ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်  “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ – ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး တို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ နေပြည်တော် စာကြည့် တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ နေပြည်တော် Book Club အဖွဲ့ဝင်များ၊ ကျေးရွာစာကြည့်တိုက်မှူးများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ရေကြောင်းလူငယ် နှင့် လေကြောင်းလူငယ်မောင်မယ်များ၊ လူရည်ချွန်မောင်မယ်များ၊ ကင်းထောက် လူငယ်များ၊ ကြက်ခြေနီမောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် အမှတ်(၁၁)အခြေခံပညာအထက်တန်း ကျောင်း၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများ၏ “ပညာဘဏ်တိုက် စာကြည့် တိုက်သို့သွားကြစို့” တေးသီချင်းဖြင့်သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး စာဖတ် ရှိန်မြှင့်တင်ရေးဆိုင်ရာ “Video Clip” ကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ပညာဗဟုသုတပြည့်စုံကြွယ်ဝရေး အလွယ်ကူဆုံးနှင့် အထိရောက် ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပြီး စာကြည့်တိုက်များ၏ လုပ်ငန်းရပ်များ ပိုမိုတိုးတက်လာစေရန် ဧပြီလမှ စတင်၍ လှူဒါန်းဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားသည် တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

လူတိုင်းသည်ဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြကြောင်း၊ ယခင်က စာတတ်မြောက် ရေးလှုပ်ရှားမှုရုပ်ရှင်ဖြစ်သည့် “ ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ကား၌ “အ” သုံးလုံးလှုပ်ရှားမှုမှတ်တမ်းတွင် သင်ယူသူများအနေဖြင့်  စာတတ်မြောက်ရန်အတွက် စိတ်အားထက်သန်နေသည်ကို တွေ့ရှိနိုင်ကြောင်း၊ စာပေ တတ်မြောက်မှု မရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အခက်အခဲများ ကြုံတွေ့နိုင် ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရ စာတတ်မြောက်မှုရာခိုင်နှုန်းအရ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်း ခန့်သည် စာတတ်မြောက်မှုရှိသည်ကိုတွေ့ရကြောင်း၊ သို့သော် အများစုအနေဖြင့် မူလတန်း ပညာကိုသာတတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေ အရွယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် လူမှုအသိုင်း အဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာများ ရရှိအောင်ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက် အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့်လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ် ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်မည်ဖြစ် ကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်များမွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရန် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာရေးကိုအားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် အသိပညာကြွယ်ဝကြ သဖြင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်သည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု များကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော်လည်း ပညာတတ် နည်းပါးသည့်နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ်များပေါကြွယ်ဝစေရေးအတွက် လူတိုင်းစာတတ် မြောက်ရေးကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပညာတတ်များပေါကြွယ်ဝရေးကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို မဖြစ်မနေအားပေး မြှင့်တင်ရန်လိုအပ်သောကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်မှ အစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု” များကိုဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ပညာရေးအခြေအနေအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ပင် တန်းစဉ် ကူးပြောင်းမှုများသည် နှစ်စဉ်လျော့နည်းခဲ့သည်ကို အချက်အလက်များအရသိရှိရပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်လည်း တန်းစဉ်ကူးပြောင်းမှုများသည် လျော့နည်းခဲ့ သည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းခြင်းသည် နိုင်ငံအတွင်း ပညာတတ်ပေါကြွယ်ဝခြင်းကို ထိခိုက်စေလျက်ရှိသဖြင့် တန်းစဉ် ကူးပြောင်းမှုမြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တန်းစဉ်ကူးပြောင်းမှု တွင် မပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အသိပညာအတတ် ပညာများ လေ့လာဖတ်ရှုနိုင်ရေး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

စာဖတ်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင် သည်ဖြစ်သော်လည်း အဆိပ်အတောက်သတင်းအချက်အလက်များ လွှမ်းမိုးနေသည် ဖြစ်၍ မိမိဘဝကိုအကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုကြောင်း၊ စာအုပ် စာပေဖတ်ရှုမှုသည် မိမိဘဝကိုအကျိုးပြုနိုင်ကြောင်း၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ်စာပေများကို  ရွေးချယ်ဖတ်ရှုရန် လည်းလိုအပ်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် စာကြည့် တိုက်များ ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကို လည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ ကျေးလက်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ် အကျိုးဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ထားရှိနိုင်ရေးအတွက် လည်း တာဝန်ရှိသူများမှ ကြီးကြပ် ဆောင်ရွက်ပေးရန်လိုကြောင်း။

