နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား

မိတ္ထီလာဒေသ၏ ထူးခြားသည့်ဝိသေသများနှင့် အခြေခံကောင်းများကို အကျိုးရှိရှိ အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်

နေပြည်တော် ဇွန် – ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အတွင်းရှိ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား မိတ္ထီလာ မြို့၊ ကန်တော်မင်္ဂလာခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ

ဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် ဦး က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာယာလှပရေးအပါအဝင်ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖ များက မိတ္ထီလာမြို့သည် တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် မြို့ဖြစ်သကဲ့သို့ ရောင်းဝယ်ဖောက်ကားမှုများ ကောင်းမွန်သည့်မြို့ဖြစ်သဖြင့် ကုန်စည်စီးဆင်းမှုများ ယခုထက်ပိုမိုလျင်မြန်ကောင်းမွန်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရေး တို့အတွက် မြို့တွင်းလမ်းများအားအဆင့်မြှင့်တင်ပေးစေလိုမှု၊ ကျောင်းသား စုံညီပွဲတော် ပြုလုပ်နိုင်ရေးခန်းမ တစ်ခုတည်ဆောက်ပေးစေလိုမှု၊ မိတ္ထီလာ-ကျောက်ပန်းတောင်း မြို့ရှောင်လမ်း ဆောင်ရွက်ပေးစေလိုမှု၊ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်း ချည်မျှင်နှင့် အထည်လိုအပ်ချက်ပြည့်မီရေးတို့တွင် အခြေခံအကျဆုံးဖြစ်သည့် ဝါစိုက် တောင်သူများ၏ လိုအပ်ချက်များနှင့် ဝါမျိုးကောင်းမျိုးသန့်များရရှိရေး ဖြည့်ဆည်းပေး စေလိုမှု၊ စပါးစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များရရှိရန်လိုအပ်မှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြကြသည်။

တင်ပြချက်များအပေါ် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြား

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ပြည်တွင်းပြည်ပမှ ဝါမျိုးများကိုသုတေသနပြုလုပ် စမ်းသပ်လျက်ရှိမှု၊ စပါးမျိုးကောင်းမျိုးသန့်ရရှိရေး၊ မိတ္ထီလာခရိုင်အတွင်း သွင်းအား စုများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်စေရေးနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကြိုးပမ်းဆောင်ရွက်ပေးလျက်သဖြင့် လိုအပ်ချက်ရှိသည်များကို ချိတ်ဆက်ဆောင်ရွက်သွားရန်လိုအပ်မှု၊ စိုက်ပျိုးရေးလုပ် ငန်းများ အောင်မြင်စေရေးအတွက် နိုင်ငံတော်မှလိုအပ်သည်များ ဖြည့်ဆည်းပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းရှင်များမှလည်း မှန်မှန်ကန်ကန်နှင့် နည်းစနစ်တကျ စိုက်ပျိုးဆောင်ရွက်သွားရန်လိုအပ်မှု၊ ဝါစိုက်ပျိုးမှုနှင့် အထည်အလိပ်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်၍ သွင်းအားစုများ ပြည့်မီရေး၊ စက်ကိရိယာများနှင့် ထုတ်လုပ်မှုနည်းစနစ်များရရှိရေးနှင့် အခြား လိုအပ် ချက်များ ပံ့ပိုးပေးနိုင်ရေး ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းအထည်အလိပ်စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင် ရေး ဆောင်ရွက်လျက်ရှိသဖြင့် ကုန်ကြမ်းများရရှိစေရေးအတွက်လည်း ဝါစိုက်တောင် သူများမှ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ အသီးသီးပြန်လည် ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြချက်များတွင်ပါဝင်သည့် မြို့တွင်းလမ်းများအဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ပတ် သက်၍ နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းအသုံးပြုသူ များအနေဖြင့်လည်း သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိတိကျကျလိုက်နာခြင်းဖြင့် လမ်းများရေရှည်တည်တံ့ကောင်းမွန်စေရေး ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းပိုင်းအရ ကြပ်မတ်ရန်တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ကြပ်မတ်ဆောင် ရွက်မည်ဆိုပါက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကောင်းမွန်လာမည်ဖြစ်ပြီး ယာဉ် ကြောပိတ်ဆို့မှုများနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းလာမည်ဖြစ်ကြောင်း၊ ကျောင်းသားစုံညီပွဲတော်ပြုလုပ်နိုင်ရေး ခန်းမလိုအပ်ချက်နှင့်ပတ်သက်၍ စိစစ်ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်း၊  ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စနစ်တကျဖြင့် အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး စာသင်ကျောင်းများ၏ အကျယ်အဝန်းနှင့် ကျောင်းဆောင်များကို သတ်မှတ်ထားသည့်ပုံစံများဖြင့်တည် ဆောက်နိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝါမျိုးကောင်းမျိုးသန့် ရရှိရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ဆောင်ရွက်လျက် ရှိပြီး ပုဂ္ဂလိကစီးပွားရေးကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် သက်ဆိုင်ရာလုပ်ငန်းရှင် များမှလည်း ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်မှတတ်နိုင်သရွေ့ ဖြည့်ဆည်းပေး သွားမည်ဖြစ်သော်လည်း ဝါမျိုးကောင်းမျိုးသန့်များကိုရွေးချယ်စိုက်ပျိုးနိုင်ရေး ဝါစိုက် တောင်သူများမှ အဓိက ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ အလား တူ စပါးမျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေးအတွက်လည်း မိမိတို့ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ထုတ်ယူရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာန များ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးပြောကြားသည်။

