မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် အဖွင့်မိန့်ခွန်း

(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

အားလုံးမင်္ဂလာပါ

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေမင်္ဂလာ အပေါင်းနဲ့လည်း ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းအနက် အမျိုးသမီးပါဝင်မှုဟာ ၂၉ ဒသမ ၄ သန်းဖြစ်တဲ့အတွက်  နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးများဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်တဲ့ ပြည်ထောင်စုဖြစ်တာနဲ့အညီ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ၊ ဘာသာစကား၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနဲ့ သမိုင်းကြောင်း၊ ပထဝီဝင်အနေအထား အမျိုးမျိုးရှိကြပေမယ့်လည်း အမျိုးသမီးများအပါအဝင် တိုင်းရင်းသား အားလုံးဟာ စည်းလုံးညီညွတ်စွာနဲ့ ချစ်ခင်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။

မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးတွေဟာ မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်မှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများနဲ့ ပါဝင်ခဲ့ကြပါတယ်။ ဒီနေ့ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြရာမှာလည်း ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထု စွမ်းအားကြီးကို မြင်တွေ့နေကြရပြီဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေး လုပ်ငန်းတွေ အပါအဝင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်အသီးသီးမှာ ကာယအား၊ ဉာဏအားတွေနဲ့ စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေကြတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်ကြီးမားတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒီနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ အမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကဏ္ဍအသီးသီးက စွမ်းဆောင်ရည်ရှိတဲ့ ထူးချွန် အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့နေ့လည်းဖြစ်တဲ့အတွက် မြန်မာ အမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်းနဲ့ အမျိုးသမီးများဘ၀ သာယာလှပကြပြီး အစစအရာရာ အဆင်ပြေပါ စေကြောင်း ဆန္ဒပြုဆုတောင်းအပ်ပါတယ်။

၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံရဲ့ ဘေဂျင်းကြေညာစာတမ်းမှာ လုပ်ငန်းနယ်ပယ်အသီးသီးက အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတိုင်းမှာ အမျိုးသမီးကော်မတီများ ဖွဲ့စည်းရန်ဆိုတဲ့ အချက်ပါရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများ အရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လေးစားဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ရည်ရှိတဲ့ မြန်မာအမျိုးသမီးတွေကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၈ ခုနှစ်ကစပြီး ဇူလိုင်လ (၃)ရက်နေ့မှာ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပ ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ မူလတန်းကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနဲ့ သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေးတို့ ပါဝင်ပြီး ပညာရေးကဏ္ဍနိမ့်ကျနေမှုကို မြှင့်တင်ဖို့ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်လျက်ရှိပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်းနေတဲ့ကလေးတိုင်း အနည်းဆုံး အခြေခံပညာအဆင့်မှာ KG+9အထိ ပြီးမြောက်အောင် သင်ယူရေးမူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အချိန်မတိုင်မီ ကျောင်းမထွက်ကြစေရေး၊ တန်းစဉ်ကူးပြောင်းမှု မလျော့နည်းစေရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာနဲ့  အဆင့်မြင့်ပညာများကို  သင်ယူပြီးမြောက်ရေးအတွက် မိဘအုပ်ထိန်းသူများ၊  ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာမှာ ကျား၊ မ ခွဲခြားမှုမရှိဘဲ တန်းတူရည်တူပညာ သင်ကြားခွင့်ရရှိဖို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး နိုင်ငံတစ်ဝန်း ကျောင်းလုံးဝမနေဖူးသူအဖြစ် အမျိုးသား ၁၀၀ မှာ ၆ ဒသမ ၅ ဦးနဲ့ အမျိုးသမီး ၁၀၀ မှာ ၉ ဒသမ ၄ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ အသက် ၂၅ နှစ်နဲ့အထက် လူဦးရေရဲ့ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့တဲ့ အတန်းပညာကို စစ်တမ်းကောက်ယူခဲ့ရာ မူလတန်းအဆင့်မှာ အမျိုးသား ၄၂ ဒသမ ၃ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၁ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်မှာ အမျိုးသား ၂၅ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ အထက်တန်းအဆင့်မှာ အမျိုးသား ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး တက္ကသိုလ် ဘွဲ့ရအဆင့်မှာ အမျိုးသား ၉ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ ပညာရေးကွင်းဆက် တစ်လျှောက်မှာ ကျောင်းထွက်မှုနှုန်းများပြီး ပညာတတ်သူ နည်းပါးလာမယ့် အခြေအနေဖြစ်တဲ့အတွက် ပညာရေးမြှင့်တင်မှု လုပ်ငန်းတွေကို အလေးထားဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ အမျိုးသမီးများရဲ့ ပညာရေးကဏ္ဍ ယခုထက်ပိုပြီး မြင့်မားလာစေရေးကိုလည်း အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။

