ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄) ကျင်းပ

နေပြည်တော်၊ ဇူလိုင် – ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၄)ကို ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့် ယူ၍ ဆေးကုသမှုခံယူနေသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ယာယီသမ္မတတာဝန် ဝတ္တရားများကို လွှဲပြောင်းအပ်နှံခဲ့သောကြောင့် အစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး တို့ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန် ယူခဲ့သည့် ၆ လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြရာတွင် ယာယီသမ္မတ တာဝန် ဝတ္တရား များ လွှဲပြောင်းခြင်းဆိုင်ရာကိစ္စကို ဦးစွာပြောကြားလိုကြောင်း၊ ယာယီသမ္မတ ဦးမြင့်ဆွေ အနေဖြင့် အာရုံကြောအားနည်းမှုခံစားရသောကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး အထူးကုပါရဂူကြီးများပါဝင်သည့် ဆေးကုသမှုအဖွဲ့ဖြင့် ဆေးကုသမှုခံယူခဲ့ကြောင်း၊ အလားတူ ဝဲ၊ ယာမျက်စိများ၌ ဖြစ်ပွားလျက်ရှိသည့်အတွင်းတိမ်များကို ခွဲစိတ်ကုသ ခဲ့ရာ အမြင်အာရုံပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အာရုံကြောအားနည်း ရောဂါ ကို ဆက်လက်ခံစားနေရကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့သည့်အခါ ကျန်းမာရေးအခြေအနေသည် တိုးတက်ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှုမရှိသေးသည့် အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက် ၁၁၃၀ အချိန်တွင်အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရန်အလို့ငှာ တာဝန်လွှဲပြောင်းခြင်း ပြုလုပ်ခဲ့သည်ကို တင်ပြအပ်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေကြေညာမှု ယင်းနှစ်ခုကိုဆက်စပ်ကြည့်မည်ဆိုပါက အရေးပေါ်ကာလမပြီးမြောက်သေးသည့် ကာလအတွင်း၌ အမျိုသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်ပါဝင်သည့် ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမူ ကျန်ရှိသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားသည့် တာဝန်များကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာယီသမ္မတ၏ ကျန်းမာရေးအခြေအနေ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတလစ်လပ် သွားပါက ပုဒ်မ ၄၁၂(ခ)နှင့် ပုဒ်မ ၄၁၈(ခ) တွင်ပါရှိသည့် အခြေခံဥပဒေ၏ သဘော တရားများအရ နိုင်ငံတော်၏ကိစ္စရပ်များကို အဓိကအဆုံးအဖြတ်ပေးရသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ရန်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရလည်း နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိမှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စား လက်တွေ့ကျင့်သုံးဆောင် ရွက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို တစိုက်မတ်မတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့ တာဝန်ကို စတင်တာဝန်ယူချိန်ကတည်းက မဲမသမာမှုများအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့သည့်မြို့နယ်များရှိ မဲစာရင်းများကို အသေးစိတ်စစ်ဆေးခဲ့ကြောင်း၊ မဲမသမာမှု ပြုလုပ်ခဲ့သူ တာဝန်ရှိသူများသည် ဝန်ခံခြင်းမပြုသော်လည်း သက်သေများနှင့် စစ်မေး သည့်အခါ ပေါ်လွင်ထင်ရှားသည်ကို တွေ့ရှိသောကြောင့် စစ်ဆေးတွေ့ရှိသည့် မဲမသမာ မှုဆိုင်ရာတွေ့ရှိချက်များကိုထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကိုလည်း ဥပဒေအတိုင်း အရေးယူခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ဆောင် ရွက်ခဲ့ပြီး မူလရည်ရွယ်ချက်သည် အရေးပေါ်ကာလ(၂)နှစ်ပြီးပါက ရွေးကောက်ပွဲ ကျင်းပပေးရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် မည်သို့မျှအခြေအနေမပေးသော ကြောင့် သက်တမ်းကာလ(၂)နှစ်ပြည့်ပြီးနောက် အရေးပေါ်အခြေအနေ ထပ်မံကြေညာ ခဲ့ရကြောင်း၊ အချိန်အခါနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ပြင်ဆင်ချမှတ်ခဲ့ ကြောင်း၊ ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်သည် လည်း ရွေးကောက်ပွဲကျင်းပရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရေးသည် မိမိတို့ အစိုးရ၏ မည်သည့်အခါမျှမပြောင်းလဲသော ရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင် ရေးပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိ အနေဖြင့်ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်းအောင်မြင်အောင် ဆောင်ရွက်သွား မည်ဖြစ်သည်ကို ထပ်လောင်းအတည်ပြုပြောကြားလိုကြောင်း။

