မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဇွန် – ၂၄

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာ ရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ် များနှင့် ကျောင်းအုပ်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ  နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံအခမ်းအနားမုခ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ပညာစံ အရေး၊ ညီလာခံတေး” အဖွင့်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၄)ကို “လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကို ပိုမိုမြှင့်တင်ပေး” ဟူသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက် လျက်ရှိနေပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ် ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ် ပြန့်ပြန့်သိခြင်းတို့ဖြစ်ကြောင်း၊ ပညာသင်ကြားခြင်းကို ကျောင်းသင်ခန်းစာများကို သင်ယူခြင်း (Formal Learning) အပြင် ကျောင်းပြင်ပသင်ယူခြင်း (Non-formal Learning) နှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာသင်ယူခြင်း (Informal Learning) စသည်များနှင့် ရယူတတ်မြောက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ဘဝတစ်သက်တာလေ့လာ သင်ယူသွားကြရမည်လည်း ဖြစ်ကြောင်း၊ ပညာသည် အလင်းရောင်နှင့်တူပြီး အလင်း ရောင်သည် အမှောင်ကိုဖယ်ရှားနိုင် ကြောင်း၊ ပညာသည် မောဟ(မသိခြင်း)ကို ပယ် ဖျောက်နိုင် ကြောင်း၊ ထို့ကြောင့် “ပညာသမာ အာဘာနတ္ထိ “ပညာနှင့်တူသော အလင်းရောင်မရှိ ”ဟု မြတ်စွာဘုရားကဟောကြားခဲ့ ကြောင်း။

ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကို ဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက် တတ်မှု စသည့်ပင်ကိုယ်အရည်အသွေးများကို ပိုင်ဆိုင်လာသည့်အတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းစေနိုင်မည် ဖြစ်ကြောင်း၊ အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ဝင်ငွေကောင်းသည့် အလုပ်အကိုင်ကောင်း များကို ရရှိနိုင်ကြောင်း၊ ဆန်းသစ်တီထွင်ဖန်တီးတတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယ ရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများ ဖြစ်လာကြကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံကျောင်းများတွင် ခင်မင်ရင်းနှီးခဲ့ သည့် သူငယ်ချင်းများသည်လည်း လုပ်ငန်းခွင်မိတ်ဖက်များ ဖြစ်လာနိုင်ကြကြောင်း၊ ဘဝအောင်မြင်မှုအတွက်ဆိုပါက အရာရာတိုင်းတွင် ပညာသည်သာ အခရာဖြစ် ကြောင်းကို မိမိနှင့်နီးစပ်ရာ ပြည်သူများကို ရှင်းလင်းပြောကြားပေးကြရန် တိုက်တွန်း လိုကြောင်း။

         နိုင်ငံတစ်နိုင်ငံ၏အင်အားသည် ပညာအပေါ်တွင် အခြေခံကြောင်း၊ ဗလငါးတန် ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏အနာဂတ်များဖြစ်ကြောင်း၊ မိဘများက သားသမီးများ လူလား မြောက်အောင်ကျွေးမွေးပြုစုယုယကြကြောင်း၊ ပညာသင်ယူရမည့် အရွယ်ရောက်သည့် အခါ နွေးထွေးသည့်မိဘရင်ခွင်မှခွာပြီး စာသင်ကျောင်းဆီ ဦးတည်ကြရကြောင်း၊ မိဘရင်ခွင်ပြီးပါက ဆရာ့ရင်ခွင်သည် ကျောင်းသားလူငယ်များအတွက် ဒုတိယရင်ခွင် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဆရာ၊ ဆရာမများသည် ကျောင်းသား ကျောင်းသူများ အတွက် ဒုတိယမိဘများပင်ဖြစ်ကြကြောင်း။

