲ့ပြီး (၂၅)ကြိမ်မြောက် ငွေရတု လူရည်ချွန်စီမံကိန်းကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ် နောက်ပိုင်း ခေတ္တရပ်နားခဲ့သည့် လူရည်ချွန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအဖြစ် ပြန်လည်‌ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈  ခုနှစ်တွင်                “လူရည်ချွန်စီမံကိန်း” အမည်ဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အခြေအနများကြောင့် ခေတ္တရပ်နားခဲ့ရ ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစပြီး ပြန်လည်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ထပ်ကွမ်းလူရည်ချွန်များအပါ အဝင် မောင်မယ်တို့နှင့် တွေ့ဆုံရသည့် အချိန်ကာလကို ရောက်ရှိလာခြင်းဖြစ်ကြောင်း။

 ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ နဝမတန်း လူရည်ချွန် ၁၄၀ ဦး၊ ဒသမတန်းလူရည်ချွန် ၁၄၀ ဦး၊ ဧကာဒသမတန်းလူရည်ချွန် ၁၃၇ ဦးအပြင် ဒွါဒသမတန်း ၁၃၇ ဦး၊ စုစုပေါင်း ၅၅၄ ဦး ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်အရ အခြေခံပညာ၏ နောက်ဆုံးအတန်း ဖြစ်သည့် ဒွါဒသမတန်းကို ဖွင့်လှစ်ခဲ့သည့်အတွက် လူရည်ချွန်ရွေးချယ်သည့်အခါ ဒွါဒသမတန်းကိုပါ ရွေးချယ်နိုင်ခဲ့ကြောင်း။

လူရည်ချွန် ကျောင်းသားကျောင်းသူများကို ရွေးချယ်သည့်အခါ စာပေဘာသာရပ် များကိုသာ စစ်ဆေးအကဲဖြတ်ရုံတစ်ခုတည်းမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တ ပိုင်းဆိုင်ရာကောင်းမွန်မှုကိုပါ စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြခြင်းပင်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့်စိစစ်မှုကို ကျော်ဖြတ်ပြီး ထူးချွန်စွာအောင်မြင်ခဲ့ ကြသူများ ဖြစ်သည့် အတွက် ဂုဏ်ယူသည်ကိုထပ်လောင်းပြောကြားလိုကြောင်း။

ယခုနှစ် လူရည်ချွန်မောင်မယ်များကို ယခင်နှစ်များအတိုင်း နဝမတန်း လူရည် ချွန်များကို ရှေးဟောင်းအမွေအနှစ်ဒေသ ပုဂံမြို့၊ ဒသမတန်း လူရည်ချွန်များကို ရှမ်း ပြည်နယ်တောင်ပေါ်ဒေသ တောင်ကြီးမြို့၊ ဧကာဒသမတန်းလူရည်ချွန်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ပင်လယ်ကမ်းခြေငွေဆောင်မြို့သို့ စေလွှတ်သလို ဒွါဒသမတန်း လူရည် ချွန်များကို ပင်လယ်ကမ်းခြေ ချောင်းသာလူရည်ချွန်စခန်း အသီးသီးကို လေ့လာရေး ခရီးစဉ် စေလွှတ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့စေလွှတ်ခြင်းအားဖြင့်  ရည်ရွယ်ချက် ချမှတ်ခဲ့သည့်အတိုင်း လူရည်ချွန် မောင်မယ်များအချင်းချင်း ချစ်ခင်ရင်းနှီး မှုရရှိခြင်း၊ အသိပညာဗဟုသုတများ ဖလှယ်နိုင်ခြင်းအပြင်‌ လူရည်ချွန်စခန်းအခြေစိုက်ရာ ဒေသ များ၏ ဒေသန္တရဗဟုသုတများရရှိခြင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့များ သိရှိနားလည်ပြီး မိမိနိုင်ငံနှင့် လူမျိုးအားချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ကိန်းအောင်း ရှင်သန်လာစေမည်ဖြစ်ကြောင်း။

