မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဧပြီ – ၃

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင် စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရန်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းနာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် “စာပဒေသာ ဝေဆာစေမည်” ဗီဒီယို Clip ကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှပြုလုပ်သည့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားများနှင့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကဲ့သို့ အခမ်းအနားများ တွင် ပြန်ကြားရေးဝန်ကြီးဌာနမှခင်းကျင်းပြသသည့် ခေတ်အဆက်ဆက်တွင် ထုတ်ဝေ ခဲ့သည့်စာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း၊ အဆိုပါစာအုပ်များအနက် လက်ရှိ အချိန်အခါတွင် ထပ်မံထုတ်ဝေသင့်သည့် စာအုပ်များ၊ ဟောင်းနေသော်လည်း ပြည်သူ များ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်များ၊ လူငယ်လူရွယ်များအတွက် အသိပညာ ဗဟုသုတဖြစ်စေမည့် စာကောင်းပေမွန်များ၊ ပြည်သူကိုအကျိုးပြုသည့် သုတရသ စာအုပ်များကို ပြန်လည်ပုံနှိပ်ထုတ်ဝေရန် အမြဲလမ်းညွှန်မှာကြားခဲ့ကြောင်း။

အဆိုပါ စာအုပ်များအတွင်းမှ ယနေ့မိမိတို့မိသားစုက မြန်မာနိုင်ငံစာကြည့် တိုက်ဖောင်ဒေးရှင်းကို လှူဒါန်းမည့် လူထုသိပ္ပံကျမ်းအတွဲများလည်းပါဝင်ကြောင်း၊ လူထုသိပ္ပံကျမ်းများကို လွတ်လပ်ရေးရပြီးကာလ ၁၉၅၅ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း အတွဲ(၉)တွဲအထိ မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းကြီး(စာပေဗိမာန်)က ပထမ အကြိမ်အဖြစ် ထုတ်ဝေခဲ့ ခြင်းဖြစ်ကြောင်း၊ လူထုသိပ္ပံကျမ်းများတွင် စကြဝဠာ၊ ကမ္ဘာ မြေ  ဘဝအကြောင်းရပ်များ၊ အပင်၊ တိရစ္ဆာန်၊ ဒြပ်နှင့် စွမ်းအင်၊ စက်မှုလက်မှုနှင့် လူ့အဖွဲ့အစည်း စသည်များကို သုတေသနလုပ်ငန်းများပြုလုပ်ပြီး အသိဉာဏ်ပညာ တိုးတက်စေရန် ရည်ရွယ်ပြုစုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစာအုပ်များသည် ယနေ့အချိန် တွင် လူငယ်လူရွယ်များ လေ့လာသင့်သည့်စာအုပ်များဖြစ်သဖြင့် မိမိအကြံပြုလမ်းညွှန် သည့်အတိုင်း ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဒုတိယအကြိမ်အဖြစ် ပြန်လည်ပုံနှိပ် ထုတ်ဝေနေပြီဖြစ်ကြောင်း။

ယခုအချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနက လူထုသိပ္ပံကျမ်းအတွဲ (၁)၊ (၂)၊ (၃) သုံးအုပ်ကို ထပ်မံထုတ်ဝေပြီးဖြစ်ကြောင်းနှင့် အတွဲ (၄) နှင့် (၅) နှစ်အုပ်ကိုလည်းဆက် လက်ထုတ်ဝေရန် ဆောင်ရွက်နေကြောင်း၊ ကျန်သည့်အတွဲများကိုလည်း ဆက်လက် ထုတ်ဝေသွားမည်ဟု သိရှိရကြောင်း၊ အဆိုပါစာအုပ်များသည် ယနေ့လူငယ်လူရွယ်များ သိသင့် သိထိုက်သည့်၊ လေ့လာဖတ်ရှုသင့်သည့် အသိပညာဗဟုသုတများပါခြင်း ကြောင့် မိမိနှင့်မိသားစုက ယခုစာအုပ်များကို စာကြည့်တိုက်များတွင် လှူဒါန်းလိုသည့် စိတ်ဆန္ဒပေါ်ပေါက်လာပြီး ထုတ်ဝေပြီးသည့် အတွဲ(၃)တွဲမှ အတွဲတစ်တွဲကို အုပ်ရေ (၁၅၀၀)စီဖြင့် စာအုပ်ပေါင်း (၄၅၀၀)ကို နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းကို အုပ်ရေ(၃၀၀၀)နှင့် တပ်မတော် ဌာနချုပ် များ၊ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များအတွက် အုပ်ရေ(၁၅၀၀) လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ အလားတူ ပြန်ကြားရေးဝန်ကြီးဌာနကလည်း သုတရသစာအုပ် (၅၅၀၀) ကို တစ်ပါတည်းလှူဒါန်းမည်ဖြစ်ကြောင်း၊ လူထုသိပ္ပံကျမ်းအတွဲ(၄)နှင့်(၅)  ထုတ်ဝေ ပြီးပါကလည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း။