တိုင်းပြည်သာယာဝပြောရေးနှင့် ပတ်သက်သည့်လုံခြုံရေးကဏ္ဍ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးလမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ပြည်သူများကို အကြောက်တရားလွှမ်းမိုးလာစေရေး အကြမ်းဖက် လုပ်ရပ်များကို တရားလက်လွတ်ဥပဒေမဲ့ ယခုအချိန်ကာလအထိ လုပ်ဆောင်လျက် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာ ၈၄ ပါး ပျံလွန် တော်မူခဲ့ပြီး အပြစ်မဲ့ ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာ ရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအဆောက်အဦ ၁၀၉၃၀ လုံးတို့ကို ဖျက်ဆီးခြင်းခံခဲ့ရပြီးဖြစ်ကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေးကိုမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အနေဖြင့်လည်း လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို အခြေခံပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေကြောင်း၊ မိမိအနေဖြင့် EAO အဖွဲ့များကို ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံသဘောတူကြောင်းကို ပြောကြားခဲ့ကြောင်း၊ သို့သော် ယခုအချိန်တွင် အချို့ EAO များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်းက ပြဋ္ဌာန်း ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော်၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့် အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေ အလိုက်အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကြပ်ကိုင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြသကဲ့သို့ မည်သူတစ်ဦး တစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က ဒေသတည် ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် လားရှိုးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ သကဲ့သို့ လားရှိုးမြို့အတွင်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင်လည်း မြို့တွင်းသို့စိမ့်ဝင်ပြီး ပြည်သူ့အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် TNLA အဖွဲ့အနေဖြင့်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသ တို့တွင်ရှိသည့် နယ်မြေလုံခြုံရေးစခန်း များနှင့် မြို့အချို့အတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အကြမ်း ဖက် တိုက်ခိုက်လာသည့်အတွက် ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝများသာမက အသက်အန္တရာယ်ပါ ထိခိုက်ဆုံးရှုံးမှု များစွာရှိခဲ့ ကြောင်း၊ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးပြပြီး အေးချမ်းစွာ နေထိုင်နေကြ သည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အပေါ် နေ့စဉ်နှင့်အမျှ ခြိမ်း ခြောက်လာမှုကို ပြည်သူလူထုအနေဖြင့် အလွန်ရွံရှာစက်ဆုပ်နေသည်ကိုလည်း တွေ့ရှိ ရကြောင်း၊ တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော် ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြည်သူ့အတွက်၊ နိုင်ငံအတွက် ဦးထိပ်ထားဆောင်ရွက်ခြင်းသည် တရားသောစစ်ကို ဆင်နွဲနေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ တရားသောစစ်ဆင်နွဲနေ သည့်အပေါ်တွင် ဝန်းရံထောက်ခံအားပေးနေသည့် မျိုးချစ်လူငယ်များ၊ အဖွဲ့အစည်း များ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသား ပြည်သူလူထုအပေါ် ဂုဏ်ယူပါကြောင်း ပြောကြားလိုကြောင်း၊ အမိနိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် ဆောင် ရွက်လာသည့် သောင်းကျန်းသူ အဖျက်သမားများအပေါ် ပြင်းပြသည့်၊ စုစည်း ညီညွတ် သည့် အမျိုးသားရေးစိတ်၊ မြန်မာစိတ်တို့မွေးမြူပြီး  နိုင်ငံတော်ကို စုပေါင်း ကာကွယ် ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသစီမံခန့်ခွဲရေးကိစ္စရပ်များသည် နှစ်နိုင်ငံ အစိုးရများမှ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကို နှစ်ဖက်အစိုးရ ဌာနများကသာ ကြီးကြပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အချို့နယ်စပ်ဒေသများတွင် စီမံခန့်ခွဲမှုများ ချို့ယွင်းမှုဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း။

မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေး နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးလျက် ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက် များကို Union Accord အဖြစ် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက် ပြီးတော့လည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထား ကွဲလွဲသူများမှ အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို ငွေကြေးရရှိအောင်၊ အစားအသောက်ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက် ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှုအခွင့်အလမ်းများ ရရှိအောင်လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်အောင် ကူညီပေးလျက်ရှိကြောင်း။

စီးပွားရေးကဏ္ဍ

နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက် အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အခြေခံကုန်ထုတ်လုပ်မှုမရှိဘဲ GDP တက်လာ ရန် မဖြစ်နိုင်ကြောင်း၊ မိမိတို့တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွား နေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံ စီးပွား ရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အားသွန်ခွန်စိုက်ဆောင်ရွက် မှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လတာတွင် အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ ကြောင်း၊ ၈ ဒသမ ၃ ရာခိုင်နှုန်းမျှ တက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း စီးပွားရေး တိုးတက်မှုရခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ နိုင်ငံ့စီးပွားရေး ကျဆင်း ပါက ကျန်သည့်အကျိုးဆက်များလည်း ရှိလာမည်ဖြစ်သဖြင့် ပြည်ပနိုင်ငံအချို့သည် စီးပွားရေးပိတ်ဆို့ခြင်း၊ ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင် ပိတ်ဆို့ခြင်း၊ နယ်စပ် ကုန် သွယ်ရေး မပြုလုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခြင်း၊ ၎င်းတို့အကျိုး အမြတ်ရရှိရေး၊ လက်ဝါးကြီးအုပ်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို နည်းလမ်းပေါင်းစုံနှင့် အားပေးကူညီခြင်းများ ပြုလုပ် နေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းမှထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မားစေရေး အဓိကတွန်းအားပေး ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို အားပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးတောင်သူအားလုံးကို အထူးကျေးဇူးတင်ကြောင်းကို ပြောကြားလို ကြောင်း။