စာပေဖတ်ရှုခြင်းတွင် အပျော်ဖတ်စာပေမှစတင်၍ ဗဟုသုတရရှိသည့် စာပေ အထိဖတ်ရှုရန်လိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတို့မှ သုတ၊ ရသ စာအုပ်စာစောင်များကို အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ပုံနှိပ်ထုတ်ဝေလျက်ရှိသကဲ့သို့ သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများနှင့် စာအုပ်စာစောင်များလှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံး၏ လှူဒါန်းမှုသည် စဉ်ဆက်မပြတ်သည့်၊ မွန်မြတ်သည့် အသိပညာဒါနအလှူဖြစ် သည့်အတွက် ဘဝတစ်သက်တာ အထောက်အကူပြုသော လှူဒါန်းခြင်းဖြစ်သဖြင့် အထူးပင်ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မှန်ကန်ကောင်းမွန်သည့် အသိပညာများ စုဆောင်းရရှိထားခြင်းသည် ဘဝတစ်လျှောက်လုံးဖြတ်သန်းမှုအတွက် အကျိုးရှိစေမည်ဖြစ်သဖြင့် လူတိုင်းစာဖတ်နိုင်ရေးအတွက်အခွင့်အလမ်းများ ဖော် ဆောင်ပေးရမည် ဖြစ်ကြောင်း။

မိမိတို့စတင်တာဝန်ယူဆောင်ရွက်ချိန်တွင် နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်စေရန်နှင့် Smokeless Industry များအကောင်အထည်ဖော် နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုအထဲတွင် ပညာရေးမြို့တော်အဖြစ် တည်ဆောက် နိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များကိုလည်း တိုးချဲ့ တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် ပညာရေး ကဏ္ဍ အပါအဝင် ကဏ္ဍအသီးသီး၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စံပြုထိုက်သည့် မြို့တော်တစ်ခု ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့် “ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို ရည်ရွယ်ချက်ရှိစွာဖြင့် အကောင် အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တာဝန်ရှိသူများအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော် ကိုဗဟိုပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက်လည်း “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”  များကိုအားပေးဆောင်ရွက် ကြစေလိုကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလှုပ်ရှားမှုတွင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်လာ နိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အဦများ တိုးချဲ့ဆောက်လုပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုမှ အလှူငွေများကိုပေးအပ်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင် ရွက်မှုကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ နှင့် အလှူရှင်များက စာကြည့်တိုက်အဆောက်အဦများ တိုးချဲ့ဆောက်လုပ်နိုင်ရေး အတွက် အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ဧပြီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူ ဒါန်းပွဲအခမ်းအနားတွင် လက်ခံရရှိခဲ့သည့် အလှူငွေကျပ်သိန်းပေါင်း ၁၀၂၇၆၂၄၃၈၀ ၊ စာအုပ်စာစောင်ပေါင်း ၈၅၅၄၀ ကို ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြန်လည်ခွဲဝေပေးအပ်မည့်အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ဦး စွာ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုရှိ စာကြည့်တိုက် ၄၆ တိုက် ပြန်လည်ပြင်ဆင်ဖွင့် လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၂၃၀၀ နှင့် စာကြည့်တိုက် ၂၇ တိုက်အသစ် တည် ဆောက် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၄၀၅၀ ၊ စုစုပေါင်းငွေကျပ်သိန်း ပေါင်း ၆၃၅၀ နှင့် ပြည်သူများစာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်စာစောင် ၆၇၇၈၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ  မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာကြည့်တိုက် ၄ တိုက် ပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ နှင့် စာကြည့်တိုက် ၃ တိုက် အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၄၅၀ ၊ စုစုပေါင်း ငွေကျပ်သိန်း ၆၅၀ နှင့် ပြည်သူများစာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ် စာ စောင် ၃၀၀၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က လက်ခံရယူသည်။

ယင်းနောက် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”အဖြစ် ၁၉၇၄ ခုနှစ်၊ တက္ကသိုလ် ပထမနှစ် လူရည်ချွန်ဟောင်းတစ်ဦးဖြစ် သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အငြိမ်းစား၊ အမျိုးသားစာပေဆု၊ ဆရာဝန် တင်ရွှေဆု၊ စာပေဗိမာန်စာမူဆုရှင် စာရေးဆရာ ဆရာကြီး ဒေါက်တာ မောင်သင်း က  “စာပေတန်ဆောင် လူသားအလင်းရောင်”ခေါင်းစဉ်ဖြင့် စာပေလေ့လာဖတ်ရှုမှု အကျိုး ကျေးဇူး များကို ဟောပြောဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်း ဖြင့် ဖျော်ဖြေတင်ဆက်မှုများ ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာ စောင်များနှင့် ဓာတ်ပုံမှတ်တမ်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြ သည်။

ယနေ့တွင် ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု” အခမ်းအနားတွင် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အဦများ လှူဒါန်းမှုစုစုပေါင်းအနေဖြင့် စာကြည့်တိုက် ၁၄၇ တိုက်အတွက် ငွေကျပ်သိန်းပေါင်း ၂၂၀၅၀ နှင့် စာအုပ်စာစောင် စုစုပေါင်း ၇၀၇၈၀ ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။