နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် – ၁၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး Mr. Sun Weidong ၊ အာရှရေးရာအထူး ကိုယ်စားလှယ် Mr. Deng Xijun နှင့် အဖွဲ့ဝင်များတက်ရောက် ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည် ဆောက်ထားသည့်  နိုင်ငံများဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့၏ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင် ရွက်နေမှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံပါကြောင်း၊ မြန်မာ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလးထားပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏မြို့ရွာ များအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း  တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါ ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလောင်း ကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။