စာအုပ်စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်ကြောင်း၊ ယခုလှူဒါန်းသည့်စာအုပ် များသည် လွန်ခဲ့သည့်နှစ်(၆၀)ကျော်ကဆိုသော်လည်း ယနေ့ခေတ်လူငယ်များ မသိ နိုင်သေးသည့် အကြောင်းအရာများစွာ ပါဝင်ကြောင်း၊ မိမိပင်လျှင် တချို့မသိကြောင်း၊ ထို့ကြောင့် ယခုလှူဒါန်းသည့် စာအုပ်များကို တစ်လတွင် လူတစ်ယောက်ဖတ်ဖြစ်လျှင် တစ်နှစ်စာဖတ်သူဦးရေ ၅၄,၀၀၀ ကိုအသိပညာများရစေမည်ဖြစ်ကြောင်း၊ စာအုပ်၏ တန်ဖိုးကိုဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ရသည့်အသိက တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိမည်ဖြစ်ကြောင်း။

မိမိနှင့် မိမိ၏ဇနီးပါ စာပေဗိမာန်စာအုပ်အသင်းဝင်များ ဖြစ်ကြကြောင်း၊ ယနေ့ အထိ နှစ်စဉ်အသင်းဝင်သက်တမ်းတိုးမြှင့်ပြီး အသင်းဝင်ဖြစ်နေခြင်းကြောင့် စာပေ ဗိမာန်က ဖြန့်ဝေပေးပို့သည့် လက်စွဲစာစဉ်များကို ပုံမှန်ရရှိပြီး အမြဲပင်ဖတ်ရှုလေ့လာ ဖြစ်ကြောင်း၊ အခြားစာအုပ်စာပေတိုက်များက ထုတ်ဝေသည့် စာအုပ်စာစောင်များ ကိုလည်း ဖတ်ရှုလေ့လာသင့်သည်များကို ရှာဖွေဝယ်ယူပြီး အချိန်ပေးကာ လေ့လာ ဖတ်ရှုလျက်ရှိကြောင်း၊ အလုပ်များသည်ဖြစ်သော်လည်း နေ့စဉ်စာဖတ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့အနေဖြင့် ပညာရေးကဏ္ဍကို တိုးတက်မြင့်မားလာအောင် ဘက်ပေါင်းစုံ ကမြှင့်တင်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်စေရေး အခြေခံပညာအဆင့်တွင် အခမဲ့ပညာရေးနှင့် လက်လှမ်းတမီ သင်ယူနိုင်သည့် အခွင့်အလမ်းရအောင် လုပ်ဆောင်ပေးနေကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သကဲ့သို့ ပညာရေးသည်လည်း နိုင်ငံ၏အနာဂတ်ဖြစ်သည့် အတွက် ပညာတတ်လူငယ်များဖြစ်လာအောင်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင်၊ အချိန်မတိုင်မီအကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်း မရှိအောင်၊ တန်းစဉ်ကူးပြောင်းမှုတွင် အရေအတွက်သာမကအရည်အချင်းပါ လျော့ နည်း မသွားအောင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားလို ကြောင်း။

ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်း အားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ရှိလူဦးရေ ၅၆ သန်းကျော်ရှိသည့်အနက် ဘွဲ့ရသူသုံးသန်းခန့်သာ ရှိကြောင်း၊ အသက် ၂၅ နှစ်အထက် ၂၅.၁၇ သန်းခန့်တွင် မူလတန်းနှင့် အလယ်တန်းအဆင့်ရှိသူ ၇၀ ရာခိုင်နှုန်းခန့်၊ ဘွဲ့ရ၊ နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာ ပြီးမြောက်သူ ဦးရေသည် တစ်နိုင်ငံလုံးတွင် ၁၃ ရာခိုင်နှုန်းခန့်သာရှိသည်ကို စာရင်းဇယားများအရ သိရကြောင်း၊ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ် သဖြင့် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း၊ ထို့ကြောင့်လည်း မိမိတို့ အနေဖြင့် အခြေခံပညာအဆင့်တွင် KG+9 အထိ မသင်မနေရစနစ်ချမှတ် ဆောင်ရွက် လျက်ရှိကြောင်း။

မိမိတို့ တာဝန်ယူဆောင်ရွက်နေချိန်တွင် အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီး မလွှဲမရှောင်သာ ကျောင်းထွက်သွားကြရမည့် လူငယ်များအတွက် ဘဝ တွင် သက်မွေးပညာတစ်ခုခုပါသွားစေရေး အခြေခံပညာအထက်တန်းအဆင့်တွင် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သက် မွေးပညာများကို ၂၀၂၃၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ က အထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် နောက်ထပ် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သင်ကြားပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။

ဘဝအတွက် စာဖတ်ရန်လိုအပ်သည့် စကားတစ်ခုမှတ်သားမိကြောင်း၊ ၎င်းမှာ  စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာမဖတ်သည့်သူမှာ ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်သည့်သူမှာတော့ လမ်း လျှောက်နေသည့်သူနှင့်တူသည်ဟု ဆိုကြောင်း၊ ထို့ကြောင့် စာပေလေ့လာဖတ်ရှုကြရန် တိုက်တွန်းကြရမည်ဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန် မိမိတို့ အားပေးကြရမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးကြရမည်ဖြစ်ကြောင်း။

အသိပညာမြင့်မားအောင် လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေးကို လုပ်ဆောင်ကြရန်လည်း လိုအပ် မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းရှိသည့် အတွက် ကျေးလက်ဒေသနေပြည်သူများ စာအုပ်စာပေဖတ်ရှုရန်နှင့် စာအုပ်စာစောင် များ လက်လှမ်းတမီထားရှိပေးရန်အတွက် စာကြည့်တိုက်များကို အမှန်တကယ် အားကိုးအားထားပြုကြရမည်ဖြစ်ကြောင်း။

ယနေ့အချိန်တွင် ခရိုင်နှင့်မြို့နယ်အဆင့်စာကြည့်တိုက်ပေါင်း ၄၁၀ ကိုပြန်ကြား ရေးဝန်ကြီးဌာနက တာဝန်ယူပြီးဖွင့်လှစ်ပေးနေကြောင်း၊ အဆိုပါ စာကြည့်တိုက်များ သည် နိုင်ငံတော်အစိုးရ၏ထောက်ပံ့မှုဖြင့် ဖွင့်လှစ်နေသည့် စာကြည့်တိုက်များပင် ဖြစ်ကြောင်း၊ ထို့ပြင်ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူ လူထုအစီအစဉ်ဖြင့် ဖွင့်လှစ်နေသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော် ဖွင့်လှစ်ထား သည်ဟုလည်း သိရကြောင်း၊ ယခုဖွင့်လှစ်နေသည်ဆိုသည့် အဆိုပါစာကြည့်တိုက် များသည် စာကြည့်တိုက် အဆောက်အအုံများ၊ စာအုပ်စာစောင်များ၊ စာအုပ်ငှားရမ်း ဖတ်ရှုသူများ၊ စာကြည့်တိုက်ရန်ပုံငွေများ၊ စာကြည့်တိုက်ကော်မတီနှင့် စာကြည့် တိုက်မှူးများရှိပြီး စာကြည့်တိုက်လုပ်ငန်းများကို ပုံမှန်လည်ပတ်နေသည့် စာကြည့် တိုက်များပင်ဖြစ်သည်ဟု သိရကြောင်း၊ ယခင်က ယခုထက်များပြားသည့် အရေ အတွက်ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်လုပ်ငန်းများ ရပ် နားသွားခဲ့သည်ဟုလည်း သိရကြောင်း။

