နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင်နေထိုင်ကြသူများက ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင် အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် ပြုလုပ်ခြင်းဖြစ်၊ အဖျက်သမားများကို လူထုအားဖြင့် ဆန့်ကျင်ရန်လို

နေပြည်တော်၊ ဇွန် – ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့် သက်ဆိုင်ရာ တာဝန်များအလိုက် လုပ်ငန်းများအောင်မြင်တိုးတက်မှုများကို Check ၊ Recheck ၊ Counter Check ပြုလုပ်နေရန်လိုကြောင်း၊ ရှေ့လုပ်ငန်းစဉ် တစ်ချက်ချင်းအလိုက် ဖြည့်ဆည်းရန်နှင့် လုပ်ဆောင်ရန်ကျန် ရှိသည်များကို ကျရာတာဝန်များအလိုက် တတ်နိုင်သလောက်ဆောင်ရွက်သွားရန်လို ကြောင်း။

ရှေ့လုပ်ငန်းစဉ်၏ ပထမအချက်ဖြစ်သည့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် လုံခြုံတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများအနေဖြင့် အကြမ်းဖက် လုပ်ရပ် ဆောင်ရွက်နေသည့်အဖွဲ့အစည်းများကို အကြောင်းအမျိုးမျိုးဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက်၍ အကူအညီများပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် တစ်နိုင်ငံလုံးဖြန့်ကျက်၍ လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ထမ်းနေခြင်းပင်ဖြစ်ကြောင်း၊ ၎င်းတို့ အတွက် သက်စွန့်ဆံဖျားစရိတ်များကို တိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထောက်ပံ့ မှုများတိုးမြှင့်ပေးခဲ့သကဲ့သို့ အခြားနိုင်ငံ့ဝန်ထမ်းများကို လည်းထောက်ပံ့မှု များပိုမို ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။

လုံခြုံရေးနှင့်ပတ်သက်၍ အချို့ဒေသများတွင် ငြိမ်းချမ်းမှုကိုလိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး သောင်းကျန်းသူများထံ ပေးပို့မည့် လက်နက်ခဲယမ်းများကို တားဆီးပိတ်ဆို့နိုင်ခဲ့ကြောင်း၊ တပ်မတော်မှ ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည့်ဒေသများရှိ မြို့ရွာများပြန်လည်ထူထောင်ရေး လုပ်ငန်း များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့် ၎င်းတို့လက်လွတ်ခဲ့ရသော မြို့ရွာများကိုမီးရှို့ဖျက်ဆီးခြင်းများ သည် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များပျက်စီးအောင် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် အလွန်စိတ်ထားသေးသိမ်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်း။

စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးကိစ္စကို အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေ ကြသည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေး ကိုဆောင်ရွက်နေကြခြင်းဖြစ် သည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့် အညီသာ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံးအခွင့်အရေး တန်းတူရရှိရေးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လမ်းပန်းဆက်သွယ်မှုများမပြတ်တောက် စေ ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အကြမ်းဖက်သမားများ၏ တရားမဝင်မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုများကို တားဆီးနိုင်ရေးနှင့် လက်နက်ခဲယမ်းမီးကျောက်သယ်ယူမှုများ တားဆီးနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နေရာများရှိ လုံခြုံရေးစခန်းများကို လာရောက်တိုက်ခိုက်မှုများရှိကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက်၍ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ရှေ့လုပ်ငန်းစဉ် ဒုတိယအချက်ဖြစ်သည့် နိုင်ငံ့စီးပွားမြင့်မားရေး ဆောင်ရွက်ရာ တွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သဖြင့်  ၎င်းလုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဆိုပါကနိုင်ငံ၏ GDP များလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေး ကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီး များတိုးတက်ရန်လိုကြောင်း၊ မိမိတို့၏အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်မှစ၍ အချို့ပြည်ပနိုင်ငံများနှင့်အဖွဲ့ အစည်းများအနေဖြင့် စီးပွား ရေးနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးဖြင့် ပိတ်ဆို့မှုများရှိကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေရန်အတွက် အကြမ်းဖက်သမားများအနေဖြင့် နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ သည်ကို တွေ့ရကြောင်း။

ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် Normal Trade ဖြင့်ဆောင်ရွက် သည်ဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးဖြင့်ဆောင်ရွက်သည်ဖြစ်စေ မိမိတို့အနေဖြင့် ပြည်ပ သို့တင်ပို့နိုင်သည့် ကုန်ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို အပြည့်အဝစိုက်ပျိုးထုတ် လုပ်နိုင်မှုမရှိခဲ့သည်ကိုတွေ့ရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင် ရွက်သကဲ့သို့ သီးထပ်စွမ်းအားများတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍသည် များစွာတိုးတက်လာမည်ဖြစ်ပြီး ပို့ကုန်များပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ကောင်စီဝင်များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင်ထွက်ရှိစေရေးနှင့် သီးထပ်စွမ်းအား များ တိုးတက်လာစေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း။

ငွေကြေးအရင်းအနှီးတတ်နိုင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်မည်ဆိုပါကလည်း နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက် မည်ဖြစ်ကြောင်း၊ အသားစားကြက်၊ ဥစားကြက်၊ အသားစားနွား၊ နို့စားနွား၊ အသားတိုး ဝက်နှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများသည်လည်း အမြတ်အစွန်းရသည့်လုပ်ငန်း များ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်လည်း အကျိုးရှိမည်ဖြစ် ကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင်လည်း စနစ်တကျဖြင့် စိုက်ပျိုး၍ပန်းတိုင်ရည်မှန်း ချက်များ ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက အမြတ်အစွန်းများရရှိမည် ဖြစ် ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင် ရွက်သူနှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် စိုက်ဧကများတိုးချဲ့ ခြင်းထက် ရှိပြီးသားစိုက်ပျိုးမြေများကို အကျိုးရှိစွာဖြင့်အသုံးချရန်လိုကြောင်း။

ငွေကြေးတတ်နိုင်သူများအနေဖြင့် အကျိုးအမြတ် မြိိုးမြိုးမြတ်မြတ်ရသည့် လုပ်ငန်းများကိုသာ အားသန်ကြကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်လည်း ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေး အတွက်အထောက်အကူပြုမည့်အပြင် ပုဂ္ဂလိက အကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ စိစစ်ချက်အရ ငွေကျပ်သိန်း ၄၀၀၀ ရင်းနှီးမြှုပ်နှံ၍ ဥစားကြက်ကောင်ရေ ၁၀၀၀၀ ကို ဥသက်တမ်းကာလ ၂၀ လအထိ ‌မွေးမြူ မည်ဆိုပါက အမြတ်ငွေ ကျပ်သိန်း ၇၀၀ ကျော်၊ အသားတိုးကြက်ကောင်ရေ ၁၇၀၀၀ မွေးမြူမည်ဆိုပါက  အမြတ်ငွေ ကျပ်သိန်း ၅၀၀ ကျော်၊ အသားတိုးဝက် အကောင်ရေ ၄၀၀ မွေးမြူမည်ဆိုပါက အမြတ်ငွေ ကျပ်သိန်း ၂၅၀ ခန့်၊ အသားတိုးဆိတ် အကောင်ရေ ၅၀၀ မွေးမြူမည် ဆိုပါက အမြတ်ငွေ ကျပ်သိန်း ၁၅၀ ခန့်၊ နို့စားနွားအကောင်ရေ ၈၀ ကို ၂ နှစ်အကြာ မွေးမြူမည် ဆိုပါက အမြတ်ငွေ ကျပ်သိန်း ၁၇၀၀ ကျော်၊ အသားစားနွားအကောင်ရေ ၈၀ ကို မွေးမြူမည်ဆိုပါက ကျပ်သိန်း ၂၀၀ ကျော်ရရှိမည်ဟု တွက်ချက်မှုများအရ သိရှိရကြောင်း။