ယခုကဲ့သို့အဆင့်ဆင့်ကျော်ဖြတ်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ဖြစ် လာရန် ကာယ၊ ဉာဏစွမ်းအားများနှင့် ကြိုးစားအားထုတ်ခဲ့သည့် မောင်မယ်များ အနေဖြင့် မိမိတို့၏အားထုတ်ကြိုးပမ်းမှုများကို ဆက်လက်ထိန်းသိမ်းထားရန်လို ကြောင်း၊ ရှေ့ဆက်ပြီး အဖိုးတန်လူငယ်များဖြစ်စေရန်နှင့် မိမိနေထိုင်ရာလူ့အဖွဲ့အစည်း ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်သည့် အလေ့အကျင့်ကောင်းများ အစဉ် အမြဲကိန်းအောင်း နေစေရန်လည်း ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ “မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်း ကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်” ဆိုသည့်ကျောင်းကောင်စီကတိကဝတ်နှင့်အညီ မိမိကိုယ်တိုင်သာမကမိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက်ပါ အကျိုးရှိသည့် စံပြလူငယ်မောင်မယ်များဖြစ်အောင် ကြိုးပမ်းထိန်း သိမ်းသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

လူငယ်မောင်မယ်များကို အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားတက်ကြွဖျတ် လတ်သည့်၊ သူတစ်ပါးကို ကူညီရန်အသင့်ရှိသည့်၊ လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်သည့်၊ လူ့စွမ်းအားအရင်းအမြစ်များ ပြည့်ဝသော နိုင်ငံ့သား ကောင်းများဖြစ်ရန်၊ တစ်နည်းအားဖြင့် လူတော်လူကောင်းများဖြစ်ရန် ပြုစုပျိုးထောင် ပေးခြင်းသည် မောင်တို့မယ်တို့အနေဖြင့် ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်ကြရန်ပင် ဖြစ်ကြောင်း။

ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများတွင် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်နေရန် လိုအပ်ကြောင်း၊ ထိုအထဲမှ ပညာရေးသည် အခြေခံဖြစ်သဖြင့် အဓိကကျကြောင်း၊ လူမှန်းသိတတ်စအရွယ်ကတည်းက ကျောင်းတက်ပညာသင်ကြပြီး ဘဝရှေ့ရေးအတွက် အတတ်ပညာ အသိပညာပြည့်ဝအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာရေး အခြေခံမကောင်းပါက မိမိအတွက်သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် မဖြစ်နိုင် ကြောင်း၊ ထို့ကြောင့် အခြေခံပညာကဏ္ဍတွင် လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့် အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကိုဆုံးခန်းတိုင်သင်ယူနိုင်ရေးသည် အလွန် အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး  ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာဆရာမများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်သည်ကို မှာကြားလိုကြောင်း။

ယခုကဲ့သို့ လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံမှာကြားခိုက်တွင် ကျောင်းသား ကျောင်းသူများ စာသင်နှစ်ပြီးသဖြင့် အတန်းတက်ပြီး တန်းစဉ်ကူးပြောင်း သင်ယူကြရာ တွင်ယခင်နှစ်များက သင်ကြားလိုက်သည့် သင်ခန်းစာများကို တစ်ပါတည်းသိရှိမှတ် သား သယ်ဆောင်ကြရန် မှာကြားလိုကြောင်း၊ နှစ်စဉ်သင်လိုက်သည့်စာများ၊ ပညာများ ကို မေ့ပျောက်မပစ်ဘဲ ဦးဏှောက်ထဲတွင် စွဲစွဲမြဲမြဲမှတ်သားမိနေပါမှ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်သည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက အတန်းသာ အောင်၊ အသက်အရွယ်ကြီးမြင့်လာသော်လည်း ရှိသင့်ရှိထိုက်၊ ပြည့်စုံသင့် ပြည့်ဝထိုက်သည့် အသိပညာ၊ အတွေးအခေါ်၊ အယူအဆများ ရှိမလာနိုင်ခြင်းကြောင့် မိဘဆရာများက ပူးပေါင်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြား လိုကြောင်း။

