အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ – ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ တက္ကသိုလ် ဒုတိယအဓိပတိ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တက္ကသိုလ်ဩဝါဒါစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာ သနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဦးဆောင်အလှူဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြလှ နှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန် မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက် ကြသည်။

ဦးစွာ မဟာမင်္ဂလာအခမ်းအနားအစီအစဉ် ပထမပိုင်းကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဥပါသကာများက ရတနာအုတ်မြစ်တော်များနှင့် အုတ်မြစ်တော်စီ ရာတွင် အသုံးပြုမည့် ရွှေဒယ်များ၊ ရွှေသံလက်တော်များအား သံဃာတော်များထံ ဆက်ကပ် လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒါစရိယ သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။

ယင်းနောက်အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်း အနားမှူးက မင်္ဂလာအခါတော်စာတမ်းကိုဖတ်ကြားပြီး မင်္ဂလာအချိန်တွင် ဦးဆောင် အလှူဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်အလယ်ဗဟို ချက် တည့်တည့်၌ ပတ္တမြားရတနာအုတ်မြစ်တော်ကို စီသွင်းသည်။ ထိုအချိန်တွင် နိုင်ငံတော် ဩဝါဒါစရိယ သီတဂူဆရာတော်ကြီးက မဟာပထဝီဇယ မန္တာန်တော်ကြီးကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်ပေးတော်မူသည်။ ထို့နောက် ကောင်စီတွဲဖက်အတွင်းရေး မှူးနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ အလှူရှင်များက ရတနာအုတ်မြစ်တော်များကို သတ်မှတ် ထားသည့် အရပ်ရှစ်မျက်နှာ ရှိ နေရာအသီးသီး၌ အစဉ်လိုက်စီသွင်းကြသည်။

ထို့နောက် ဦးဆောင်အလှူဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ခန်းမဆောင်အလယ်ဗဟိုချက် တည့်တည့်ရှိ ပတ္တမြား ရတနာ အုတ်မြစ်တော်အား မြေသရွတ်တော်ဖြင့် အခိုင်အခန့်ပြုလုပ်ကာ ပရိတ်နံ့သာ ရည်များ ပတ်ဖျန်းပေးသည်။ ယင်းနောက် ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များ၊ ဦးဆောင် အလှူဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသည့် ဧည့်ပရိတ်သတ်များက “ဇယန္တောဗောဓိယာမူလေ” အစချီနှစ်ဂါထာကို ရွတ်ဆိုပူဇော်ကြပြီး ရတနာအုတ်မြစ်တော် စီအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

ထို့နောက် ရတနာအုတ်မြစ်တော်စီ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်ကြီးများကို နေ့ဆွမ်းဆက် ကပ်လှူဒါန်း ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ ဆောင်ကြီးကို ပါမောက္ခချုပ်ဆရာတော် အရှင်ဆေကိန္ဒ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာ အဆင့်မီ ဘွဲ့နှင်းသဘင်ခန်းမဆောင်အဖြစ် ဆောက်လုပ်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ဦးဆောင် အလှူဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘွဲ့နှင်း သဘင်ခန်းမ ဆောင်ကြီးသည် အလျား ၂၀၄ ပေ၊အနံ ၁၅၄ ပေ၊ အမြင့် ၉၃ ပေ ၆ လက်မရှိ ၄ ထပ်ဆောင် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဓာတ်လှေကားများ၊ ကားရပ်နားရန်နေရာများ၊ ဘက်စုံသုံးခန်းမ၊ စာကြည်တိုက်၊ စာသင်ခန်း၊ ရုံးခန်း၊ ဧည့်သံဃာတော်များအတွက် အိပ်ဆောင်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ ဆောင်ကြီး တည်ဆောက်ပြီးစီးပါက သံဃာတော်အပါး ၇၀၀ အား နိုင်ငံတကာအဆင့်မီ ဘွဲ့နှင်းသဘင်အခမ်းအနားများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။