မြန်မာ့ယဉ်ကျေးမှုတွင် အနန္တောအနန္တဂိုဏ်းဝင် ဆရာသခင် ကျေးဇူးရှင်ဟု ဆရာ ကို အလေးအမြတ်ထားပြီး နှလုံးသွင်းချစ်ခင် ရိုသေကြကြောင်း၊ တပည့်များကို ပညာ ပေးဝေသူ၊ ပညာဖြင့် တပည့်များ၏ဘဝကို ရှင်သန်စေသူဖြစ်သည့် ဆရာ၏မြင့်မြတ်လှ သည့် ကျေးဇူးကို ဂုဏ်တင်အသိအမှတ်ပြုပြီး မိဘ၊ ဆရာကို တစ်ဂိုဏ်းတည်းထားကာ အာစရိယဂုဏော အန‌န္တော၊ ဆရာသမား၏ ဂုဏ်ကျေးဇူးသည် အဆုံး အပိုင်းအခြား မရှိဟု သတ်မှတ်လျက် လေးစားကြည်ညိုကြကြောင်း၊ ထို့ကြောင့် ဆရာသခင် ကျေးဇူး ရှင်များကလည်း မိဘသဖွယ် စိတ်ဝယ်ထားပြီး မိမိတပည့်များကို ပညာတတ်များ ဖြစ်လာအောင်၊ လိမ္မာယဉ်ကျေးသူများဖြစ်လာအောင် ဦးဆောင်လမ်းပြသင်ကြားပေး ရန် တိုက်တွန်းလိုကြောင်း။

ပြည်သူလူထုအများစုသည် ဝင်ငွေ အလယ်အလတ်အဆင့်ရှိသူများ ဖြစ်သည့် အတွက် နိုင်ငံတော်၏ကျောင်းပညာရေးကိုသာ အားကိုးကြကြောင်း၊ အများပြည်သူက ယုံကြည်အားကိုးကြသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာရေး တွင် ပညာတော်၊ ပညာတတ်၊ ဘက်စုံထူးချွန်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာ စေရေးကို  အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ အနာဂတ်တွင် နိုင်ငံတော် က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည်အချင်း ပြည့်ဝ သည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်မှာ ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှု ကောင်းမွန်ရေးအပေါ်မှာ တည်မှီနေကြောင်း။

အခြေခံပညာကဏ္ဍတွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်းရှိ ရာမှ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၈ သန်းကျော်အထိ တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၂၁ ရက်နေ့အထိ ကျောင်းအပ်နှံသူ ၇ ဒသမ ၃ သန်းကျော် ရှိပြီဟု သိရကြောင်း။

ဖြစ်ပေါ်တိုးတက်နေသည့် ကမ္ဘာ့အခြေအနေများအရ လူ့ဘဝရပ်တည်ရန်အ တွက် လူတစ်ယောက်သည် အနည်းဆုံးအလယ်တန်းပညာအဆင့်အထိ တတ်သင့် ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လူတိုင်း KG+9 အထိ ပညာသင်ကြားရန် ဦးတည်ချက်ချမှတ်ထားကြောင်း၊ အဆိုပါဦးတည်ချက် ပေါက်မြောက်အောင်မြင်ရန် လူ တိုင်း KG+9 အထိပြီးမြောက်အောင်မြင်ရေးအတွက် မသင်မနေရ သင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ အထူးသဖြင့် အခိုက် အတန့် ကျောင်းအပ်လျော့နည်းနေသည့် မူလတန်းအရွယ် ကလေးတိုင်း ကျောင်းအပ်နှံ ရေးအတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ ပူးပေါင်းပြီးလှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ရှင်းပြခြင်း၊ အားပေးပံ့ပိုးခြင်း နည်းလမ်းအသွယ်သွယ်ဖြင့် စဉ်ဆက်မပြတ် ဆက်လက်ပြီး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