လူရည်ချွန်မောင်မယ်များ လေ့လာရေးခရီးစဉ် တစ်လျှောက်အေးချမ်းပျော်ရွှင် စွာ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ လေ့လာရေး၊ ရေ၊ မီး၊ လျှပ်စစ် နှင့် သန့်ရှင်းရေး၊ ဘေးကင်းလုံခြုံရေး၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်ထားကြောင်း။

မောင်တို့မယ်တို့အနေဖြင့် မိမိတို့သက်ဆိုင်ရာ စုရပ်စခန်းနှင့် စခန်းအသီးသီးသို့ သွားရာခရီးစဉ်တစ်လျှောက် စည်းကမ်းတကျနှင့်သွားလာရန်၊ မိမိကျောင်း၊ မိမိမြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကို ကောင်းမွန်သည့် ဂုဏ်သတင်းနှင့် ကိုယ်စားပြုနိုင်ရန်၊  စခန်းအသီးသီးကိုရောက်သည့်အခါတွင်လည်း ဒေသန္တရဗဟုသုတများကို လေ့လာမှတ် သားရန်၊ အချင်းချင်းဗဟုသုတဖလှယ်ပြီး စည်းလုံးညီညွတ်စွာနေထိုင်ရန် မိမိတို့၏ ကြီးကြပ်ဆရာဆရာမများ၏ အုပ်ထိန်းမှုအောက်တွင် စည်းကမ်းသေဝပ်စွာ နေထိုင် ပြုမူ လှုပ်ရှားရန်မှာကြားလိုကြောင်း၊ သို့မှသာလူရည်ချွန်စီမံကိန်း အကောင်အထည် ဖော်ခြင်း၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စေမည်ဖြစ်သည်ကို ထပ်လောင်း အသိပေးပြောကြားလိုကြောင်း၊ အထူးသဖြင့် ခရီးစဉ်တစ်လျှောက် ကျန်းမာရေးဂရုစိုက် ရန်နှင့် မိမိတို့နေရပ်သို့ ပြန်ရောက်သည့်အခါ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် အုတ်တစ် ချပ်သဲတစ်ပွင့်ပမာ ဆောင်ရွက်နိုင်ကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်၊ လူရည် ချွန် စခန်းအလိုက် အထိမ်းအမှတ်အလံများကို လူရည်ချွန်မောင်မယ်များထံပေးအပ်ပြီး လူရည်ချွန်မောင်မယ်များက အထိမ်းအမှတ်လက်ဆောင် ပြန်လည်ပေးအပ်သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်းမှ သုံးထပ်ကွမ်းလူရည်ချွန် မောင်အောင်ကောင်းပြည့် က ဂါရဝပြုကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “အလင်းတစ်ခေတ်၏ အရင်းအမြစ်များကို မွေးဖွားခြင်း” ကဇာတ် ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနု ပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနု ပညာရှင်များနှင့် လူရည်ချွန်မောင်မယ်များ၊ ကင်းထောက်လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်များက “လူငယ်စွမ်းရည်” တေးသီချင်းဖြင့် လည်းကောင်း စုပေါင်းသီဆို ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ လူရည်ချွန်မောင်မယ်များသည် စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် လူရည်ချွန်မောင်မယ်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများနှင့် ထူးချွန်လူငယ်မောင်မယ်များ သည် ခင်းကျင်းပြသထားသည့် ပြခန်းများအတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်လူရည်ချွန် မောင်မယ်များ၊ ကင်းထောက် လူငယ်၊ ကြက်ခြေနီလူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်များနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။