နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် – ၂၉

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိမိတို့အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်မှုနှင့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များဆောင်ရွက်မှုများနှင့် ပတ်သက်၍ပြောကြားသွား မည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး

အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများစီးပွားရေး တိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံများရှိအစိုးရများအနေဖြင့် ပြည်သူများ၏ စီးပွားရေးတိုးတက်မှုကို လိုလားကြသဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း နိုင်ငံ့စီးပွားရေးအား ကောင်းအောင် ဆောင်ရွက်ရာတွင်လည်း စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးများလည်းပါဝင် ကြောင်း။

ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းမှ ဆောင်ရွက်ခဲ့မှုများရှိခဲ့သကဲ့သို့ နယ်စပ်ဒေသမှလည်း ကုန်သွယ် မှုများ ဆောင်ရွက်ခဲ့ပြီး ကိန်းဂဏန်းများအရ အပေါင်းလက္ခဏာရှိခဲ့ကြောင်း၊ သို့သော် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ ရှိနေသည်ကိုလည်း နေ့စဉ်သိရှိနေရ ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ၏စီးပွားရေးကိုထိခိုက်စေလျက်ရှိ ခြင်းကြောင့် ကုန်သွယ်မှုနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန် လိုအပ်လျက်ရှိ နေသေးကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ လမ်းခရီး၌မလိုလားအပ်သည့် ကုန်ကျစရိတ်များ ကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကို အဟန့် အတားဖြစ်စေမည့် လုပ်ဆောင်မှုများမရှိအောင် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်း။

ကုန်သွယ်မှုများဆောင်ရွက်ရန်အတွက် ထုတ်ကုန်ပစ္စည်းများ ရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဓိကအားဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ဆောင် ရွက်နေကြကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရေးအတွက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက ပြည်တွင်း ဆန်ဖူလုံမှုကိုသာမက ပြည်ပပို့ကုန်များကိုလည်း ပိုမိုရရှိစေမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မှသာလျင် ကုန်ပစ္စည်းများ များစွာရရှိမည်ဖြစ် ကြောင်း၊  ဆီထွက်သီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ဆီထွက်သီးနှံတွင် မြေပဲနှင့်နှမ်းတို့ကို ရိုးရာမုန့်ပဲသရေစာ အနေဖြင့်လည်း စားသုံးသကဲ့သို့ ပြည်ပသို့ကုန်ကြမ်းများအတိုင်း တင်ပို့ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မြေပဲ၊ နှမ်းတို့အပြင် အခြားဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ်၊ ဆီအုန်းတို့ကိုလည်း အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ မြန်မာဟင်းလျာတွင်မပါမဖြစ် သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်၊ အာလူး စသည့် အခြေခံစားကုန်သီးနှံများကိုလည်း ပန်းတိုင်း ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍လည်း အဓိကစားသုံးသည့် အသားများဖြစ်သည့် ကြက်၊ ဝက်၊ ဆိတ်နှင့် နွားများကိုလည်း စနစ်တကျဖြင့် ကျွေးမွေးခြင်း၊ ခြံလှောင်မွေးမြူဆောင်ရွက်သွားပါက အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ အထွက်နှုန်းများတိုးတက်စေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း ၄ သွယ်ဖြင့်ဆောင်ရွက်ရန်နှင့် ဒေသန္တရမွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက်ရာတွင် အခြားနိုင်ငံများမှ လုပ်ဆောင်လျက်ရှိသည့် အထွက်နှုန်း တိုးစေမည့် နည်းလမ်းများ ကိုလည်း အတုယူဆောင်ရွက်သွားကြရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ် လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်နိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှု လုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံ၏ GDP တိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကိုအခြေခံ၍ နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်း၏ လူမှုဘဝ များဖွံ့ဖြိုးရေးကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များလည်း လိုအပ်သဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ပညာတတ်များ မွေးထုတ်ပေးရန် လိုကြောင်း၊ အနည်းဆုံး အလယ်တန်းအဆင့်တက်မြောက် ရန်လိုအပ်သဖြင့် KG+9 အထိ မဖြစ်မနေတက်ရောက်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ် ကြောင်း၊ KG+9 တက်ရောက်အောင်မြင်ပြီးပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အထက်တန်း ကျောင်းများကို ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်စွာအောင်မြင်မည်ဆိုပါက တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်တက် ရောက် နိုင်ကြောင်း၊ နိုင်ငံအတွက်ပညာရှင်များစွာ လိုအပ်လျက်ရှိနေသေးကြောင်း၊ ထို့ကြောင့်နိုင်ငံအတွက် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်၍ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်း များအနေဖြင့် တိုးတက်လျက်ရှိသည်ကိုလည်းတွေ့ရကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ အနေဖြင့် SME လုပ်ငန်းများကို ကဏ္ဍများစွာ၌ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် စားသောက်ကုန်များကိုသာမက အခြားလူသုံးကုန်ပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက် သွားရန်မှာကြားလိုကြောင်း။

ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်အောင်ကြိုးပမ်း

ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းကို ပြည်ပသို့တင်ပို့ မှုမပြုဘဲ ပြည်တွင်း၌အဆင့်မြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ဝါမှဝါဂွမ်း၊ လင်တာဂွမ်း၊ ဝါစေ့မှ ဝါစေ့ဆီကိုထုတ်လုပ်နိုင်ပြီး ဝါစေ့ကြိတ်ဖတ်များကို တိရစ္ဆာန် အစာအဖြစ် ထုတ်လုပ်နိုင်သဖြင့် များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ ဝါဂွမ်းမှအဆင့်မီ သည့် ချည်များကိုထုတ်လုပ်နိုင်ပြီး ထိုမှတစ်ဆင့် ချည်ထည်များကို ထုတ်လုပ်နိုင် ကြောင်း၊ ထို့ကြောင့်ဝါကိုအခြေခံသည့် ချည်ထည်စက်မှုလုပ်ငန်းကို ဆောင်ရွက်သွား ရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဝါကိုအဓိကစိုက်ပျိုးကြသဖြင့် အဆိုပါတိုင်းဒေသကြီး များမှထွက် ရှိသည့်ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်ပြီး ဝါဂွမ်းရောင်းချသည့် အဆင့်မှ အဆင့်မီသည့် ချည်နှင့် ချည်ပိတ်များကို ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက ဝါစိုက်ပျိုးမှုမှရရှိသည့်အကျိုးကျေးဇူးမှာများစွာ ကြီးမားသည်ကိုတွေ့ရကြောင်း၊ ထို့ ကြောင့် အဆိုပါဒေသကြီးများအနေဖြင့် ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာရရှိလာမည်ဖြစ် ကြောင်း။

ရေထွက်ပစ္စည်းများသည် မိမိတို့နိုင်ငံအတွက် အထိုက်အလျောက်ဝင်ငွေရရှိ ကြောင်း၊ မွေးမြူခြင်းနှင့် ဖမ်းဆီးခြင်းနှစ်ခုရှိပြီး ရေထွက်ပစ္စည်းများမှ ဝင်ငွေများပိုမို ရရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေသယံဇာတ မွေးမြူရေးလုပ်ငန်းများကို လည်း အောင်မြင်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ကြောင့်တာ ဝန်ရှိသူများက အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်

ယခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ ၇၀ ရာခိုင်နှုန်းခန့်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ၉၂ ရာခိုင်နှုန်း ကျောင်းတက် ရောက်လျက်ရှိကြောင်း၊ ဖွင့်လှစ်ထားသည့်ကျောင်းများ ဆက်လက်ဖွင့်လှစ်သင်ကြား နိုင်ရေးနှင့် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန်လို ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း အချိန်ပိုများသင်ကြားပေးပြီး ကလေးငယ်များ အမှန်တကယ် စာတတ်မြောက်စေရေး သင်ကြားပေးရန်လိုကြောင်း။

မိမိတို့နိုင်ငံသားအများစုသည် ဝင်ငွေအလယ် အလတ်တန်းရှိသူများနှင့် ဝင်ငွေနည်းကြသူများဖြစ်ကြကြောင်း၊ အစိုးရကျောင်းများ၌ ပညာသင်ကြားနေကြသူ အများအပြားရှိကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင် ပေးခြင်းဖြစ်ကြောင်း၊ သင်ကြား ရေးတာဝန်ယူထား ရသူများအနေဖြင့် အတန်းအောင်ရန်အဓိကမဟုတ်ဘဲ ပညာတတ်အောင် သင်ကြား ပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများကို ခန့်အပ်တာဝန်ပေးအပ်ရာတွင် လိုအပ်သည့် သင်တန်းများကို ပြီးမြောက်ပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒေသအလိုက် တာဝန်ထမ်းဆောင်နေကြသည့် သင်ကြားရေးဆိုင်ရာ ဝန်ထမ်းများ၏ အခြေခံလိုအပ် ချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမ များအနေဖြင့် သင်ကြားရေးတာဝန်များကို လုံခြုံအေးချမ်းစွာဖြင့် ထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အစိုးရအနေဖြင့်လည်း ပညာရေးဝန်ထမ်းများအား ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ကလေးငယ်များကို အမှန်တကယ် ပညာတတ်မြောက် အောင်သင်ကြားပေးရန်လိုကြောင်း၊