 

မိတ္ထီလာခရိုင်သည် ဗဟိုအချက်အချာကျပြီး ထူးခြားသည့်ဝိသေသ နှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့်ဒေသတစ်ခုဖြစ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာ၌ မိတ္ထီလာ ခရိုင်သည် မြန်မာပြည်၏အဓိကလမ်းဆုံလမ်းခွဖြစ်ပြီး ထူးခြားသည့်ဝိသေသရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ တည်နေရာအနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ရှိသည့် အပြင် ကုန်သွယ်မှုတွင်ဗဟိုကျပြီး အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သကဲ့သို့ ပညာရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်၊ ကောလိပ်များ ပြည့်စုံစွာတည်ရှိသည့် ခရိုင်တစ်ခုဖြစ်ကြောင်း၊ သွားလာမှုနှင့်ပတ်သက်၍လည်း အဆင်ပြေလွယ်ကူသည့် မြေအနေအထားကို ပိုင်ဆိုင်ထားသည့်ဒေသတစ်ခုဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက် ရာတွင် အဆင်ပြေချောမွေ့သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ မိမိအနေဖြင့် မိတ္ထီလာခရိုင် ၏ ဒေသဆိုင်ရာအချက်အလက်များပေါ်တွင်အခြေခံ၍ ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်သင့်သည်များနှင့် ဆောင်ရွက်နိုင်သည်များကို စနစ် တကျတွက်ချက်လေ့လာခဲ့ပြီး ဆန်းစစ်ရရှိလာသည့် စာရင်းဇယားအချက် အလက်များ ကို Powerpoint presentation ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသွားမည်ဖြစ် ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ၏ရေခံမြေခံနှင့် အခြေခံ ကောင်းများ ထိထိမိမိအသုံးချနို်ငရေး တွက်ချက်ထားခြင်းဖြစ်ပြီး ဒေသဆိုင်ရာတာဝန် ရှိသူများ အနေဖြင့်လည်း စဉ်းစားသုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း။