ပြီးခဲ့သည့်ဧပြီလအတွင်း မသမာသူဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေး တန်ဖိုး ကမောက်ကမဖြစ်စေရန် ဆောင်ရွက်ခဲ့သောကြောင့် ရွှေဈေးနှင့် ငွေကြေး ဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန်ပြောင်းလဲလာအောင်ဆောင်ရွက်ခြင်း၊ စီးပွား ရေးအရ အရေးယူပိတ်ဆို့မှုများလုပ်ဆောင်ခြင်း၊ ဘဏ်စနစ်များထိခိုက်ပြိုလဲအောင်  လုပ်ဆောင်ခြင်း၊ ငွေကြေးများကမောက်ကမဖြစ်အောင် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရသောကြောင့် လိုအပ်သည့်စည်းကမ်း ဥပဒေနှင့်အညီ စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက်ငွေကြေး ခိုင်မာမှုရှိစေရန် လိုအပ်သောကြောင့် ငွေကြေးခိုင်မာမှုရှိအောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း နိုင်ငံတော်တွင် စားသုံးဆီနှင့် စက်သုံးဆီကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်စိတ်မြင့်မားအောင် ဝိသမ လောဘသားများက ကောလာဟလများဖြန့်ပြီး လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့ သဖြင့် မိမိတို့အနေဖြင့် မှန်ကန်သည့်လုပ်ဆောင်ချက်များ၊ တိကျပြတ်သားသည့် မူများချမှတ်ပေးပြီး ပြည်သူလူထုအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဆန်နှင့်ပတ်သက်၍လည်း ဈေးနှုန်းကမောက်ကမဖြစ်လာနိုင်ဖွယ်ရှိသည်ကို သုံးသပ် တွေ့ရှိရသည့်အတွက် လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဆန်ဈေးနှုန်း တည်ငြိမ်စေရန် ဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံပြည်သူလူထု စားရေးကိစ္စအဆင်ပြေ စေရန် မိသားစုအလိုက်လိုအပ်နိုင်မည့် ဆန်ပမာဏများကို နိုင်ငံတစ်ဝန်းရောင်း ချပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံရေးသည် စီးပွားရေးပင်ဖြစ်သည်ဟုခံယူပြီး ပြည်သူများ စားဝတ်နေရေးပြေလည်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်းမြင့်မား လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက်ထားပြီး ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း။

လူမှုရေးကဏ္ဍ

နိုင်ငံတစ်ခု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရသင်ကြား နိုင်ရေးတို့အတွက် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ KG+9 ပြီးမြောက်ပါက KG+10 မှ KG+12 အထိ ၃ နှစ်တာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုဘာသာရပ်များ ဆက်လက် သင်ကြားနိုင်ပါက အခြေခံအလုပ်အကိုင်ကို ရရှိစေမည်ဖြစ်သကဲ့သို့ ဆက်လက်ပညာသင်နိုင်ရင်ကိုက်ညီသည့် ဒီပလိုမာ/ဘွဲ့များ ရရှိမည်ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုကျွမ်းကျင်သောလူသား အရင်းအမြစ်များ ရမည်ဖြစ်ကြောင်း၊ စနစ်သစ် ပညာရေးအရ KG+12 အတန်းကိုရောက်ပါက အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်၊ ၁၈ နှစ်ဝန်းကျင်ရောက်ရှိသည့်အရွယ်ဖြစ်ကြောင်း၊ ၁၈ နှစ်ဆိုပါက ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့်အရွယ်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည်ဆိုပါက ဥပဒေကို နားလည်ရန်လိုကြောင်း၊ ထို့ကြောင့်အဆိုပါအတန်း၊ အဆိုပါအရွယ် ကတည်းက ဥပဒေ ဗဟုသုတများကြွယ်ဝနေအောင် ဆွေးနွေးသင်ကြားဆောင်ရွက်ရန်လိုကြောင်း။

ယခုပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပျမ်းမျှ ၇၀ ရာခိုင်နှုန်းခန့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ အခြေခံပညာ အဆင့် ကျောင်းတက်ရောက်မှုအနေဖြင့် မူလစာရင်းသွင်းထားသူများအနက်မှ ၉၂ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေးနှင့် ကျောင်းများ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့်လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေအသက်ပိုင်းခြားအရ ယခုထက်ပိုပြီး ကျောင်းတက်ရောက်သူဦးရေများရန် လိုအပ်မှုများရှိနေသေးကြောင်း၊ စာသင်ကျောင်း များဖွင့်လှစ်သည့် ဒေသများအားလုံးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက် နိုင်ရေးနှင့် ပညာရေးလမ်းကြောင်းပေါ်ကိုရောက်ရှိရေး ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

၂၀၂၃ ခုနှစ်မှစပြီး ပညာရေးညီလာခံကိုကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင် လည်း ပြီးခဲ့သည့်လက ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပညာရေးညီလာခံများမှရရှိသည့် ဖော်ထုတ် ချက်များကို မြန်မာနိုင်ငံပညာရေးကဏ္ဍမြင့်မားရေးအတွက် အလေးထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် ပညာရေးအပေါ်တွင်အခြေခံခြင်း ကြောင့် ပညာရေးအဆင့်တိုးတက်လာရန် ပညာရေးဝန်ထမ်းများအပြင် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့်အုပ်ချုပ်သူအဖွဲ့အစည်းများကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်လိုကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” လို့ဆိုသည့်အတိုင်း ကျောင်းစည်းကမ်း လိုက်နာခြင်းမှစပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစား လိုက်နာတတ်သည့်၊ နိုင်ငံကြီးသားကောင်းပီသသည့် အလေ့အကျင့်ကောင်းများ ကိန်း အောင်းလာအောင် သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း။

ကျန်းမာရေးကဏ္ဍမြှင့်တင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကျန်းမာရေးစောင့် ရှောက်မှုအဆင့်အတန်း ယခုထက်ပိုမိုမြင့်မား လာစေရေး ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်ဆေးရုံနှင့်အထက် ဆေးရုံများကို အဆင့်မြှင့် တင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဆေးရုံသုံးစက်ကိရိယာများ ဖြည့်တင်းရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ယခုနှစ်အတွင်းဆေးရုံသုံးပစ္စည်းကိရိယာများ ဝယ်ယူ ဖြည့်တင်းခြင်းနှင့် ဆေးရုံများတိုးချဲ့ ဆောက်လုပ်ခြင်းအတွက် သီးသန့်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် ကျပ်ငွေ ၁၁၆ ဒသမ ၈ ဘီလီယံကို အသုံးပြုသွား မည်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်လပ်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းနေရာ များကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရန်အတွက် “ ဆေးရုံတိုင်း ဆရာဝန်ရှိရမည် ” ဆိုသည့်မူကိုချမှတ်ပြီး မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဝါဒမှိုင်းကြောင့် တာဝန်မှ လုပ်ငန်းခွင်စွန့်ခွာသွားသည့် ကျန်းမာရေးဝန်ထမ်း များ၏ နေရာများတွင် ပြန်လည်အစားထိုးခန့်အပ်ပေးနိုင်ရန် အလေးထား ဆောင်ရွက် ခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်း ဆေးပေးခန်း ၇၂၇၈ ခုနှင့် ဆေးရုံပေါင်း ၇၅၇ ရုံတွင် ကျန်းမာရေးဝန်ထမ်း ၆၈၂၅၈ ဦးနှင့် ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ လူသားတိုင်း၏ကျန်းမာရေးဆိုင်ရာ အခြေခံရပိုင် ခွင့်များကို ပြည့်ဝစွာရရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင်ပါဝင်သော “တစ်မျိုးသား လုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အချက်ကို အထောက် အပံ့ဖြစ်စေရန် လာမယ့်ဒီဇင်ဘာလအတွင်း၌လည်း ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကိုကျင်းပရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်မိုးရာသီကာလတွင် ရေကြီးရေလျှံမှုအနည်းနှင့် အများ ဖြစ်ပေါ်တတ်သည့်နိုင်ငံဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း မိုးဦးကာလအစ ကတည်းက ယခင်နှစ်များထက် မိုးရွာသွန်းမှုပိုမိုများပြားလာပြီး မြန်မာနိုင်ငံအထက် ပိုင်း မြစ်ကြီးနားဒေသမှစတင်ကာ ရေကြီးရေလျှံမှုများဖြစ်ခဲ့ကြောင်း၊ လက်ရှိအခြေ အနေအထိ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ အဆိုပါသဘာဝဘေးအန္တရာယ် ကျရောက်နေမှုကို တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တာဝန်သိလူမှုအဖွဲ့အစည်းများအားလုံးက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာဆောင်ရွက်ပြီး ပြည်သူ့အကျိုးသယ်ပိုးလျက် ရှိကြောင်း။