တစ်ဆက်တည်းပြောရမည်ဆိုပါက ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် လစာအပြင် ထောက်ပံ့ကြေးများကိုလည်း တိုးမြှင့်ခံစား စေလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများကိုပါ ထောက်ပံ့ကြေးတိုးမြှင့်ပေးမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းခန့်အပ်မှုများနှင့်ပတ်သက်၍လည်း လိုအပ်သည့် အင်အား ကိုသာ စိစစ်ခန့်အပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းများကို မဖြစ်မနေခန့်အပ်သွားရန် မှာကြားထားပြီးဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများကို ပြည့်မီစွာခန့်အပ်နိုင်ရေး ဆောင် ရွက်လျက်ရှိသကဲ့သို့ သင်ကြားရေးဆိုင်ရာ အဆောက်အဦများကိုလည်း လိုအပ်ချက် နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

ကျန်းမာရေးပိုင်းနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူစဉ်ကာလအတွင်း ကိုဗစ် – ၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အခက်အခဲ၊ အကြပ်အတည်းများကို ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက် မှုများဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ကျန်းမာရေးပိုင်းတွင် ဝန်ထမ်းများပြည့်မီစွာ ခန့် အပ်နိုင်ရေးနှင့် ဆေးပစ္စည်းများပြည့်စုံမှုရှိစေရေး မိမိတို့အနေဖြင့် ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း အထူးရန်ပုံငွေမှ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  “ကျန်းမာမှပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်” ၊ “လူ့အသက်ထက်အရေးကြီး သည်မှာ ဘာမှမရှိ”၊ “ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်” စသည့်မူဝါဒများဖြင့် ကျန်းမာရေးပိုင်းကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ်ရန်တာဝန်ရှိသူများ အနေဖြင့် ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မှုခင်းလျော့ နည်း ကျဆင်းရေးအတွက် လိုအပ်သည့်အသိပညာပေးမှုများကိုလည်း ဖိဖိစီးစီးဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ယူထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း၊ အမှုအခင်းများဖြစ်ပွား မှုအများစုမှာ အသိပညာအားနည်းခြင်းနှင့် ငွေကြေးအခက်အခဲများကို မမှန်ကန်သည့် နည်းလမ်းများဖြင့်ဖြေရှင်းနိုင်ရန် ကြိုးပမ်းခြင်းတို့ကြောင့် ဖြစ်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်  အမှုအခင်းဖြစ်ပွားမှု များပြားသည့်ဒေသများ၌ ဥပဒေပိုင်းဆိုင်ရာ အသိ ပညာပေးမှုများ၊ ထိန်းသိမ်းကြပ်မတ်မှုများကို ထိထိမိမိ ဆောင်ရွက်သွားကြရန်မှာကြား လိုကြောင်း၊ ဒေသတွင်း၌ ဘေးကင်းလုံခြုံစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ အခြေခံဥပဒေဆိုင်ရာ အသိအမြင်များရရှိစေရေး ပညာပေးမှုများနှင့် ထိန်းကြောင်း မှုများကို ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးသဖြင့် KG+ 11 နှင့် KG+12 ကျောင်းသား၊ ကျောင်းသူ များအား  ဥပဒေဆိုင်ရာအခြေခံများကို သိရှိနိုင်ရေးအတွက်လည်း ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များကို သင်ကြားပို့ချပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေး သွားမည်ဆိုပါက မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာအောင် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု

အထွေထွေပိုင်းနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင် ရာတွင် အထက်အောက်ဆက်ဆံရေးကောင်းမွန်ရန်နှင့် မိမိတို့တာဝန်ယူထားရသည့် လုပ်ငန်းရပ်များအလိုက် တာဝန်ကိုကျေပွန်အောင် ကြည်သာရွှင်ပြစွာဖြင့် ထမ်းဆောင် နိုင်ရေး အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊  ဝန်ကြီးဌာနများအလိုက် အကြီးအကဲများအနေဖြင့်လည်း ဝန်ထမ်းများအား ကိုယ်ချင်းစာတရားဖြင့် သာတူညီမျှ အုပ်ချုပ်ကြရန်လိုပြီး သက်ဆိုင်ရာဌာနများ အလိုက်တာဝန်ထမ်းဆောင်မှုများ ကျေပွန် အောင် ထမ်းဆောင်နိုင်ရန်နှင့် ဌာနအတွင်းမျှတမှုများရှိအောင် ဆောင်ရွက်ပေးရန်လို ကြောင်း၊ ဝန်ထမ်းများနှင့် အမြဲမပြတ်ထိတွေ့ဆက်ဆံကာ ၎င်းတို့၏ လုပ်ငန်းပိုင်း ဆိုင်ရာလိုအပ်ချက်များ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုသိရှိအောင် ဆောင်ရွက် ပြီး တတ်နိုင်သမျှဖြေရှင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အရည် အသွေးများကိုလည်း မြှင့်တင်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည့် ကွပ်ကဲကြပ်မတ်မှုများလည်း ရှိရမည်ဖြစ်ကြောင်း။

ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲနှင့် အမျိုးသားအားကစားပွဲတော်ကို အနှစ်သာရရှိစွာဖြင့် ကျင်းပပြုလုပ်သွားမည်

လာမည့် အောက်တိုဘာလတွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီဇင်ဘာလတွင် အမျိုးသားအားကစားပြိုင်ပွဲကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားကျင်းပသည် ဆိုသည်ထက် အနှစ်သာရရှိသည့် ယှဉ်ပြိုင်မှုအရည်အသွေးကို ဖော်ပြနိုင်ရန်ဖြစ်ကြောင်း၊ ပြိုင်ပွဲများ ကျင်းပရာတွင် ညီညွတ်မျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိ ရန်လိုကြောင်း၊   ဆိုကရေးတီးပြိုင်ပွဲသည် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် အမျိုးသားရေးစရိုက်လက္ခဏာကို ဖော်ကျူးရန်ပြုလုပ်ခြင်းဖြစ် ကြောင်း၊ အမျိုးသား အားကစားပြိုင်ပွဲကျင်းပရာတွင်လည်းခမ်းနားထည်ဝါမှုထက် အရည်အသွေးရှိပြီး အဆင့်အတန်းရှိရှိဖြင့် ယှဉ်ပြိုင်ကစားနိုင်သော အားကစားပြိုင်ပွဲ ဖြစ်စေလိုကြောင်း၊ အဆိုပါပြိုင်ပွဲနှစ်ခုလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာန များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်များအနေဖြင့် အဆင့်အတန်းရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ တရားမျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေရေး  ဝိုင်းဝန်းဆောင်ရွက် ပေးကြစေ လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ခေတ် အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ်အမျိုးမျိုးကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြကြောင်း၊  မိမိတို့နိုင်ငံ၏လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ် သည်ကိုတွေ့ရကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီသည့် လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရသည့် အသင်းအဖွဲ့စနစ် တစ်ခုဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး လျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရကပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်း နှင့် အစိုးရကပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများရှိကြောင်း၊ ယင်းလုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သမဝါယမစနစ်သည် သင့်လျော်သည့် စနစ်တစ်ခုဖြစ်ကြောင်း။

ထို့ကြောင့် သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို မျိုး၊ မြေ၊ရေ၊ နည်း(၄)ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ထိုမှတဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများတည်ထောင်ဆောင်ရွက်သွားစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် နိုင်ငံတော်အနေဖြင့် အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိသကဲ့သို့ အရည်အသွေးပြည့်မီသည့် လူသုံးကုန် ပစ္စည်းများ၊ အဝတ်အထည်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားစေလိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာအောင်မြင်ပြီးမြောက်သူများသည် မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များကို ၎င်းနယ်ပယ်၌သာ ပြန်လည် အသုံးချရန် လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် ဆေးပညာ၊ နည်းပညာ၊ ကွန်ပျူ တာ၊  စီးပွားရေးနှင့် ဥပဒေ ဆိုင်ရာပညာရှင် များစွာလိုအပ်သည့်အတွက် သက်ဆိုင်ရာ ကျောင်းများနှင့်တက္ကသိုလ်များက သင်ကြားမွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ အတွက် ပညာရှင်လူငယ်များ လိုအပ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံအတွက်လူမှန်နေရာမှန် တာဝန်ထမ်းဆောင်မည် ဆိုပါက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် အဆောက်အဦဆိုင်ရာ လိုအပ်ချက်များရှိကြောင်း၊ ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်လည်း တပ်ဖွဲ့ဝင်များအတွက် ဝန်ထမ်းအိမ်ရာများ လိုအပ်ချက် ရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ၎င်းတို့တာဝန်ထမ်းဆောင်ရာဧရိယာအတွင်း၌ ဝန်ထမ်းအိမ်ရာများ မဖြစ်မနေဆောက် လုပ်ပေးရန်လိုအပ်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတော်နှင့် ပတ်သက်၍ အကြောင်းကိစ္စရပ်များရှိပါက အချိန်မီတင်ပြကြရန်နှင့် မူဝါဒနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။