ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင် ချက်ဖြစ်သကဲ့သို့ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေများကိုဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားသွားကြရန်လို

နေပြည်တော်၊ မေ – ၂၁

ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင် ချက်ဖြစ်သကဲ့သို့ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေများကိုဖတ်ရှုခြင်းဖြင့် ဖြန့်ကြက် တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း၊ သို့မှသာလျှင် အဆိုး အကောင်း၊ အကျိုးအကြောင်း ခွဲခြားသိမြင်မှုနှင့်အတူ ထူးချွန်ထက်မြက်သည့် မျိုးဆက် သစ်ကောင်းများ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်းစီ၏ မှတ်တမ်းကောင်း ပုံရိပ်များသည် မိမိတို့၏မိဘဆွေမျိုးဂုဏ်ကို ဖော်ဆောင်ခြင်းဖြစ်သကဲ့သို့ မိမိတို့ကျောင်း၊ ရပ်ရွာမှသည် နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ရာ မှတ်ကျောက်များပင်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပညာသင်နှစ် တစ်နှစ်တာပြီးဆုံးပြီး မိမိတို့ရရှိ သည့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို  အလဟဿမဖြစ်စေဘဲ မိမိ ကိုယ်တိုင်အတွက်လည်း အကျိုးရှိ၊ နိုင်ငံတော်အတွက်လည်း အထောက်အကူဖြစ်စေသည့် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာပညာရပ်များကို သင်တန်းကာလအတွင်း လေ့လာ ဆည်းပူးခဲ့ကြပြီးဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် နိုင်ငံတော်တိုးတက်မှုကို အထောက် အကူဖြစ်စေမည့် ရေကြောင်း၊ လေကြောင်းပညာရပ်ဆိုင်ရာ သင်တန်းအသီးသီးကို  တက်ရောက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်မောင်မယ် များနှင့်ယခုကဲ့သို့တွေ့ဆုံပြီး ဂုဏ်ပြုအမှာစကားပြောကြားရသည့် အတွက် များစွာဝမ်း သာပီတိဖြစ်ရသည်ကို ပြောကြားလိုကြောင်း။

မိမိတို့နိုင်ငံတွင် ရှေးယခင်ကတည်းက ရေကြောင်း၊ လေကြောင်းဆိုင်ရာ သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အစဉ်အလာများရှိခဲ့ကြောင်း၊  ၂၀၁၄ ခုနှစ်မှစတင်ပြီး ရေကြောင်း၊ လေကြောင်းလူငယ်သင်တန်းများကို အခြေခံနှင့်တန်းမြင့်ဟူ၍ ခွဲခြား သတ်မှတ်ကာ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များကို အသိပညာများဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ် ချက်ကောင်းများဖြင့် နိုင်ငံတစ်ဝန်းတွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေရခြင်းဖြစ် ကြောင်း။

ရေကြောင်း၊ လေကြောင်းလူငယ်သင်တန်းအသီးသီး စတင်ဖွင့်လှစ်သင်ကြားပေး ချိန်မှ ယနေ့ကာလတိုင်အောင် တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်သင်တန်းတက်ရောက်သူ အင်အားအရေအတွက် တိုးတက်လာသည်ကို တွေ့ရခြင်းကြောင့် မျိုးဆက်သစ်မောင်မယ် တို့၏ စိတ်ပါဝင်စားမှုအပေါ် များစွာဂုဏ်ယူမိကြောင်း။