အလားတူ စိုက်ပျိုးရေးလုပ်ငန်းတွင် ကျပ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ အစေ့ ထုတ်ပြောင်း ၅၀၀ ဧက စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း ၅၀ ခန့်၊ ပဲပုပ် ၈၀၀ ဧက စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း ၃၂၀ ခန့်၊ နေကြာ ၆၄၀ ဧက စိုက်ပျိုး မည်ဆိုပါက အမြတ်ငွေကျပ် သန်း ၁၇၀ ကျော်၊ ကြက်သွန်နီ ဧက ၂၀၀ စိုက်ပျိုး မည်ဆိုပါက အမြတ်ငွေကျပ်သန်း ၅၀၀၊ ကြက်သွန်ဖြူ ၁၆၀ ဧက စိုက်ပျိုးမည်ဆို ပါက အမြတ်ငွေ ကျပ်သန်း ၅၀၀ ကျော် ရရှိမည်ဟုတွက်ချက်မှုများအရသိရှိရကြောင်း။

မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင်လိုအပ်လျက်ရှိသည့် စားသောက်ကုန်များကို လေ့လာကြည့်ရာ ၂၀၂၂ ခုနှစ်တွင်တရုတ်နိုင်ငံအနေဖြင့် ပဲပုပ်တန်ချိန် ၉၂ သန်း ၊ ၂၀၂၃ ခုနှစ်တွင် ၉၄ သန်းကို ဘရာဇီးနှင့် ဥရုဂွေးနိုင်ငံတို့မှ တင်သွင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် အမဲသားတန်ချိန် ၂ ဒသမ ၃ သန်း၊ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၇ သန်းကိုတင်သွင်းခဲ့ရ ပြီး အခြားအသားငါးများကိုလည်း ပြည်ပမှ တင်သွင်းခဲ့ရသည်ဟု ၎င်းတို့၏ထုတ် ပြန်ချက်များအရသိရှိရကြောင်း၊  အလားတူ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ သည်လည်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အသုံးများသည့်နိုင်ငံများဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်များရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ပဲပုပ်နှင့် ကြက် သွန်နီ၊ ကြက်သွန်ဖြူများကို ပိုမိုတိုးတက်စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် မွေးမြူရေး လုပ်ငန်းများကို တိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားရန်လို ကြောင်း၊ ၎င်းသည် ဥပမာအနေဖြင့် ရှင်းလင်းပြောကြားခြင်းသာဖြစ်ပြီး အခြားဈေးကွက် လိုအပ်ချက်များစွာရှိနေသေးသည်ကို သိရှိနိုင်ရန်ဖြစ်ကြောင်း။

ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် ခိုင်မာသည့်ဈေးကွက်ရှိပြီး ဖြစ်ကြောင်း၊ နိုင်ငံစားရေရိက္ခာရေးကို အထောက်အကူပြုစေနိုင်သကဲ့သို့ ပြည်ပသို့ပို့ ကုန်များပိုမိုတင်ပို့နိုင်သောကြောင့် ပြည်ပဝင်ငွေများပိုမို ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် သေချာသည့်လုပ်ငန်းများ ဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း။

နိုင်ငံ၏ စားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆီထွက်သီး နှံများကိုလည်း သတ်မှတ်ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများအတိုင်း ထွက်ရှိ အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးစီးသည့်အချိန်တွင် မည်သည့် သီးနှံမှမစိုက်ဘဲ ကျန်ရှိသည့် လယ်မြေဧက ၄ သန်းခန့်မှ နေကြာစိုက်ပျိုး၍ရသည့် မြေနေရာများတွင် နေကြာကိုစိုက်ပျိုးမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို အထောက် အကူပြုမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲ၊ နှမ်းတို့အပြင် ပဲပုတ်မှလည်း ဆီထုတ်လုပ်၍ရသဖြင့် ပဲပုတ်စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင် လည်း ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပနိုင်ငံများသို့ လည်း တင်ပို့ရောင်းချနိုင်ကြောင်း၊ သီးနှံများတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ စိုက်ပျိုးမှုများကိုလည်း အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များတိုးတက်လာမည်ဖြစ်ကြောင်း။