တစ်ဖက်တွင်လည်း အလယ်တန်းနှင့်အထက်တန်းတွင် ကျောင်းဝင်နှုန်းတိုးမြင့် လာပြီး တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားလာသည်နှင့် ကျောင်းထွက်မှုနှုန်း လျော့နည်း သွားသည်ကိုလည်းတွေ့ရကြောင်း၊ အလယ်တန်းအဆင့် Grade 9 အောင်မြင်ပြီး မြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် သက်မွေးပညာရေးအပါအဝင် သင်ယူမှု အခွင့်အလမ်းများကို ယခုထက်ပိုမိုဖော်ထုတ်အားပေးသွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ (၁၁) ရက် နေ့က ထုတ်ပြန်ကြေညာခဲ့ရာတွင် တစ်နိုင်ငံလုံးဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိခဲ့ပြီး ၇၄၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၇ ဒသမ ၉ ဖြစ်ကြောင်း၊ အောင်မြင်သူအားလုံးနီးပါး အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရေး ဝိုင်းဝန်းကြိုး စား တိုက်တွန်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားသည့်နိုင်ငံ ဖြစ်သည့် အတွက် စနစ်ကျသော စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သော ကုန်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန် ကျွမ်းကျင်သူများစွာ လိုအပ်ကြောင်း၊ ထို့‌ကြောင့် ၂၀၂၃-၂၀၂၄ ပညာသင် နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ခရိုင် ၈၄ ခုတွင်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း ၈၅ ကျောင်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊ အဆိုပါကျောင်းများတွင် အလယ်တန်းအဆင့်ပြီးသူများ တက် ရောက်နိုင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များနှင့် ဈေးကွက်အတွက် လိုအပ်သည့်ကျွမ်းကျင်မှု အရည်အသွေးများကို ဖြည့်ဆည်းပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း။

အတန်းပညာ တတ်မြောက်ရေးအတွက် စာသင်ကျောင်း၊ စာသင်ဆောင်၊ စာသင် ခန်း၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ အားကစားရုံ၊ အားကစားကွင်း၊ အခြေခံအဆောက် အအုံ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှု၊ နည်းပညာအသုံးပြုသင်ကြားနည်းစနစ်များ ပံ့ပိုးမှု၊ အင်တာနက်ရရှိမှု၊ သောက်ရေသုံးရေရရှိမှု၊ သင်ယူမှုပတ်ဝန်းကျင်ကောင်းနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်မှု စသည်များနှင့် ပြည့်စုံရန်လည်းလိုအပ်ကြောင်း၊ ထို့ အပြင် အရည်အသွေးရှိသည့် ဆရာအရေအတွက်လုံလောက်မှု၊ ဆရာအရည်အသွေးမြှင့် မွမ်းမံ သင်တန်းများပို့ချမှု၊ သင်ရိုးညွှန်းတမ်းခေတ်မီမှု၊ ကျောင်းသား ဗဟိုပြုသင်ကြား နည်း စနစ်များမှန်ကန်မှု၊ စစ်ဆေးအကဲဖြတ်စနစ်ကောင်းမွန်မှု၊ စီမံခန့်ခွဲကြီးကြပ်မှုနှင့် သက်သာ ချောင်ချိရေးပံ့ပိုးမှု စသည်များသည် ဟန်ချက်ညီညီ ပြည့်စုံလုံလောက်မည် ဆိုပါက နိုင်ငံ၏ပညာရေးအဆင့်သည် အချိန်တိုအတွင်းတိုးတက်လာမည်ဟု ယုံကြည် သည့်အတွက် နိုင်ငံတော်က ပညာရေးကိုဦးစားပေးပြီး တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ မိဘဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ကလည်း မိမိကျောင်း၏ ကောင်းသည့် ဂုဏ်သတင်း ကျော် ကြားမှုများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်နေကြမည်ဆိုပါက ကျောင်းတစ်ကျောင်း ချင်းစီမှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပညာရေးဂုဏ်သတင်း သင်းပျံ့ လာ မည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း။

ကျောင်းကောင်စီ ကတိသစ္စာလေးချက်နှင့်အညီ မိမိကိုယ်ကို၊ မိမိအတန်း၊ မိမိကျောင်း၊ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားကြရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်တည့်မတ်ပေးရေးသည် ဆရာ၊ ဆရာမများ၏ တာဝန်များပင်ဖြစ်ကြောင်း။

ယဉ်ကျေးလိမ္မာရန်၊ ရိုးသားဖြောင့်မတ်ရန်၊ စိတ်ထားဖြူစင်ရန်၊ ကိုယ်ချင်းစာ စိတ်ရှိရန်၊  ပြည်သူ့နီတိနှင့်အညီ ပြုမူနေထိုင်တတ်ရန်၊ တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်ရှိရန်၊ အချိန်ကိုလေးစားရန်၊ စုပေါင်းဆောင်ရွက်တတ်ရန်၊ အတ္တ ပရ မျှတရန်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိရန် စသည့်စိတ်ဓာတ်ကောင်းများနှင့် အမူအကျင့် ကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးကြရမည် ဖြစ်ကြောင်း။

အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း မိမိ စာသင်ခန်း အတွင်း၊ မိမိကျောင်းဝန်းအတွင်း အမှိုက်ပစ်ခြင်း၊ စာသင်ခုံများအပေါ်တွင် ရေးခြစ်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းကအစ လုံးဝမပြုလုပ်ရန် ကျောင်းစည်းကမ်း လိုက်နာခြင်းမှအစပြုပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ် သည့် နိုင်ငံကြီးသားအလေ့အကျင့်ကောင်းများ ကိန်းအောင်းလာကြစေရန် လေ့ကျင့် ပေးသွားကြရမည် ဖြစ်ကြောင်း။

ကျေးလက်နေ ပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး စာတတ်မြောက်ရေး အတွက်စာမတတ်သူပပျောက်ရေးစီမံချက် ရေးဆွဲအကောင်အထည်ဖော်ပြီး စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် စာမ တတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေးအထိ တိုးချဲ့ဆောင်ရွက်သွား ကြရန်လည်း မှာကြားလိုကြောင်း။

အဆင့်မြင့်ပညာရပ်များကို သင်ယူခြင်းသည် ဘွဲ့အဆင့်အတန်းတစ်ခုရရှိရန် အတွက်သာမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး ဘက်စုံ အသိဉာဏ်ကြွယ်ဝသည့် နိုင်ငံသားများ ပေါ်ပေါက်စေကြောင်း၊ အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရပ်များကို နှံ့စပ်စွာတတ်မြောက်ထားသည့် ဘွဲ့ရပညာတတ်များစွာ ပေါ်ထွက်လာမှသာ နိုင်ငံအတွက် ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ကြောင်း။

တက္ကသိုလ်များတွင် ပညာရပ်နယ်ပယ်တစ်ခု၊ ဘာသာရပ်တစ်ခု၏ အခြေခံ အဆင့်မှ တန်းမြင့်အဆင့်ထိ လွှမ်းခြုံသည့် သင်ရိုးညွှန်းတမ်းများ တိကျစွာသတ်မှတ် ပြဋ္ဌာန်းထားသည့်အတွက် တက္ကသိုလ်ကျောင်းသားများအနေဖြင့် မိမိသင်ယူလေ့လာ သည့် ဘာသာရပ်၏အခြေခံကောင်းများကိုရရှိပြီး နှံ့စပ်စွာ နားလည်တတ်မြောက်နိုင် မည်ဖြစ်ကြောင်း။

တက္ကသိုလ်ပညာရေးသည် ဆန်းစစ်ဝေဖန်မှုစွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှု စွမ်းရည်၊ ပြဿနာကိုဖြေရှင်းသည့်စွမ်းရည်၊ စုပေါင်းဆောင်ရွက်မှု စွမ်းရည်တို့ကို မြှင့်တင်ပေးသည့်အတွက် အနာဂတ်တွင် မိမိအတွက်ရော၊ နိုင်ငံအတွက်ပါ အလွန် တန်ဘိုးရှိသည့် စွမ်းရည်များ၊ အလေ့အကျင့်ကောင်းများကိုလည်း ရရှိစေမည်ဖြစ် ကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံတက္ကသိုလ်များတွင် တက္ကသိုလ်ကျောင်းသားများ နိုင်ငံ တကာအရည်အသွေးမီ အဆင့်မြင့်ပညာကို လေ့လာသင်ယူခွင့်ရရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်မွမ်းမံခဲ့သကဲ့သို့ ဆရာ၊ ဆရာမ အရည် အသွေးမြှင့် မွမ်းမံသင်တန်းများ တိုးမြှင့်ဖွင့်လှစ်လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း၊ သင်ကြားနည်းဗျူဟာများကို တက္ကသိုလ်ပါမောက္ခများ၏ကြီးကြပ်မှုနှင့် ထိ‌ရောက်စွာ အသုံးချပြီး သင်ကြားသင်ယူမှုကို မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း။