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင် အောင်ကြိုးပမ်းဆောင်ရွက်

မိတ္ထီလာခရိုင်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်း များ အဓိက‌ဆောင်ရွက်သည်ကို တွေ့ရှိရကြောင်း၊ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် ဝါတို့ကို စိုက်ပျိုးသည်ကို တွေ့ရှိရပြီး ပန်းတိုင်အထွက်နှုန်းအနေဖြင့် ရည် မှန်းချက်နှင့် ကွာဟနေသေးသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ရှိပြီး မျိုးများကောင်းမွန်ရန်၊ မြေပြု ပြင်ခြင်းနှင့် သွင်းအားစုများ မှန်မှန်ကန်ကန်ထည့်သွင်းရန်၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်မှုရှိရန်တို့ပင်ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးမြေများကောင်းမွန်မှုမရှိသဖြင့် အထွက်နှုန်းနည်းရခြင်းဖြစ်သည်ဟု တင်ပြချက် များအရသိရှိရကြောင်း၊ မြေကောင်းမွန်မှုမရှိပါက လိုအပ်သည့်သွင်းအားစုများကို ပြည့် မီအောင် ထည့်သွင်းခြင်း၊ နည်းလမ်းရှာ၍ မြေဆီမြေလွှာကောင်းမွန်လာအောင်ဆောင် ရွက်ခြင်းတို့ဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပန်းတိုင်ရည်မှန်း ချက် ပြည့်မီစွာထွက်ရှိမှုမရှိခြင်းကြောင့် မိတ္ထီလာခရိုင်၏ ဝင်ငွေကို များစွာထိခိုက်စေ နိုင်သည်ကိုတွက်ချက်မှုများအရတွေ့ရှိရကြောင်း၊ တွက်ချက်မှုများအရ မိတ္ထီလာခရိုင် တွင် စပါးစိုက်ဧကစုစုပေါင်း ၁၂၃,၅၄၂ ဧကရှိပြီး ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ထက် တစ်ဧကအထွက်နှုန်း ၃၁ ဒသမ ၇၄ လျော့နည်းသဖြင့် စုစုပေါင်း အထွက်နှုန်း ၃,၆၂၆,၈၉၂ လျော့နည်းမှုဖြစ်ပေါ်မည်ဖြစ်ပြီး ငွေကျပ်သန်းပေါင်း ၇၉,၇၉၁ ဒသမ ၆၂ သန်း လျော့နည်းမှုဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ မြေပဲ စိုက်ဧက ၅၂,၆၈၄ ဧက၌ စုစုပေါင်း အထွက်နှုန်း ၁,၈၇၅,၈၀၇ လျော့နည်းမှုဖြစ်ပေါ်ပြီး ငွေကျပ်သန်းပေါင်း ၄၆,၈၉၅ ဒသမ ၁၈ သန်း လျော့နည်းနစ်နာမည်ဖြစ်ကြောင်း၊ နှမ်းစိုက်ဧက ၃၃၃,၆၅၉ ဧက၌ စုစုပေါင်း အထွက်နှုန်း ၅,၁၆၈,၆၄၇ လျော့နည်းမှုဖြစ်ပေါ်ပြီး ငွေကျပ်သန်းပေါင်း ၅၆၈,၅၅၁ ဒသမ ၁၇ သန်း လျော့နည်းနစ်နာမည်ဖြစ်ကြောင်း၊ အလားတူ အခြားသီးနှံများဖြစ် သည့် နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ဝါ စိုက်ပျိုးထွက်ရှိမှုများတွင်လည်း ပန်းတိုင် အထွက်နှုန်းလျော့နည်းခဲ့မှုကြောင့် မိတ္ထီလာဒေသအတွက် ငွေကျပ်သန်းပေါင်းများစွာ ထိခိုက်နစ်နာလျက်ရှိသဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် ခြင်းဖြင့် မိမိတို့ခရိုင်၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မည် ဖြစ်သည်ကို လက်တွေ့ဆန်းစစ်ချက်အရတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပန်းတိုင်အထွက် နှုန်း ထွက်ရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စည်းကမ်းစနစ်တကျဖြစ်စေရေး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်၍ အဓိကဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဖြင့် ဆောင်ရွက်၍ မရနိုင်သည်များကို အဆင့်ဆင့်တင်ပြ၍ ဆက်လက်ဆောင်ရွက်သွား ကြရန်လိုပြီး နိုင်ငံတော်အဆင့်နှင့်ဝန်ကြီးဌာနအလိုက် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