    ပညာရေးကဏ္ဍမှာ တစ်ဆက်တည်း လေ့လာကြည့်ရင် ကျောင်းပညာ တက်ရောက်သင်ကြားနေသူ အခြေခံပညာကဏ္ဍမှာ အမျိုးသမီး ၅၀ ဒသမ၇၆ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာမှာ ၆၃ ဒသမ ၆၀ ရာခိုင်နှုန်း၊ သိပ္ပံနဲ့ နည်းပညာမှာ ၄၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ ဆေးနဲ့နှီးနွှယ်ပညာမှာ ၇၀ ဒသမ ၄၄ ရာခိုင်နှုန်း ပညာသင်ကြားနေတာ တွေ့ရှိရပြီး ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူမှာ ၆၄ ဒသမ ၃၁ ရာခိုင်နှုန်းက အမျိုးသမီးများ ဖြစ်ကြတာတွေ့ရပါတယ်။ သင်ကြားရေးတာဝန် ထမ်းဆောင်နေသူများကြည့်ရင် အမျိုးသမီးများ အနေနဲ့ အခြေခံပညာမှာ ၈၃ ဒသမ ၆၉ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာမှာ ၈၇ ဒသမ ၈၉ ရာခိုင်နှုန်း၊ သိပ္ပံနဲ့နည်းပညာမှာ ၈၆ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဆေးနဲ့နှီးနွှယ်ပညာမှာ ၈၀ ဒသမ ၃၉ ရာခိုင်နှုန်း  သင်ကြားရေးတာဝန် ထမ်းဆောင်နေတဲ့အတွက် အမျိုးသမီးများပါဝင်မှု ပမာဏကြီးမားကြောင်း တွေ့ရှိရပါတယ်။

ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ကွာခြားချက် မကြီးမားစေရေးအတွက် အတတ်ပညာ တတ်မြောက်ပြီး အသိပညာပြည့်စုံတဲ့ ပညာတတ်များပေါများဖို့လည်း လိုအပ်ပါတယ်။ အတန်းပညာရှိမှ အသိပညာနဲ့ အတတ်ပညာရဖို့ လွယ်ကူမှာဖြစ်ပြီး လူငယ်များ မိမိခြေထောက်ပေါ် ရပ်တည်နိုင်စေဖို့အတွက် အသိပညာများ၊ အတတ်ပညာများ သင်ကြားလေ့ကျင့် ပေးရမှာဖြစ်ပါတယ်။

အဲဒီလို ပညာရည်မြင့်မားရေးနဲ့ လူငယ်များ ဗလငါးတန်ပြည့်ဝရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရေးမှာ မိခင်များ၊ ဆရာမများဖြစ်ကြတဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတဲ့ အတွက် အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

၂၀၂၃ ခုနှစ် မြန်မာစာရင်းအင်းလက်စွဲအရ ၂၀၂၀-၂၀၂၃ လုပ်သား အင်အားခန့်မှန်း စာရင်းအင်းများ အစီရင်ခံစာအရ လုပ်သားအင်အား ပါဝင်မှုနှုန်းမှာ အသက်(၂၅)နှစ်ကနေ(၂၉)နှစ်ကြား အုပ်စုဟာ အများဆုံး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စီးပွားရေးလုပ်ငန်း ကဏ္ဍအလိုက် အလုပ်လက်ရှိ ရာခိုင်နှုန်းအနေနဲ့ ၂၀၂၃ ခုနှစ်မှာ အမျိုးသားများရဲ့ အလုပ်အကိုင်ရရှိမှုက လယ်ယာကဏ္ဍမှာ ၄၉ ဒသမ ၇၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၁၉ ဒသမ ၃၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ၃၀ ဒသမ ၈၆ ရာခိုင်နှုန်း လုပ်ကိုင်လျက်ရှိပြီး အမျိုးသမီးများရဲ့ အလုပ်အကိုင် ရရှိမှုမှာ လယ်ယာကဏ္ဍမှာ ၄၂ ဒသမ ၀၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ  ၁၆ ဒသမ ၈၁ ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၄၁ ဒသမ ၁၂ ရာခိုင်နှုန်းတို့ ရှိတာကိုလည်း တွေ့ပါတယ်။ ကဏ္ဍအလိုက် အမျိုးသမီးများရဲ့ပါဝင်မှု တိုးမြင့်လာအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့  စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်မှာ ပါဝင်တဲ့   မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ မိခင်သေဆုံးမှုနှုန်း လျော့နည်းကျဆင်းရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ မွေးဖွားပြီးချိန် တစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့  မိခင်ဘဝရရှိစေဖို့ အလွန်အရေးကြီးပါတယ်။ ဝေးလံပြီး လမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ဒေသတွေမှာ နေထိုင်ကြသူများအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိစေဖို့ စေတနာ့ဝန်ထမ်း အရန်သားဖွားဆရာမများ အသစ်မွေးထုတ်ခြင်း၊ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျန်းမာရေး အသိပညာများ တိုးတက်လာစေရန် အသိပညာပေးစာစောင်များ   ပြုစုထုတ်ဝေဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ ကျား၊ မ တန်းတူညီမျှမှုကို အဟန့်အတားဖြစ်စေတဲ့ လူမှုရေး စံသတ်မှတ်ချက်များ၊ ဓလေ့ထုံးတမ်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဟာ ကျား၊ မ ရေးရာ ကွာဟချက်ဖြစ်ပေါ်စေနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်ပြုပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို  လက်လှမ်းမီရရှိစေဖို့ အလေးထား ဖော်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။