ပြီးခဲ့သည့် ဧပြီလအတွင်း ရွှေဈေးနှင့်ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာသည်ကိုတွေ့ရပြီး ဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှင့်ငွေကြေးဈေးများသည့် ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့်သည့်ဈေးနှုန်းသို့ တဖြည်းဖြည်းကျဆင်းရှိလာခဲ့ပြီဖြစ် ကြောင်း၊ ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များပြိုလဲ အောင် လုပ်ဆောင်မှုများနှင့် ငွေကြေးကမောက်ကမဖြစ်အောင်ဆောင်ရွက်ခြင်းများကို မိမိတို့အနေဖြင့် ကြုံတွေ့ခဲ့ရပြီးထိုသို့သောအခက်အခဲအကြပ်အတည်းများကြားမှ နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ အလားတူ အိမ်ယာမြေဝယ်ယူခြင်းနှင့်ပတ်သက်၍လည်း တရားမဝင် ရရှိလာသည့် ငွေကြေးများဖြင့် ပြည်ပနိုင်ငံများတွင် အိမ်ယာမြေဝယ်ယူခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့်စည်းကမ်း ဥပဒေနှင့် အညီ စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ရွှေနှင့် ငွေကြေးဈေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့်ဈေးနှုန်းများဖြစ်ပြီး ငွေတန်ဖိုး ကျဆင်းစေရေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်းပြည်၏စီးပွားရေး ကျဆင်းမှုရှိစေရန် ရည်ရွက်ချက်ရှိရှိဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်း ထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်း စေရန်ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေ ကြခြင်းဖြစ်သဖြင့် ငွေဈေး တည်ငြိမ်ရန်အရေးကြီးကြောင်း။

ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)နှင့်ပတ် သက်၍ မိမိတို့အနေဖြင့် စာချုပ်ပါသဘော တူညီချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သဘောတူစာချုပ်လက်မှတ်ရေး ထိုးထားသည့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ယာယီအားဖြင့် အပစ် အခတ်ရပ်စဲရန်သဘောတူညီထားသည့် လက်နက်ကိုင်အဖွဲ့အချို့သည် သဘောတူညီ ချက်များအပေါ် ချိုးဖောက်လာမှုများအား တွေ့မြင်လာရကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွပေါင်းစည်း နေထိုင်သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည့်အတွက် ပြည်ထောင်စုအကျိုးကိုကြည့်၍ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ခုခံကာကွယ်သည်မှအပ ၎င်းတို့၏ တပ်စခန်းများကို တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းရေး နှင့်ပတ်သက်၍ မကြာမီကာလအတွင်း နိုင်ငံရေးပါတီများ၊ သဘောတူစာချုပ်လက်မှတ် ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ အရှိန် အဟုန်ဖြင့်တည်ဆောက်ရေး ဆောင်ရွက်ရာ၌ မိမိတို့တာဝန်ယူချိန်မှစ၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင် ခရိုင်များကို တိုးချဲ့ဖွဲ့စည်းပေး ခဲ့ပြီး ထိရောက်သည့်အုပ်ချုပ်ရေးကို ဖော်ဆောင်ပေးခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ ခရိုင်အလိုက် မိမိတို့ရရှိထားသည့် လုပ်ပိုင်ခွင့်များကို