နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ စုစည်းညီညွတ်သည့်အားဖြင့် ဒေသအကျိုးကို အတူတကွဝိုင်းဝန်းဆောင်ရွက်

နေပြည်တော်၊ ဇွန် – ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား နယ်မြေခံလေတပ် စခန်းဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ တက်ရောက်ကြသည်။

သမိုင်းအစဉ်အလာကောင်းများနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတွင် တာဝန်ထမ်းဆောင်နေကြရသူများဖြစ်

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ မိတ္ထီလာဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်သင့်သည်များနှင့် ဆောင်ရွက်နိုင်သည်များကို ဆွေး နွေးပြောကြားနိုင်ရန်လာရောက်စဉ် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိတ္ထီလာဒေသအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း တွင်ရှိပြီး လမ်းပန်းဆက်သွယ်မှုတွင် အချက်အခြာကျသည့် ထူးခြားသည့်ဒေသတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနှံသို့သွားရောက်နိုင်သည့် လမ်းဆုံနေရာဖြစ်သည့်အတွက် အသွားအလာများပြားသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍လည်း အောင်မြင်စွာဆောင်ရွက်နိုင်သည့်ဒေသတစ်ခုဖြစ်သကဲ့သို့ ပညာ ရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်များ၊ ကောလိပ်များ၊ ကျောင်းများ ပြည့်စုံစွာရှိ သည့်ဒေသတစ်ခုဖြစ်ကြောင်း၊ မိတ္ထီလာကိုဗဟိုပြု၍ စံပြုဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်မည်ဆိုပါက မိမိတို့နိုင်ငံတိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်စေနိုင် မည်ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်နှင့် အင်္ဂလိပ်တို့ မိတ္ထီလာ လွင် ပြင်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မိတ္ထီလာတိုက်ပွဲအဖြစ် နာမည်ကြီးခဲ့ကြောင်း၊ လွတ်လပ် ရေးရပြီး ပြည်တွင်းသောင်းကျန်းမှုကာလအတွင်း လက်နက်ကိုင်သောင်းကျန်းသူများ ကို မိတ္ထီလာလွင်ပြင်၌ မြန်မာ့တပ်မတော်က စစ်ဆင်တိုက်ခိုက်ခဲ့မှုသမိုင်းဖြစ်ရပ်ရှိခဲ့ ကြောင်း၊ ထို့ကြောင့် မိတ္ထီလာတပ်နယ်တွင် တာဝန်ထမ်းဆောင်ရသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုများအနေဖြင့် ထူးခြားသည့် သမိုင်းကြောင်းအခြေအနေများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတွင်တာဝန်ထမ်းဆောင်နေကြရခြင်း ဖြစ်ကြောင်း၊ မိတ္ထီလာတပ်နယ်တွင် လက်ရုံးတပ်များ ပြည့်စုံစွာတည်ရှိပြီး သမိုင်း ကြောင်းအစဉ်အလာကောင်းသည့် တပ်နယ်တစ်ခုဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ အနေဖြင့် ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့်အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုအပ်မည်ဖြစ်ကြောင်း။

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်သားတစ်ဦး ချင်းစီအလိုက် ရှိသင့်ရမည့်အရည်အချင်းများနှင့် တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည် အချင်းများရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ကွဲပြားခြားနားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသော်လည်း အားလုံးသည်တပ်မတော်သား များပင်ဖြစ်ကြောင်း၊ ရှေ့တန်းစစ်မြေပြင်တွင် ရှေ့တန်းကျကျ တာဝန်ထမ်းဆောင်ရ သည့် ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ လက်ရုံး တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးတာဝန်များ ကို ထမ်းဆောင်ရန်အတွက် တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှုရှိနေရမည်ဖြစ်ပြီး အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ အသက်အရွယ် အလိုက် လုပ်သင့်လုပ်ထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုရှိစေရေး လေ့ကျင့်ခန်းများကိုဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်အတွင်းသို့ စတင်ဝင် ရောက်စဉ် ကတည်းကပင် အဆင့်အလိုက်ရှိသင့်ရှိထိုက်သည့် စစ်အတတ်ပညာရပ်များ ရရှိစေရေး သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပြီးဖြစ်သဖြင့် မိမိတို့သင်ကြား တတ်မြောက်ထားသည့် စစ်အတတ်ပညာရပ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင် ရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ပေးထားသည့် စစ်အတတ်ပညာများကိုအသုံးချ၍ နိုင်ငံ တော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာ သူများ၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် တိုက်ခိုက်ချေမှုန်းနိုင်ရန်လိုကြောင်း၊ လေ့ကျင့်ရေးတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် အမြဲမပြတ်ဆောင်ရွက်နေမည်ဆိုပါက လက်တွေ့စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရာ၌ ရည်မှန်းချက်တာဝန်များကို အောင် မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ ဒေသအကျိုးကို အတူတကွဝိုင်းဝန်းဆောင်ရွက်