စားရေရိက္ခာဖူလုံရေး

ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ စားရေရိက္ခာလိုအပ်မှု Demand က လည်း အချိုးကျမြင့်တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရာသီဥတုနှင့် ပထဝီ အနေအထားက ကောက်ပဲသီးနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံနှင့် မွေးမြူရေးလုပ်ငန်းများ ကောင်းစွာ ဖြစ်ထွန်းနိုင်သည့်နိုင်ငံဖြစ်ခြင်းကြောင့် ထိရောက်အကျိုးရှိစွာအသုံးချနိုင် ရန်လိုအပ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၁၅ သန်းကျော်လျာ ထားပြီး လက်ရှိအချိန်တွင်ပျမ်းမျှ ၇၀ ရာခိုင်နှုန်းနီးပါး စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မိုးသီးနှံများအနေနှင့် မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံလျာထားဧက ၄ ဒသမ ၆ သန်းကျော်ရှိပြီး ပျမ်းမျှ ၈၁ ရာခိုင်နှုန်းကျော်၊ ပဲအမျိုးမျိုး လျာထားဧက ၃ သန်း ကျော်ရှိပြီး ပျမ်းမျှ ၇၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက် ပြီး အဓိကစိုက်ပျိုးသီးနှံများကို သီးထပ်စိုက်ပျိုးမှုဆောင်ရွက်ပြီး ၁ ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်စေလျက်ရှိကြောင်း၊ ထို့ပြင် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး စနစ်တကျမွေးမြူခြင်းနှင့် မွေးမြူရေးထုတ်ကုန်များ တိုးတက်အောင် ဆောင်ရွက်နိုင်ပါက ပြည်တွင်းသားငါးဖူလုံမှုသာမက ပြည်ပသွင်းကုန်ကို အစားထိုး နိုင်ပြီး အဓိကပို့ကုန်ကဏ္ဍအဖြစ် ပါဝင်လာနိုင်စေသည်အထိ အကျိုးရှိစေနိုင်ကြောင်း။

မြန်မာနိုင်ငံတွင် မိုးစပါး ၁၅ သန်းနှင့် နွေစပါး ၂ သန်းစိုက်ပျိုးထားကြောင်း၊ လယ်အနေဖြင့် ၂ ရပ်ပေါင်း ၁၅ သန်းခန့် စိုက်ပျိုးထားသည့်အတွက် ၁ ဧက ပန်းတိုင် ရည်မှန်းချက်တင်း ၁၀၀ ထွက်ပါက လူဦးရေ သန်း ၁၀၀ စာအတွက် ဝမ်းစာဖူလုံမှု ရှိကြောင်း၊ ယင်းသည် တစ်သီးသာဖြစ်ပြီး သီးထပ်စိုက်ပါက သန်း ၂၀၀ စာအတွက် ဖူလုံမှုရှိ ကြောင်း၊ ထို့ကြောင့် လယ်စပါးစိုက်ပျိုးခြင်းကပင် ဆန်ပိုလျှံမှုများစွာရှိပြီး ပြည်ပ ဝင်ငွေများစွာရရှိစေနိုင်မည်ဖြစ်ကြောင်း၊  အခြား ဝါ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ များလည်း ပန်းတိုင်ရည်မှန်းချက်ရအောင် ဆောင်ရွက်နိုင်ပါက စိုက်ဧကမတိုးချဲ့ဘဲနှင့် ပင် များစွာပိုလျှံမည်ဖြစ်သည့်အတွက် အားသွန်ခွန်စိုက်အလုပ်လုပ်ကြရန်နှင့် လုပ်နိုင် အောင် ဖန်တီးပေးရန်ပင်လိုကြောင်း။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်နှင့်အထက် အလုပ် လုပ်ကိုင်နေသူ ၄၁ ဒသမ ၂ ရာခိုင်နှုန်းသည် လယ်ယာ၊ သစ်တောနှင့် ငါးလုပ်ငန်းများ တွင် အလုပ်လုပ်ကိုင်နေကြကြောင်း၊ အဆိုပါနယ်ပယ်တွင်ရှိကြသည့် လုပ်သား အင်အားကို လူသားအရင်းအမြစ်ကောင်းများအဖြစ် မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပင်ဖြစ် ကြောင်း၊ မွေးမြူရေလုပ်ငန်းများ၌ ဒေသမျိုးရင်းတိရစ္ဆာန်များကိုပင် လှောင်မွေးစနစ် ဖြင့်မွေးမြူပြီး စိုက်ပျိုးရေးမှရရှိသည့် ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်၊ ကောက်ရိုး တို့ဖြင့် အစာရေစာကို စနစ်တကျကျွေးမွေးပါက စီးပွားရေးအရများစွာတွက်ချေကိုက် နိုင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်နေသည့်နိုင်ငံများ၏ စိုက်ပျိုး ရေးနှင့် မွေးမြူရေးနည်းလမ်းများ ကိုလေ့လာပြီး ခေတ်မီနည်းစနစ်များဖြင့် လက်တွေ့ ဆောင်ရွက်နိုင်ရန် စီမံပေးလျက်ရှိကြောင်း။

စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် ငွေကြေးအရင်းအနှီးတတ်နိုင်သူများ အနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ပါက နိုင်ငံ၏စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများပိုမိုတိုးတက် လာမည်ဖြစ်သည့် အတွက် ဖိတ်ခေါ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တိုင်းပြည် အတွက် သေချာသည့်စီးပွားရေးတစ်ခုဖြစ်ခြင်းကြောင့် ပန်းတိုင်အထွက်နှုန်းများပြည့်မီ အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုတည်ဆောက်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်ပါရှိသည့် ဝိသေသလက္ခဏာအများစု မှာ ပြည်ထောင်စု(ဖက်ဒရယ်)စနစ်နှင့် ကိုက်ညီသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပထမဦးစွာ ဖက်ဒရယ်ပုံစံမူများဖြစ်သည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့်တွင် လွှတ်တော်နှင့်အစိုးရ ၂ ရပ် ဖွဲ့စည်းထားရှိခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတည်ရှိမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံပေးထားခြင်း၊ ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ၆ ခု တည်ရှိခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာများကို ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် အသေးစိတ်ဖော်ပြထားခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဘဏ္ဍာရေးခွဲဝေကျင့်သုံးမှုကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မများဖြင့် တိတိကျကျဖော်ပြထားရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားသည့် အခွင့်အရေးများကိုအသုံးချပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြရန် သာလိုအပ်ကြောင်း၊ လိုအပ်ချက်အရ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကိုလည်း စည်းကမ်းနှင့်အညီ ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် တည်ဆောက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ခရိုင် ၄၆ ခု တိုးချဲ့ဖွဲ့စည်း ပေးခဲ့ပြီး စုစုပေါင်းခရိုင် ၁၂၁ ခုနှင့်ထိရောက်သည့်အုပ်ချုပ်ရေးကိုဖြစ်ပေါ်လာအောင် ၂၀၂၂ ခုနှစ်ကတည်းက ဖော်ဆောင်ပေးခဲ့ကြောင်း၊ ခရိုင်များ၏ဦးဆောင်မှုဖြင့် မြို့နယ်/ ဒေသအားလုံးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ခရိုင်အလိုက် မိမိတို့ရရှိထားသည့် လုပ်ပိုင်ခွင့်များကိုအသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ကြရမည်ဖြစ်ကြေင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသများတွင် ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာသည့် အစိုးရများပေါ်ပေါက် လာစေရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင် အတတ်နိုင်ဆုံးရွေးကောက်ပွဲများ ကျင်းပနိုင်ရန်လိုအပ်ကြောင်း၊ ထို အတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အလိုက် အခုအချိန်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။

ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းသည့်အခါတွင် တစ်ဦးနှင့်တစ်ဦး သဘော ထား ကွဲလွဲမှုများရှိသည်ကို နားလည်လက်ခံကြောင်း၊ ကိုယ်စီ၏လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ်နှင့် လက်နက်ကိုင်တောင်းဆိုခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမှ လက်မခံခြင်းကြောင့် ဥပဒေနှင့်အညီသာ တောင်းဆိုကြ ရမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးချိန်တွင်လည်း ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန် ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဥပဒေနှင့်အညီသာ တောင်းဆိုရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်လည်းဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးပင် ဖြစကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရန် အတွက် ခိုင်လုံသည့်အခြေခံမဲစာရင်းများရရှိရန် လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေ ထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့်မဲစာရင်းမှားယွင်းမှုများကြောင့် နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားသည့် အမည်းစက်ဖြစ်ခဲ့ရသည့်အဖြစ်မျိုး ထပ်မံမဖြစ်စေရေး အဖြစ်နိုင် ဆုံး မဲစာရင်းမှန်ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းများ မှန်ကန်မှု ရှိစေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပြီး လူဦး ရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့် အောက်တို ဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်း ကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့်အခက်အခဲများကို ဖြေရှင်းနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေ ကြောင်း။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ရှိစာရင်းများကို ဦးစားပေးကောက်ယူ သွားမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရန် အခက်အခဲရှိသည့် နေရာများ အတွက်လည်း မြေပြင်တွင်ရှိသည့်စာရင်းများနှင့် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး စာရင်း ကိုက်ညီမှုရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကောက်ယူ၍ရနိုင်သည့် မြို့ရွာများကို ဦးစွာကောက်ယူပြီး ဆက်စပ်မြို့နယ်များကို လုံခြုံရေးရယူကာ ဆက်လက်ကောက်ယူသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် လည်းဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒေသအလိုက် လုံခြုံရေးအခြေ အနေပေါ်မူတည်ပြီး ကျင်းပနိုင်သည့်နယ်မြေများကို ဦးစွာကျင်းပပေးသွားမည်ဖြစ် ကြောင်း၊ လတ်တလော လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသေးသည့် နယ်မြေများကိုလည်း လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက် ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှသာ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် မှန်ကန်သည့်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင် မှတ်ပုံတင်ခွင့်တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၇ ပါတီအနက်မှ နိုင်ငံရေးပါတီ ၅၀ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၂ ပါတီကို ဥပ‌ဒေနှင့် အညီ ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၈ ပါတီရှိပြီဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များမဲပေးရာတွင် အဆင်ပြေစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၅ ခုရှိ မြို့နယ်စုစုပေါင်း ၁၂၁ ခုတွင်ရှိသည့် ဒေသခံပြည်သူ ၁၀၇၂၉၉ ဦးကို မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine)နှင့်  စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြ စမ်းသပ်         မဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး အာမခံထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအကျိုးကို မလိုလားသည့်နိုင်ငံများ၏ ထောက်ပံ့မှုများ ရယူကာ အကြမ်းဖက်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီယဉ်ကျေးမှုကိုမလိုလားသည့် လက်နက်ကိုင်အဖွဲ့အချို့ အနေဖြင့်လည်း ဥပဒေမဲ့လုပ်ရပ်များနှင့် နယ်မြေချဲ့ထွင်ရေးလုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်နေသည်ကို သိသာထင်ရှားစွာတွေ့မြင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံ တစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအခြေအနေများကို ပြန်လည်ကောင်း မွန်အောင် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတစ်ရပ်ကျင်းပနိုင်ရန် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ထပ်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် လိုအပ် ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အထက်ပါတင်ပြခဲ့သည့် လုပ်ဆောင်ရမည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဆက်လက်တာဝန်ယူထမ်းဆောင်ခွင့်ကို ထပ်မံ၍ (၆ လ) သက်တမ်း တိုးမြှင့်ပေးနိုင်ရန်တပ်ပြအပ်ပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် များက ဆွေးနွေးတင်ပြကြရာ ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မကြာမီဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အနည်းငယ် ဆွေးနွေးတင်ပြလိုပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် မိမိတို့နိုင်ငံ အတွက် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် တိကျ မှန်ကန်သော မဲစာရင်းများသည် ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်များ အပေါ်အခြေခံရပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် အခြေခံမဲစာရင်းပြုစုရေး လုပ်ငန်းများ သည် ဆက်စပ်ချိတ်ဆက်ဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ် ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ် ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ လုပ်ငန်းသဘောသဘာဝအရ အဆင့်ဆင့်သောလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ ထိုကဲ့သို့ အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အချိန်ကာလအတိုင်းအတာတစ်ခုအထိ အချိန်ယူရမည်ဖြစ်ပါသဖြင့် နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို ၂၀၂၄ ခုနှစ် ဩဂုတ် လ ၁ ရက်မှစ၍ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ခြင်းကို ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေးသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကဆွေးနွေးရာတွင် ပထမအချက်အနေဖြင့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၉ ၊ ပုဒ်မ ၄၂၅ တို့အရ ယာယီသမ္မတတာဝန်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထမ်း ဆောင်မှုအပေါ်ထောက်ခံပါကြောင်း၊ ဒုတိယအချက်အနေဖြင့် လက်ရှိတွင် နိုင်ငံတော် ၏ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်မှုများသည် ပြီးပြတ်မှုမရှိသေးပါကြောင်း၊ လူဦးရေ နှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည်လည်း အရေးကြီးသည့်လုပ်ငန်းရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စများကို ဆက်လက်ဆောင်ရွက်နိုင်ရေး  နိုင်ငံတစ် ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၆ လ သက်တမ်းတိုးမြှင့် ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေးသည်။

ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် သက် တမ်းတိုးထားသည့်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်ရေးကို အလေးထားဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းမှစ၍ အကြမ်းဖက်သမားများသည် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့အတွင်းရှိ လုံခြုံရေး ဆိုင်ရာ တပ်စခန်းများကိုသာမက သာမာန်ပြည်သူများနေထိုင်သည့် မြို့၊ ရွာများအား လျှော့တိုက်ဒုံး၊ ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကာ တည်ငြိမ်အေး ချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲမရှောင်သာရယူတာဝန်ထမ်း ဆောင်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံ၏အခြေအနေလုံခြုံတည်ငြိမ်လာသည့်အချိန်တွင် လွတ် လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပပေးကာ နောင်ပေါ်ပေါက်လာမည့်အစိုးရကို နိုင်ငံတော်အာဏာအား စနစ်တကျ ပြန်လည်လွှဲပြောင်းပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် လွတ်လပ်၍ တရားမျှတပြီး လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နိုင်ငံအတွင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက် ဆောင်ရွက်နိုင်ရန် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထား သည့် ကာလကို ၆ လ သက်တမ်းတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေး သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ၂၀၂၄ ခုနှစ်အတွင်း ယခုအချိန်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်            အသီးသီး၌ လက်နက်ခဲယမ်းနှင့် မိုင်းမျိုးစုံကို သိမ်းဆည်းရမိခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အသီးသီးတို့ရှိ မြို့နယ်အချို့တွင်  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး စစ်အုပ် ချုပ်ရေးအာဏာကျင့်သုံးရန် ထုတ်ပြန်ဆောင်ရွက်ခဲ့ရခြင်းများရှိသကဲ့သို့ ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့ရခြင်းများလည်းရှိကြောင်း၊ ၂၀၂၄ ခုနှစ် အတွင်း လက်နက်ကိုင်အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့မှုနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့တွင် သာမာန်အခြေအနေမဟုတ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထား သည့်ကာလကို သက်တမ်းတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေး သည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြီးခဲ့ သည့် အရေးပေါ်အခြေအနေ သက်တမ်းတိုးမြှင့်ထားခဲ့သည့် ၆ လတာကာလ အတွင်း နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကိစ္စရပ်များကို အတိုင်းအတာတစ်ခုအထိ ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးတို့အတွက် ရှေ့ လုပ်ငန်းစဉ် ၅ ရပ်တွင် ပါဝင်သည့် လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် ဆောင်ရွက်ရန်လုပ်ငန်းစဉ် များကျန်ရှိနေသေးကြောင်းနှင့် ယင်းလုပ်ငန်းစဉ်များကို အချိန်ကာလတစ်ခု ဆက် လက် ‌ဆောင်ရွက်ရမည်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၂၅ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို နောက်ထပ် ၆ လ ထပ်မံတာဝန်ထမ်းဆောင်ခွင့်ပြုရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆိုပြုချက်ကို ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးတင်ပြ သည်။

ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အချိန်တိုအတွင်း ပြည့်စုံ အောင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်မဟုတ်ကြောင်း၊ ယနေ့ဖြစ်ပေါ်နေသော အခြေ အနေများအရ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် စီစစ်မှုအဆင့်ဆင့် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထွက်ပေါ်လာသော လူဦးရေစာရင်းကိုအခြေခံ၍ မဲစာရင်းကိုအတတ်နိုင်ဆုံးပြည့်စုံ အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လုံခြုံ ရေးဆိုင်ရာအားနည်းချက်များရှိ၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုံခြုံရေး တိုးတက်မှုရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း  လုံခြုံရေးအခြေအနေအပေါ်မူတည်၍ ဦးစားပေးအဆင့်ဆင့်သတ်မှတ်ပြီး နယ်မြေဒေသ အလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်များ၊ အစိုးရအဖွဲ့များ ပေါ်ပေါက်လာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ နိုင်ငံတော် အနေဖြင့် မှန်ကန်သည့်ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်အောင်မြင်စွာလျှောက် လှမ်းနိုင်ရေးပင်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေးကို တက်ရောက်လာကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားအထွေထွေကိစ္စရပ်များကို ကဏ္ဍအလိုက် ပြည့်စုံစွာဆွေးနွေးပေးကြသဖြင့် ကျေးဇူးတင်ရှိကြောင်း။

မိမိတို့အနေဖြင့် ပြည်သူအားလုံးကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို မလွဲမသွေရှေ့ဆက်လျှောက်လှမ်းရမည် ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေအောင်မြင်စွာ ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ကျင်းပရာတွင်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဆိုင်ရာဖြစ်စဉ်များကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ခိုင်လုံမှန်ကန်သည့်မဲစာရင်းများရရှိရန်လိုကြောင်း၊ ထို့ကြောင့် လာမည့်အောက်တိုဘာ လတွင် ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းများကို အောင်မြင်စွာပြီးမြောက်စေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းတွင်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှသာ ပြည်ထောင်စုအစိုးရ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သက်ဆိုင် ရာလွှတ်တော်များ၊ အစိုးရများပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ပေါ်ပေါက် လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ရွေးကောက်ပွဲကျင်းပနိုင် မည့် တည်ငြိမ်အေးချမ်းမှုရှိသည့်အနေအထားဖြစ်ပေါ်အောင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ပိုမိုတိုးတက် ကောင်း မွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့အနေ ဖြင့် လုံလောက်သည့်အချိန်ရယူဆောင်ရွက်ရန် လိုအပ်သည်ဟူသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ အဆိုပြုချက်များကို မိမိအနေဖြင့် သဘောတူပါကြောင်း။

တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် များအနေ ဖြင့်လည်း နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရ အရေး ပေါ်ကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးမြှင့်ရန် သဘောတူညီဆုံးဖြတ်ပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၄ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို ကြေညာအပ်ပါကြောင်းဖြင့် ပြော ကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၄)ကို ရုပ်သိမ်းလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။