၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် – ၂၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ နှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(လေ)၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မ တော် အခြေခံပညာ အထက်တန်းကျောင်းများနှင့် တပ်မတော်ပညာရေးကျောင်း များမှ အုပ်ချုပ်မှုတာဝန်ခံအရာရှိများနှင့် ကျောင်းအုပ်ကြီးများ၊ ဆုရစစ်သည်များ၊ ကျောင်း သား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ  တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကအခြေခံအုတ်မြစ်ဖြစ်သည့်အပြင် နိုင်ငံ့သားကောင်းတစ်ယောက်တွင်ရှိသင့်သည့် ကျင့်ဝတ်၊ စည်းကမ်းလိုက်နာမှု၊ စုပေါင်းဆောင်ရွက်တတ်မှု စသည့် စိတ်နေစိတ်ထား အခြေခံကောင်းများဖြစ်လာအောင် လေ့ကျင့်ပုံဖော်ပေးသည့်အရာဖြစ်ကြောင်း၊ အဆင့် မြင့်ပညာရပ်များတတ်ကျွမ်းပြီးအရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်း များ ပေါ်ထွန်းလာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးပိုင်းတို့တွင် ကောင်းမွန်သည့် အထောက်အပံ့ကောင်းများရရှိမည်ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိ ပညာနှင့် အတွေးအခေါ်ထက်မြက်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝမှသာ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ယူပြီးချိန်မှစပြီး ပညာရည်မြှင့်တင်ရေးအဖြစ် ကျောင်းနေအရွယ်အားလုံး ပညာသင်ကြားနိုင်ရေးနှင့် KG+9 အထိ မဖြစ်မနေသင်ကြားရေးကို မူဝါဒချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ KG+9 တက်ရောက်အောင်မြင်သူများအနေဖြင့်လည်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင် ရာ ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိရန်အတွက် ခရိုင် ၈၄ ခုတွင်ရှိသည့် အခြေခံ ပညာအထက်တန်းကျောင်း ၈၅ ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ အခြေခံ ပညာအထက်တန်းကျောင်းများတွင် တက်ရောက်အောင်မြင်ပြီးသူများကို လည်း မိမိတို့ရရှိသည့် သတ်မှတ်အရည်အချင်းပေါ်မူတည်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဆက်လက်ကူးပြောင်း သင်ကြားနိုင်ရေး အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း။

နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ဖော်ဆောင်ရာတွင် ပညာရေးကို ရေရှည်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံး နှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်ဟုယုံကြည်ကြောင်း၊ အသိပညာနှင့် အတတ်ပညာ ဟန်ချက်မျှတစွာ စွမ်းရည်မြင့်မားမှုမရှိပါက နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်အသီးသီး၌ အားနည်းချက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး တိုင်း ပြည်စည်းလုံးညီညွတ်ရေးအပေါ်ကိုလည်း မလွဲမသွေ သက်ရောက်စေနိုင်ကြောင်း၊ ထို့ ကြောင့် နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် ပညာရေး ကဏ္ဍ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများကို အားလုံးက သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

တပ်မတော်သားများအနေဖြင့် သက်ဆိုင်ရာ တပ်မတော်ပညာရေးကျောင်း များမှ ပြီးခဲ့သည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်မှု ပျမ်းမျှ ၂၄ ဒသမ ၅၈ ရာခိုင်နှုန်းရှိခဲ့ပြီး တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများ အနေဖြင့် အောင်မြင်မှုပျမ်းမျှ ၆၀ ဒသမ ၉၄ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရကြောင်း၊ တပ်မတော်သား(၃)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊(၂)ဘာသာဂုဏ်ထူးရှင် ၅ ဦး၊(၁) ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး ရှိခဲ့သကဲ့သို့ တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများ၌ တက်ရောက်ခဲ့သူများအနေဖြင့် (၆) ဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ (၅) ဘာသာ ဂုဏ်ထူး ရှင် ၂၆ ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ၃၁ ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် ၆၅ ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် ၁၉၇ ဦးရှိခဲ့သည်ကို တွေ့ရှိရ ကြောင်း။