မိမိတို့မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော် ရှည်လျားသည့် ပင်လယ်ပြင် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့သို့ ပထဝီအနေအထားအရလည်း အချက်အချာကျ သည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို့၏ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင် စွာစိုးမိုးထားနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ ကာကွယ်ရေးစွမ်းအား အပြည့်အဝရရှိခြင်းနှင့်အတူ တိုင်းပြည်၏အချုပ်အခြာအာဏာကိုလည်း ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ယခုသင်တန်းတွင်တွေ့ဆုံခဲ့ရသည့် တိုင်းရင်းသားညီနောင် အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကိုအခြေတည်ပြီး  နောင်တစ်ချိန်တွင် ဝိုင်းဝန်းဆောင် ရွက်ကြရမည့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း တာဝန်များကို လက်တွဲညီညီ ဆောင် ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်တာအတွင်း၌ သိသင့်သိထိုက်သည့် ရေကြောင်း၊ လေကြောင်းပညာရပ်များအပြင် အခြေခံစစ်ပညာ ဖြစ်သည့်စစ်ရေးပြ ဘာသာရပ်များကိုပါ လေ့ကျင့်သင်ကြားခဲ့ကြပြီးဖြစ်ကြောင်း၊  စစ်ရေးပြ ဘာသာရပ်သည် အမိန့်နာခံတတ်ခြင်း၊ စည်းကမ်းကောင်းခြင်းနှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ် ခြင်းတို့ကို ဖြစ်ပေါ်စေခြင်းကြောင့် ယခုကဲ့သို့ သင်တန်းများတွင် ထည့်သွင်း သင်ကြား ပေးရခြင်းဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် တပ်မတော် သမိုင်း” ကိုပါပို့ချပေးခဲ့ခြင်းကြောင့် သမိုင်းကြောင်းအမှန်များကိုသိရှိပြီး တိုင်းချစ်ပြည်ချစ် စိတ်များ ထက်သန်ကာ တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်ပေးလိုသည့်သူ၊ အမျိုးဂုဏ်ဇာတိ ဂုဏ်ကို စောင့်ထိန်းလိုသူများဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာ ပြည့်ဝနှလုံးလှသည့် လူငယ်များ၏အားကသာလျှင် နိုင်ငံတော်ကို ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်ပညာရေးကဏ္ဍ မြှင့်တင် ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည့်အပြင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အနာဂတ်နိုင်ငံတော်အရေး မျှော်မှန်းပြီး ပြည်ပ နိုင်ငံများမှာ ပညာတော်သင်များအဖြစ် စေလွှတ်လျက်ရှိကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဟူသည့်အချက်ကို လူမှုရေးဦးတည်ချက်၌ ချမှတ်ထားပြီး လူငယ်များ၏ပညာရေး၊ လူမှုရေး၊ အမျိုးသားရေး၊ စာရိတ္တမဏ္ဍိုင်မြင့်မားရေးလုပ်ငန်းများကို မိမိတို့နိုင်ငံတော် တာဝန်ယူထားချိန်မှစပြီး အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် တိုင်းပြည်ချစ်စိတ်များ နှင့်အတူ ကိုယ်စီရှိထားသည့် ကိုယ်ကျင့်စာရိတ္တကောင်းများကို မပျောက်ပျက်စေဘဲ မြင့်သထက်မြင့်အောင် ကြိုးစား သွားကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံတော်ကြီး သည် လူသားအရင်းအမြစ် ကောင်းများ၏ အားများနှင့် အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

နွေရာသီအားလပ်ရက်များကို အကျိုးမဲ့ မဖြစ်စေဘဲ  ယခုကဲ့သို့သင်တန်းတက် ရောက်ခဲ့ခြင်းကြောင့်ရရှိသည့် တိုင်းရင်းသားညီအစ် ကိုမောင်နှမအချင်းချင်း ခင်မင် ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းပြီး ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူသွားကြရန်၊ မှန်ကန်သည့်အသိအမြင်များရရှိရန် စာကောင်းပေမွန် များကိုဖတ်ရှုပြီး မိဘဆရာသမား များ၏ ပြောဆိုဆုံးမမှုများအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ မိမိတို့နေထိုင်ရာ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သင်ယူတတ် မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုး အားထားပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြပါ ဟု တိုက်တွန်းမှာကြားလိုကြောင်း ဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး လူငယ်မောင်မယ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂါဝရပြု လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မနန်းစုစန္ဒီအောင် နှင့် လေကြောင်း လူငယ်သင်တန်းမှ မသဉ္ဇာနိုင် တို့က အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄)တို့တွင် တက်ရောက်သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်း ဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်း ပြောကြားကြသည်။ ထို့နောက် ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက် ကာလတွင် မိမိတို့၏ ကိုယ်ပိုင်အချိန်များကို အကျိုးမဲ့မဖြစ်စေဘဲ အနာဂတ်နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်း စေမည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ ပညာရပ်များကို တိုင်းရင်းသားညီအစ်ကို မောင်နှမများ ချစ်ကြည်ရင်းနှီးစွာ အတူတကွတွေ့ဆုံ၍ သင်တန်း တက်ရောက်သင်ကြား ခွင့်ရခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကို မိမိတို့လူငယ် မောင်မယ်များကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုသင်တန်းများသည် မိမိတို့လူငယ်မောင်မယ်များအား အချင်းချင်းစည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်များရရှိစေပြီး အမျိုးသားညီညွတ်ရေးအသိ၊ အမျိုးသားညီညွတ် ရေးသတိနှင့် အမျိုးသားညီညွတ်ရေး တန်ဖိုးဟူသည့် အသိပညာများကိုလည်း လက်တွေ့ သိမြင်ခွင့်ရခဲ့သောကြောင့် အမိနိုင်ငံတော်ကြီး၏ အနာဂတ်အတွက် လေးနက်ပြည့်ဝသည့် ပြည်ထောင်စုသွေး၊ ပြည်ထောင်စုစိတ်ဓာတ်များ ထက်သန်စီးဆင်းဖြစ်ပေါ်ခဲ့ရသည့် အတွက် နိုင်ငံတော်နှင့် မိမိတို့လူငယ်မောင်မယ်များအတွက် တန်ဖိုးကြီးမားပြီးအဓိပ္ပါယ် ရှိသည့် သင်တန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့အနာဂတ်လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်ကအားထားရသည့် ရေကြောင်းဆိုင်ရာပညာရှင်များ၊ လေကြောင်းဆိုင်ရာ ပညာရှင်များ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ထိရောက်စွာ စွမ်းဆောင်ပေးနိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းနှင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် ပါဝင်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ကျေးဇူးတင်စကားများ အသီးသီး ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ် စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

 ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်း အနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့ တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင် အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ် ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ် နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင် ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါဝင် စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။