ဆီထွက်သီးနှံနှင့် ပတ်သက်၍ မိတ္ထီလာဒေသတွင် မြေပဲ၊ နှမ်းနှင့် နေကြာများကို စိုက်ပျိုးကြကြောင်း၊ ဆီအစားထိုးသီးနှံအဖြစ် ပဲပုပ်နှင့် နေကြာများ စိုက်ပျိုးထုတ် လုပ်မည်ဆိုပါက ပြည်တွင်းဆီအထွက်နှုန်းတိုးတက်လာပြီး စီးပွားရေးအရ တိုးတက် လာမည်ဖြစ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ ဝါသည် စက်မှုသီးနှံဖြစ်ပြီး အခြားသီးနှံများနှင့် သဘောသဘာဝမတူညီသဖြင့် သာမာန်မဟုတ်ဘဲ အလေးထားစဉ်းစားဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ လူတို့တွင် မွေးဖွားချိန်မှစ၍ သေဆုံးသည့်အချိန်အထိ အဝတ်အထည် နှင့် ကင်း၍မရနိုင်သည့်အတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုသည်အရေးကြီးသည့် အခန်း ကဏ္ဍ၌ရှိနေကြောင်း၊ ပြည်တွင်း၌ A Grade ရှိသည့် ချည်များထုတ်လုပ်နိုင်ရေး ဝါမျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်နည်းစနစ်များမှန်ကန်မှုရှိရန်လိုအပ်မည်ဖြစ် ကြောင်း၊ မိတ္ထီလာခရိုင်သည် ဝါနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိထွက်ရှိသည့် ဒေသတစ်ခုဖြစ်သဖြင့် ဝါနှင့်ပတ်သက်သည့်စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ဝါဂွမ်းများမှ အဆင့်မီ သည့်ချည်ထည် ပစ္စည်းများထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ အထည်အလိပ်နှင့်ချည် ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ပြည့်မီပါက ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း ဖြစ်ထွန်းသည့် ဝါ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ယခုထက်တိုးတက်အောင်မြင်အောင် ဦးဆောင် ဒေသတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြင့် ဒေသ၏လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်လာ စေမည်ဖြစ်ကြောင်း။

မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးသည်ကို တွေ့ရှိရပြီး အထွက်ကောင်း အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချ နိုင်မည်ဖြစ်သကဲ့သို့ ကြက်သွန်ကို အခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများကို လည်း ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ကြက်သွန်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ် ရောင်းချနိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် သကဲ့သို့ ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူများစွာ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း။

စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်၍ ဒေသ၏စားရေးလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ကြစေလို ကြောင်း၊ ဒေသတွင်း စားရေးအတွက်လိုအပ်ချက်များကို  ပြင်ပမှမှာယူစားသုံးရခြင်း ဖြင့် ဒေသတွင်း လည်ပတ်သုံးစွဲငွေများသည် ပြင်ပသို့ရောက်ရှိသွားမည်ဖြစ်ပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိတ္ထီလာခရိုင် အတွင်း ဆန်ဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး တို့သည် နေ့စဉ်အဓိက စားသုံးနေကြသည့် အသားများပင်ဖြစ်ပြီး မိတ္ထီလာခရိုင်တွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား တို့ကို အောင်မြင်စွာမွေးမြူလျက်ရှိသည်ကိုတွေ့ရကြောင်း၊ မိတ္ထီလာသည် လမ်းဆုံ လမ်းခွကျပြီး ခရီးသွားများစွာ နေ့စဉ်ဝင်ထွက်သွားလာမှုရှိသောကြောင့် ဈေးကွက်ရှိ သည့်မြို့တစ်မြို့ဖြစ်ကြောင်း၊ ဒေသတွင်းစားသုံးမှုကို ဖူလုံအောင်ဆောင်ရွက်ပြီး ပိုလျှံ သည်များကို နိုင်ငံတွင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သည့်အခွင့်အလမ်းများလည်း ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ အေးခဲအသားငါးများအပြင် နို့စားနွားမွေးမြူရေးလုပ် ငန်းမှ နို့နှင့်နို့ထွက်ပစ္စည်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ တင်ပို့ နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် မိတ္ထီလာခရိုင်အတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းကို အောင် မြင် ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

မိတ္ထီလာခရိုင်အတွင်း ဥစားကြက်၊ အသားစားကြက်၊ ဒေသကြက်၊ နို့စားနွား၊ အသားစားနွား၊ ကျွဲနှင့် ဆိတ်များ မွေးမြူကြသည်ကို တွေ့ရကြောင်း၊ စိုက်ပျိုးရေးလုပ် ငန်းများမှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြု၍ စနစ်တကျ မွေးမြူဆောင်ရွက်မည်ဆိုပါက မွေးမြူရေးလုပ်ငန်းများသည်လည်း များစွာတိုးတက် ပြောင်းလဲလာမည်ဖြစ်ကြောင်း။