တပ်မတော်ပညာရေးကျောင်းများ၌ဆိုပါက အမှတ်(၂) ပညာရေးကျောင်း သည် အောင်မြင်မှုပျမ်းမျှ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့သကဲ့သို့ တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းများအနက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း (စစ်တွေ)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မင်္ဂလာဒုံ) တို့သည်လည်း အောင်မြင်မှုပျမ်းမျှ ၉၅ ရာခိုင်နှုန်းကျော်အထိဖြစ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ အောင်မြင်မှုများနှင့် ဂုဏ်ထူးရသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူမိကြောင်းကို ပြောကြားလိုကြောင်း။

မိမိတို့နိုင်ငံတွင် ပညာရေးကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရေး ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစပြီး ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ပေါ်ပေါက်လာသော်လည်း အခြေခံပညာကဏ္ဍတွင် ပြည်သူ လူထုအများစုသည် အစိုးရအခြေခံပညာကျောင်းများ၌ အဓိကတက်ရောက် ပညာ သင် ကြားကြကြောင်း၊ တပ်မတော်သား သား၊ သမီးများသည်လည်း နိုင်ငံ့ဝန်ထမ်း သား၊ သမီးများဖြစ်ကြသဖြင့် နိုင်ငံတော်အစိုးရ၏ အခြေခံကျောင်းများတွင် အလေးထား တက်ရောက်ပညာသင်ကြားကြရကြောင်း၊ ယခု ထူးချွန်ဆုရသူအများစုသည် အစိုးရ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားပြီး ထူးချွန်အောင်မြင်ခဲ့ကြ သူများဖြစ်ကြောင်း၊ ကိုယ်တိုင်ကြိုးစားအားထုတ်မှုမှ ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ ထို့ပြင် နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်များတွင်လည်း တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းများ အပါအဝင် အစိုးရအခြေခံပညာအထက်တန်းကျောင်း များသည် ထိပ်တန်းကရပ်တည်နေသည်ကို တွေ့ရကြောင်း။

ယင်းတို့ကိုကြည့်ရှုခြင်းအားဖြင့် ပညာသင်ကြားမှု၊ တတ်မြောက်မှုနှင့် ထူးချွန်စွာ အောင်မြင်နိုင်မှု အခွင့်အလမ်းတို့သည် ငွေကြေးတတ်နိုင်မှု၊ အရင်းအမြစ်ကြွယ်ဝမှု တို့အပေါ်ထက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ မိဘ၊ ဆရာနှင့် တာဝန်ရှိသူများ၏ အားပေးမှုတို့အပေါ်တွင် အဓိကတည်မီနေခြင်းဖြစ်သည်ကို ပြောနိုင်ကြောင်း၊ နိုင်ငံ တော်အစိုးရ၊ တပ်မတော်အနေဖြင့်လည်းတပ်မတော်သားများနှင့် အငြိမ်းစား မိသားစု ဝင်များ၏ ပညာရေးကို မိဘ၊ ဆရာ၊ ကျောင်းသား၊ တာဝန်ရှိသူများ ဟူသည့် စတုရန်း ပုံစံ ဝိုင်းဝန်းကြိုးပမ်းပေးခြင်းဖြင့် မြှင့်တင်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ သား၊ သမီးတိုင်း၊ ကျောင်းသားတိုင်းကို ကိုယ်တိုင်ကြိုးစားအားထုတ်မှု၊ ဆရာ၊ ဆရာမ များ ၏  အနီးကပ်ကြပ်မတ်လေ့ကျင့်ပေးမှုများဖြင့် ကျောင်းအသီးသီးက ကြိုးပမ်းမြှင့်တင် ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း။