အသုံးချ ၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ထောင်စု အနေဖြင့် လိုအပ်သည့်မူဝါဒများကိုချမှတ်ပေးမည်ဖြစ်ကြောင်း၊ အဆင့်အလိုက်တာဝန် ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြရန်လိုပြီး စီးပွားရေး အရ၊ နိုင်ငံရေး အရ၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ မြို့ပြဖွံ့ဖြိုးတိုးတက် ရေးအတွက်အကြောင်းပြ၍ စိုက်ပျိုးမြေများကို အခြားနည်းဖြင့် အသုံးချခြင်းများ တွေ့ရှိရသဖြင့် မြေယာအသုံးချမှုနှင့်ပတ်သက်၍ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ခွင့်ပြုချက်များနှင့်အညီသာ ဖြစ်ရန်လိုကြောင်း၊ လယ်မြေ၊ လယ်ယာမြေ၊ မြေလွတ်မြေရိုင်း အသုံးချမှုတို့နှင့်ပတ်သက်၍ မိမိတို့အားခွင့်ပြုပေး ထားသည့်အတိုင်းသာဖြစ်ရန်လိုပြီး အခြားနည်းများဖြင့် အသုံးချမှုများမဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင် ရေး၊ KG+9 အထိ မသင်မနေရသင်ကြားနိုင်ရေးတို့အတွက် သတ်မှတ်ဆောင်ရွက်လျက် ရှိပြီး KG+12 အထိကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးထား ကြောင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့ရှိ အချို့သောကျောင်းများအနေဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ယမန်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၇ သန်းနီးပါး ကျောင်းတက်ရောက်သည်ဟု တင်ပြချက်များအရသိရှိရ ကြောင်း၊ မိမိတို့ နိုင်ငံလူဦးရေ အသက်ပိုင်းခြားအရ ကျောင်းတက်ရောက်ရန် လိုအပ်မှုများ ရှိနေသေးကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ပညာရေးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်သွားခဲ့ပြီး ပညာရေးဝန်ထမ်းများ ပြည့်မီစွာခန့်အပ်နိုင်ရေး မိမိတို့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ အချိန်ကာလတစ်ခုထိ ပြန်လည်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်းများ၏ သင်ကြားရေးနှင့်ပတ်သက်၍လည်း စောင့်ကြည့် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငွေကြေးကောက်ခံမှုများ စနစ် တကျရှိရန်လိုနေကြောင်း၊ မဖွင့်ရသေးသည့်ကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ်နိုင် ရေးနှင့် ဖွင့်ပြီးသည့်ကျောင်းများအားလုံး အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သင်ကြားရေးတာဝန် ထမ်းဆောင်နေသည့် ပညာ ရေးဝန်ထမ်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍လည်း ဆောင်ရွက်ပေးရန်လိုအပ် မည်ဖြစ်ပြီး လိုအပ်သည့် ချီးမြှင့်မှုများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့အတူ ကျန်းမာရေးနှင့် ပတ်သက်၍လည်း လစ်လပ်သွားခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိ ကြောင်း၊ ဆရာဝန်မရှိသည့် ဆေးရုံဟူ၍မရှိစေရေး မိမိတို့အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး အခြေခံအားဖြင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ကို ပေးနိုင်သည့်သူများပင်ဖြစ်ကြောင်း။

ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာလွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက် ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားသည့် အမည်းစက် ဖြစ်ခဲ့ရသည့်အဖြစ်မျိုးထပ်မံ မဖြစ်စေရေးအဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်း များမှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့်ကြို တင်ပြင်ဆင်မှုများကိုဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလတွင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာ နိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သန်းခေါင် စာရင်းကောက်ယူပြီးမှသာ လူဦးရေစာရင်း ထွက်လာမည် ဖြစ်ကာ မဲစာရင်းများပြုစုနိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာ မှန်ကန်သည့်မဲစာရင်းများရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှန်ကန်စွာပြုလုပ်နိုင်မည် ဖြစ်ပါ ကြောင်း။

မြေပြင်ကွင်းဆင်းကောက်ယူရန် အခက်အခဲရှိသည့်နေရာများ၌လည်း မြေပြင် တွင်ရှိသည့်စာရင်းများနှင့် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးစာရင်း ကိုက်ညီမှုရရှိသည်အထိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ရှိစာရင်းကို ဦးစာပေးကောက်ယူသွားမည်ဖြစ်ကြောင်း၊ ကောက်ယူ၍ရနိုင်သည့်မြို့ရွာများကို ဦးစွာ ကောက်ယူ၍ ဆက်စပ်မြို့နယ်များကို လုံခြုံရေးရယူ၍ ဆက်လက်ကောက်ယူသွား မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် မိမိတို့၏ အန္နိမရည်မှန်းချက်ပင်ဖြစ်သည့်အတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကောင်စီဝင်များအနေ ဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး၊ ရွေးကောက်ပွဲအောင်မြင်မှု ရှိစေရေး မိမိတို့လုပ်ဆောင်နိုင်သည်မှန်သမျှကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြ ရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီ ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမူဝါဒများ ရှင်းလင်း ပြောကြားခဲ့မှု၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုမှု၊ တည်ထောင်ခွင့်ပြုမှုနှင့် စိစစ် ဆောင်ရွက်ကျန်ရှိမှု အခြေအနေများ၊ နိုင်ငံတော်၏ စီးပွားရေးမတည်မငြိမ်ဖြစ်စေရန်၊ စီးပွားရေးဖောင်းပွစေရန်၊ ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေကြေး မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခဲ့သူများကို ဖော်ထုတ်အရေးယူခဲ့မှု၊ ယခုနှစ်ကျောင်းများဖွင့်လှစ်နိုင်မှုနှင့် ကျောင်းအပ်နှံမှု၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် က မိုးရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များ နှင့်ပတ် သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးတောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တာဝန်ရှိသူများ အနေဖြင့် တောင်သူများကို မျိုး၊ သွင်းအားစု၊ နည်းပညာ ကိစ္စရပ်များတွင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တိုင်းပြည်အတွက် သေချာသည့် စီးပွားရေး တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင် ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ ပြည်သူများနေ့စဉ်အသုံးပြုနေသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်နိုင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များကြောင့် ပျက်စီး ဆုံးရှုံး ထိခိုက်မှုများစွာရှိကြောင်း၊ ထိုသို့ ပျက်စီးဆုံးရှုံးမှုများမရှိစေရန်နှင့် အနည်းဆုံး ဖြစ်စေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာသင်ကျောင်းများ ဖွင့်လှစ်သည့် ဒေသများအားလုံးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင် ရေးနှင့် ပညာရေးလမ်းကြောင်းပေါ်တွင်ရောက်ရှိရေး ဦးစားပေးဆောင်ရွက်ကြစေလို ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီနိုင်ငံ တည် ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ် ကြောင်း၊ အလားတူပင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါ ဒေသတွင် နေထိုင်ကြသည့် ဒေသခံအဖျက်သမားအကြမ်းဖက်များပင်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖြစ်ပေါ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံအကြမ်းဖက်များက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အခြားဒေသတွင်နေထိုင်သူများက လာရောက်လုပ်ဆောင်နိုင်ခြင်းမရှိ ကြောင်း၊ မိမိဒေသကိုဖျက်ဆီးနေသူများဖြစ်ကြောင်း၊ ဉပမာပေးရမည်ဆိုပါက “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း၊  ၎င်းကဲ့သို့ အကြမ်းဖက်အဖျက် သမားများကိုလူထုအားဖြင့် ကာကွယ်ထိန်းသိမ်းရန်လိုကြောင်း၊  ကောင်စီဝင်များအနေ ဖြင့် ရောက်ရာဒေသများတွင် ၎င်းအချက်ကို ပြည်သူလူထု သဘောပေါက်နားလည် အောင် အလေးထားဆောင်ရွက်ရန်လိုကြောင်း။

နိုင်ငံတစ်ခု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍသည် အရေးကြီးကြောင်း၊ ကိုယ့်ကိုကိုယ်ပညာမတတ်အောင် လုပ်ဆောင်ခြင်း သည် ကိုယ်ကိုကိုယ်ဖျက်ဆီးခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို ဖျက်ဆီးနေသည့် လုပ်ရပ်ထက် အောက်တန်းကျသော လုပ်ရပ် မရှိကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများကို ပညာတတ်များဖြစ်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ် များစွာရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတွင် ပညာမတတ်သူများလာပါက နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျသွားနိုင်ကြောင်း၊ အလားတူအတန်းပညာများရှိရန်လိုသကဲ့သို့ စာပေများကိုလည်းဖတ်ရှုလေ့လာနေရန် လိုကြောင်း။

မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်တွင် ပညာရေးအားနည်းသည့် တပ်မတော်သားများအား စာတတ်မြောက်ရေးအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၆ နှစ်ကြာ အချိန်ယူဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တကယ် လုပ်လျှင် တကယ်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး စာတတ်နိုင်စေရန်၊ စာဖတ်နိုင်စေ ရန်နှင့် အတန်းပညာများ မြင့်မားစေရန်အတွက် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့် မိမိတို့ရောက်ရှိသည့်နေရာတိုင်းတွင် ပြည်သူများ စာဖတ် လာအောင်၊ ပညာတတ်လာအောင် အသိပညာပေးကြစေလိုကြောင်းဖြင့် ပြောကြားပြီး အစည်း အဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။