အမျိုးသမီးများရဲ့အခွင့်အရေးများနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ဥပဒေနဲ့အညီ အပြည့်အဝကာကွယ် စောင့်ရှောက်ပေးနိုင်ဖို့နဲ့ အကြမ်းဖက်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် တည်ဆဲဥပဒေများနှင့်အညီ အလေးထား ဆောင်ရွက်လျက်ရှိနေပါတယ်။

၂၀၂၃ ခုနှစ်မှာ UN Women နဲ့ UNDP တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စွမ်းဆောင်နိုင်မှုနဲ့ ကျား၊မ တန်းတူညီမျှရေး လေ့လာဆန်းစစ်ချက် အစီရင်ခံစာ” အရ ညွှန်းကိန်းများ အနေနဲ့ (သုည ဒသမ ၈)အထက်က အမြင့်ဆုံးဖြစ်ပြီး (သုည ဒသမ ၆) အထက်ဟာ အလယ်အလတ်ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများ စွမ်းဆောင်နိုင်မှု ညွှန်းကိန်းမှာ (သုည ဒသမ ၅၁၈)၊ ကျား၊ မ ရေးရာညွှန်းကိန်းမှာ(သုည ဒသမ ၅၉၈) တို့ဖြစ်တဲ့အတွက် အလယ်အလတ်အဆင့်ရဲ့ အောက်နားမှာ ရှိနေပါတယ်။ လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းအနေနဲ့ကတော့ (သုည ဒသမ ၅၅၀)နဲ့ (သုည ဒသမ ၆၉၉)ကြားရှိတဲ့အတွက် အလယ် အလတ်အဆင့်မှာရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး ကျား၊ မ တန်းတူရည်တူ ပါဝင်နိုင်မှု ပိုမိုတိုးတက်မြင့်မားရေးကို အလေးထားပြီး ဆက်လက်ဆောင်ရွက် ပေးကြရမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဆောင်ပုဒ်နဲ့အညီ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း ကျင်းပခဲ့ပါတယ်။  ဒီဆောင်ပုဒ်ကတော့ နိုင်ငံတွေ အနေနဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဘဏ္ဍာငွေအပါအဝင် ဘက်ပေါင်းစုံက ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လမ်းညွှန်မှုနဲ့အညီ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကတိကဝတ်များနဲ့ အကြံပြုသုံးသပ်ချက်များ၊  ဘေဂျင်း လုပ်ငန်းစီမံချက်နဲ့အညီ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ရဲ့ လုပ်ငန်းနယ်ပယ်(၁၂)ရပ်ကို အကောင်အထည်ဖော်ရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊  အစိုးရအဖွဲ့အစည်းများနဲ့  အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများ အားလုံးက   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်း ကတိကဝတ်များနဲ့ ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(၅)ဖြစ်တဲ့ ကျား၊ မ တန်းတူညီမျှမှုရရှိရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များ အားလုံး စွမ်းပကား တိုးမြင့်စေရေးတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေမှာ ရည်မှန်းချက်ပန်းတိုင် ပြည့်မီဖို့ ဆက်လက်အလေးထား ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ဒါ့ကြောင့် မြန်မာအမျိုးသမီးများရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဂုဏ်ရည်များဟာ ခေတ်အဆက်ဆက် ထင်ရှားပေါ်လွင်ခဲ့တာမို့ ဆက်လက်ထိန်းသိမ်း သွားကြဖို့လိုအပ်ပါတယ်။ အမျိုးသမီးများ ကဏ္ဍမြင့်မားရေး၊ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး တွဲလက်ညီညီနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်  ကဏ္ဍစုံမှာ အင်တိုက်အားတိုက်  ပူးပေါင်းပါဝင်နိုင်ဖို့နဲ့ တစ်ဦးချင်းစီမှသည် မိသားစုအတွင်း၊ ရပ်ရွာအတွင်း၊ နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။