ထိုကဲ့သို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ မိတ္ထီလာခရိုင်အတွင်း တန်းစဉ်ကူးပြောင်းမှုအနေဖြင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် သူငယ်တန်းတက်ရောက်သူ ၁၉၀၄၅ ဦးတက်ရောက်ခဲ့ပြီး မူလတန်းတက်ရောက်ချိန် တွင် ၁၆၆၆၉ ဦး၊ လျော့နည်းရာခိုင်နှုန်း ၁၂ ဒသမ ၄၈ ရာခိုင်နှုန်း၊ အလယ်တန်း တက် ရောက်ချိန်တွင် ၁၄၉၈၁ ဦး၊ လျော့နည်းရာခိုင်နှုန်း ၂၁ ဒသမ ၃၄ ရာခိုင်နှုန်း၊ အထက် တန်း (Grade – 10) တက်ရောက်ချိန်တွင် ၅၈၄၀ ဦး၊ လျော့နည်းရာခိုင်နှုန်း ၆၉ ဒသမ ၃၄ ရာခိုင်နှုန်း၊ အထက်တန်း (Grade – 12) တက်ရောက်ချိန်တွင် ၄၉၂၁ ဦး၊ လျော့နည်းရာခိုင်နှုန်း ၇၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိခဲ့သဖြင့် တန်းစဉ်ကူးပြောင်းမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်  မိမိတို့၏သားသမီးများ တန်းစဉ်ကူးပြောင်းမှုမြင့်မားစေရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိတ္ထီလာ ခရိုင်အတွင်း တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများအားလုံး ပြည့်စုံစွာရှိပြီးဖြစ်သဖြင့် ပညာရေးနှင့်ပတ်သက်၍ အိုးမကွာ အိမ်မကွာဖြင့် ပညာ သင်ယူနိုင်မည့်အခြေအနေကောင်းကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ ပညာရေးကို အားပေးမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးအတွက်လိုအပ်သည့် ပညာတတ်များ မွေး ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဒေသ၏လူမှုစီးပွားဘဝများသည်လည်း များစွာဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့်ပတ်သက်၍ မိတ္ထီလာဒေသတွင် ဆည်များ၊ ချောင်းများရှိပြီးဖြစ်ပြီး “ဥတုရာသီတောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများ ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်မည်ဆိုပါက ဒေသတွင်းစိမ်းလန်းစိုပြေမှုနှင့် စိုက်ပျိုးရေရရှိရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ မိတ္ထီလာဒေသရှိဆည်များတွင် ရေဝေရေလဲဧရိယာများ၌ သစ်တောများနည်းပါးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရေဝေရေလဲသစ်တောများ စိုက်ပျိုးသွားမည်ဆိုပါက ရေများမပြတ်ရရှိအောင် ထိန်း သိမ်းနိုင်မည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကိုဆောင်ရွက်သွားရန်လိုကြောင်း၊ ရေရရှိရေးတွင် သဘာဝရေရရှိရေး၊ မိုးရေ၊ မြေအောက်ရေ၊ ချောင်းရေများရှိပြီး မိတ္ထီလာ ဒေသနှင့်ကိုက်ညီသည့် ရေရရှိရေးနည်းလမ်းများကိုရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊  ရေလုံလောက်စွာရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များ တိုးတက်လာမည်ဖြစ်ကြောင်း။

မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အချက်အခြာကျသည့်နေရာဒေသတစ်ခုဖြစ် ပြီး သွားလာမှုများလွယ်ကူချောမွေ့သည့် အခြေခံကောင်းများရှိကြောင်း၊ အလားတူ ပညာရေးနှင့်ပတ်သက်၍လည်း စာသင်ကျောင်းများ များစွာရှိပြီးဖြစ်သဖြင့် ပညာရေး အခြေခံကောင်းများရှိကြောင်း၊ ထို့ကြောင့် မိတ္ထီလာဒေသတိုးတက်ရေးအတွက် ရှိပြီး သားအခြေခံကောင်းများကိုအသုံးချ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မိတ္ထီလာ ဒေသသည်တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတစ်ခုတိုးတက်ရေးအတွက် ဒေသတွင်နေ ထိုင်သည့် ဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုသည်သာလျင် အဓိကကျကြောင်း၊ မိမိ တို့အနေဖြင့် လာမည့်အောက်တိုဘာလအတွင်း လူဦးရေနှင့်သန်းခေါင်စာရင်းကောက် ယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံရေးကိုအကြောင်းပြုပြီး မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်မှုများ နောက်ကျနေခဲ့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိတ္ထီလာဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့တွင် ရှိပြီးသားဖြစ်သည့် အခြေခံကောင်းများကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။