ယခုကဲ့သို့ ပျက်စီးလျော့နည်းသွားသည့် စာကြည့်တိုက်များကို ယခင်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန်အတွက်လည်း မိမိတို့လုပ်ဆောင်ပေးရန်လိုကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်အခါ နိုင်ငံတော်အစိုးရတစ်ခုတည်းကသာ ဆောင်ရွက်၍မရဘဲ ဒေသ ဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သည့် NGOs များကပါ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

ယနေ့ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရွာတစ်ရွာကဲ့သို့ဖြစ်နေပြီး Global Village ဟုတင်စားပြောဆိုကြသည်မှာမှန်ပါကြောင်း၊ သို့သော် ရုပ်ဝတ္ထုပစ္စည်းများ မည်မျှပင် တိုးတက်ပါစေ၊ အဆိုပါရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးပြုကြသည့် လူသားများ၏ စိတ်ဓာတ်များသည် မတိုးတက်၊ မမှန်ကန်၊ အားနည်းနေမည်ဆိုပါက ကောင်းကျိုးထက် ဆိုးကျိုးများနှင့်လည်း ကြုံရနိုင်ချေများကြောင်း၊ အရာရာတွင် စိတ် ကဦးဆောင်သည်ဖြစ်သဖြင့် အသိဉာဏ်ပညာပြည့်ဝကြမှသာ ကောင်းကျိုးပြည့်ဝ သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြမည်ဖြစ်ကြောင်း။

နိုင်ငံနှင့်ပြည်သူကို အကျိုးပြုမည့် စာကောင်းပေမွန်များကို များများရေးသား ပြုစုထုတ်ဝေပေးကြရန်၊ ထုတ်ဝေပြီးသား စာအုပ်စာစောင်အဟောင်းများအနက် အသိ ပညာဗဟုသုတပေးနိုင်မည့် စာအုပ်ကောင်းများကို ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်အောင် ကြိုးစားပေးကြရန်၊ စာတတ်သူတိုင်းစာဖတ်ကြစေရေး နှိုးဆော်တိုက်တွန်းခြင်း၊ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးကြရန်၊ စာတတ်ရုံ၊ အတတ် ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့်၊ ဗလငါးတန် ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာစေရန် တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်၊ ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက် ကျေးရွာစာကြည့်တိုက်များ တိုးပွားရေး၊ ရေရှည်တည်တံ့ရေး၊ တိုးတက်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ နိုင်ငံတော်အစိုးရမှ လှူဒါန်းသော သုတ၊ ရသစာအုပ် ၃၅၀၀ အုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှလှူဒါန်းသည့် လူထုသိပ္ပံကျမ်းအတွဲ (၁/၂/၃) စာအုပ် ၃၀၀၀ အုပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်ဇနီးတို့ကပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေး ရှင်း နာယက ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေ တို့က လက်ခံရယူသည်။

ယင်းနောက် တပ်မတော်မှ ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့ စာကြည့်တိုက်များသို့ နိုင်ငံတော်အစိုးရမှလှူဒါန်းသော သုတ၊ ရသ စာအုပ် ၂၀၀၀ အုပ်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၁/၂/၃) စာအုပ် ၁၅၀၀ အုပ်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လက်ခံ ရယူသည်။

၎င်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်း က စာကြည့်တိုက်များတည်ထောင်ဖွင့်လှစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထား သည့် စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။