ပညာတတ်နိုင်ငံသားများ အများဆုံးရှိနေသည့်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံကြီးများအဖြစ် ရပ်တည်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြ မည်ဖြစ်ကြောင်း၊ “ပညာတတ်” နိုင်ငံသားများဆိုသည်မှာ “အရည်အချင်း”ကို ဆိုလိုပြီး “အများဆုံး” ရှိသည်ဆိုသည်မှာ “အရေအတွက်” ကိုဆိုလိုကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံသည်လည်း အရည်အချင်းရှိသည့် ပညာတတ်များအရေအတွက် အများကြီးရှိ သည့် နိုင်ငံဖြစ်လာရန် လိုအပ်သည်မှာ ပေါ်လွင်ထင်ရှားနေကြောင်း၊ အရည်အသွေး အာမခံမှုရှိစေရန် ရလဒ်အခြေပြုပညာရေးစနစ် (Outcome-based Education)ကို ပီပြင်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။

ကျောင်းသားဗဟိုပြု သင်ကြားသင်ယူမှုစနစ်ကို ကျင့်သုံးပြီး ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှု၊ ဆန်းသစ်တီထွင်ဖန်တီးမှု စွမ်းရည်များကို အားပေးသည့် သင့်တော် မည့်  သင်ခန်းစာများ၊ လေ့ကျင့်ခန်းများ၊ သင်ကြားနည်းစနစ်များ၊ လုပ်ငန်းစဉ်များကို ရွေးချယ်အသုံးပြုပြီး ကျောင်းသားများ၏ နိုးကြားတက်ကြွသည့် Active Learning ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးစေလိုကြောင်း။

ထိုသို့ဆောင်ရွက်သည့်နေရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များပါ သုတေသနပရောဂျက်အခြေပြု သင်ကြားသင်ယူမှု စနစ်ကို ကျင့်သုံးကြသည့် အခါ ကျောင်းသား၊ ကျောင်းသူ အုပ်စုတစ်ခုချင်းစီအလိုက် သင့်တော်မည့် သုတေသန ပရောဂျက်ခေါင်းစဉ်များကို ချမှတ်ပေးနိုင်ရန် ဆရာ၊ ဆရာမများကိုယ်တိုင်က စာကြည့် တိုက်မှဖြစ်စေ၊ အင်တာနက်မှဖြစ်စေ ကြိုတင်ရှာဖွေရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပရောဂျက်ပြုလုပ်ရာတွင်လည်း စာကြည့်တိုက်များ၊ အင်တာနက်များ ကို အသုံးပြုပြီး ရှာဖွေလေ့လာဖတ်ရှုမှသာ ပရောဂျက်ကို အောင်အောင်မြင်မြင်ဖြင့် စုပေါင်းဆောင်ရွက်တတ်အောင် တက္ကသိုလ်များတွင်လည်း စာကြည့်တိုက်ယဉ်ကျေးမှု ကို ထူထောင်ကြရန်နှင့် နိုင်ငံအကျိုးပြုသုတေသနရလဒ်များ ဖော်ထုတ်ကြရန် တိုက် တွန်း မှာကြားလိုကြောင်း။

အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များဖြင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်ရန် ယခုညီလာခံကို တက်ရောက်လာသည့် ပညာရှင်များအားလုံးက “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး ပညာရေးကို ပိုမိုမြှင့်တင်ပေး” ဆိုသည့်ဦးတည်ချက်နှင့် ဖတ်ကြားဆွေးနွေး ကြမည့် ညီလာခံစာတမ်း(၃၆)စောင်အပေါ် အခြေပြုညှိနှိုင်းဆွေးနွေး အဖြေရှာကာ ရေတိုရေရှည်လုပ်ငန်းအစီအမံများချမှတ်ပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီ ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အနုပညာရှင်များက “စာသင်ကျောင်းက ခေါင်းလောင်းသံ”တေးသီချင်း၊ “ဖူးပွင့်ဝေဆီ အနာဂတ်ဆီ”တေးသီချင်းနှင့် “ပညာနှင့် သစ္စာ” တေးဂီတကဇာတ် တို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄)အထိမ်း အမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေး ညီလာခံ(၂၀၂၄) အထိမ်းအမှတ်ပြခန်းများအား ပြခန်းတစ်ခုချင်းစီ အလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို “လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး” ဟူသည့် ဦးတည်ချက်နှင့် အညီ ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးဆိုင်ရာအခြားဆက်စပ်ဝန်ကြီးဌာနများ အတူ တကွပူးပေါင်း၍ ဇွန် ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။