နယ်မြေခံတပ်များဖြစ်သဖြင့် မိတ္ထီလာဒေသ၏ သမိုင်းကြောင်း၊ ပတ်ဝန်းကျင် အကြောင်းနှင့် အလေ့အထများကိုသိရှိထားရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီ အလိုက် ပတ်ဝန်းကျင်ကို သိရှိမှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများမွေးမြူ ထားရှိရန်လိုပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိရန်လိုကြောင်း၊ တစ်ဦးချင်း စစ်ရေး သတိရှိရန်လိုသကဲ့သို့ လက်ရုံးတပ်ဖွဲ့များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များ အလိုက် တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲအသင့်ရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်လိုကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေး ကို တည်ဆောက်၍ တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်အောင် တည် ဆောက်ထားရှိ ရန်လိုကြောင်း၊ တပ်တွင်း၊ တပ်ပြင် အင်အားများကို တည်ဆောက်၍ စုစည်းညီညွတ် သည့်အားဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွဝိုင်းဝန်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့၏ တာဝန်များကို မှန်မှန် ကန်ကန်ထမ်းဆောင်ပြီး ပြည်သူကလေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ် အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း။

ပညာရေးအားပေးရန်နှင့် စာပေဖတ်မှတ်လေ့လာတတ်သည့် အလေ့အကျင့်ကောင်း  ကိုပြုလုပ်ပေးရန်

မိတ္ထီလာဒေသတွင် ပညာရေးနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများစွာရှိပြီး ဖြစ်သဖြင့် အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် မိမိတို့၏ သားသမီးများ၏ ပညာ ရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အခြေခံပညာမှစ၍ အဆင့်မြင့်ပညာ အထိ တစ်နေရာတည်းတွင် သင်ယူနိုင်မည့်အခွင့်အလမ်းကို အမိအရအသုံးချနိုင်ရန်လို ကြောင်း၊ “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနှစ်ရက်၊ ပညာအသက် ဘဝ တစ်သက်” ဖြစ်ပြီး စာပေပညာနှင့် အသိပညာမရှိပါက ဘဝတစ်လျှောက်လုံးတွင် အခက်အခဲများနှင့် ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုယ်တိုင် အသိ ပညာဗဟုသုတများရရှိစေရေး စာပေဖတ်မှတ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့၏ သားသမီးများကိုလည်း ပညာရေးအားပေးရန်၊ စာပေဖတ်မှတ်တတ်သည့် အလေ့အကျင့်ကောင်းကို ပြုလုပ်ပေးရန်လိုကြောင်း၊ စာကောင်းပေမွန်များကို ရွေးခြယ် ဖတ်ရှုစေပြီး အသိပညာအတတ်ပညာကြွယ်ဝသည့်၊ ယဉ်ကျေးသိမ်မွေ့သည့် အနာဂတ် မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုလေ့လာ ခြင်းမှရရှိလာသည့်အသိဉာဏ်အလင်းသည် ဘဝတိုးတက်မှုအတွက်များစွာ အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ပြီး မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်ကိုပါ အလင်းရောင်နှင့် လမ်း ကြောင်းမှန်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မ တော်သားများ၊ မိသားစုများ၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိ သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ကျန်းမာကြံ့ခိုင်သန်စွမ်းမှုရှိစေရေး အသိ၊ သတိနှင့် ယှဉ်၍ နေထိုင်စားသောက်ရန်လို

ကျန်းမာရေးနှင့်ပတ်သက်၍လည်း မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်သန်စွမ်းအောင် နေထိုင်စားသောက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ လူ့သက်တမ်းသည် ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် အသိ၊ သတိနှင့်ယှဉ်၍ နေထိုင်စားသောက်ရန်နှင့် မိမိအတွက်အကျိုးမရှိသည့် အသောက် အစား၊ အပျော်အပါးများကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ ထို့ပြင် တစ်ဦးချင်းနှင့် အဖွဲ့ အစည်းအပေါ် ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမှုနေထိုင်မှုများကိုလည်း ရှောင်ကြဉ်ကြ ရန်လိုကြောင်း၊ အသောက်အစားအပျော်အပါးများကြောင့် မိမိတို့တစ်ဦးချင်း စွမ်း ဆောင်ရည်များနှင့် မိမိတို့၏ မိသားစု၊ အဖွဲ့အစည်းအပေါ်တွင် ထိခိုက်မှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း ကိုယ်စီအသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် မိမိကိုယ်မိမိ တည်ဆောက်ကြရ မည်ဖြစ်ကြောင်း။

သက်သာချောင်ချိရေးနှင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံဖြစ်စေရေး

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိသားစုဝင် များ၏ မီးဖိုချောင်စားရေးကို အထောက်အကူဖြစ်စေနိုင်သည့်သီးနှံများကို စိုက်ပျိုး ခြင်းဖြင့်ပိုလျှံလာသည့်ငွေကြေးများကိုအခြားနေရာများ၌ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးကို အဓိကထားဖြည့်ဆည်းပေးနိုင် ရန်လိုကြောင်း၊ ထို့ပြင် မိမိတို့တပ်မတော်သားများ၏ စားသောက်နေထိုင်မှုမှအစ လူနေမှု အဆင့်အတန်းကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာ သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မိတ္ထီလာတပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။