ယနေ့အခမ်းအနားတွင် (၆)ဘာသာဂုဏ်ထူးရရှိသူ ၆၉ ဦး၊ (၅)ဘာသာ ဂုဏ်ထူး ရရှိသူ ၈၀ ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၁ ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသူ စစ်သည် ၇ ဦး၊ (၁)ဘာသာဂုဏ်ထူး ရရှိသူ စစ်သည် ၁၃ ဦး၊ လူရည်ချွန် ၃၄ ဦးနှင့် အောင်ချက်အကောင်းဆုံးဖြစ်သည့် တပ်မတော်ပညာရေးကျောင်းများနှင့် တပ်မတော် အခြေခံပညာအထက်တန်းကျောင်းများမှ တာဝန်ရှိသူများကို ထိုက်ထိုက်တန်တန် ဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အခြားဂုဏ်ထူးရရှိသူများနှင့် ပညာသင်ဆုရရှိ သူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တက္ကသိုလ်ပညာ သင်ထောက်ပံ့ကြေးများကိုလည်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၇၈၇ ဦးကို ပညာသင်ထောက်ပံ့ကြေးများပေး ခဲ့ ကြောင်း၊ ၎င်းတို့အနက် ဆရာဝန်ဘွဲ့ရရှိသူ ၃၈ ဦး၊ အင်ဂျင်နီယာဘွဲ့ရရှိသူ ၃၅ ဦးနှင့် အခြားဘွဲ့ရရှိသူ ၄၁ ဦး ရှိခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ အတွေ့အကြုံများရရှိပြီး အနာဂတ် ဘဝပုံဖော်သည့်အခါ အကျိုးများစွာပြုစေရန်ရည်ရွယ်၍ ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၂၅၇ ဦးကို ပြည်ပနိုင်ငံများသို့ လေ့လာရေး ခရီး ၈ ကြိမ် စေလွှတ်ပေးခဲ့ကြောင်း၊ ပြည်ပ နိုင်ငံများကို လေ့လာရေးခရီးသွားရောက်ခဲ့သဖြင့် ရရှိခဲ့သည့်အတွေ့အကြုံများကို နိုင်ငံ့ အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးချလုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း။

မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ယနေ့အချိန်တွင် စိန်ခေါ်မှု မျိုးစုံကို ရင်ဆိုင်နေကြရချိန်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများက ကြုံတွေ့နေသည့်စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ကျော်လွှား နိုင်စွမ်းရှိသော်လည်း အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာနိမ့်ပါးသည့် နိုင်ငံများအနေ ဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတိုင်းအကျုံးဝင်သည့် ပညာရေးမှအစပြုပြီး ခေတ်မီထိရောက်သည့် ပညာရေးစနစ်တစ်ရပ် ဖြစ်ထွန်းအောင်မြင်လာသည်အထိ မိမိတို့အားလုံး စည်းလုံး ညီညွတ်ပြီး ယုံကြည်ချက်၊ခံယူချက်ခိုင်မာစွာဖြင့် တည်ဆောက်သွားကြရန်လိုကြောင်း။

ထို့ကြောင့် အခမ်းအနားကို တက်ရောက်လာကြသည့် လူငယ်မောင်မယ်တို့ အနေဖြင့်လည်း ဗလငါးတန်ဖွံ့ဖြိုးပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ၂၀၂၃-၂၀၂၄ ပညာ သင် နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော် သားမိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊ စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများမှ ဂုဏ်ထူး(၅)ဘာသာနှင့် အထက် အောင်မြင်ခဲ့သူများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် တပ်မတော်ပညာရေးကျောင်းများ၊ တပ်မတော်အခြေခံပညာကျောင်းများနှင့် လူရည် ချွန် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၏ ဆုရရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်မတော် အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆု ရရှိသည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လူရည်ချွန်ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၂ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က လူရည်ချွန်ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၅ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တပ်မတော်ပညာရေးကျောင်းများမှ အောင်ချက် အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပညာရေးကျောင်းများမှ ကျောင်း အုပ်ကြီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လူရည်ချွန်ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၂ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေးနှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး တို့က လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆုများပေးအပ်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ဇနီးတို့က အခမ်းအနားတက်ရောက်လာကြသူများ၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမ များအား စားသောက်ဖွယ် ရာများဖြင့်တည်ခင်းဧည့်ခံသည်။ စားသောက်ဖွယ်ရာများ သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန် ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက လူငယ် ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆို ဖျော်ဖြေကြသည်။

ဧည့်ခံဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။