မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဩဂုတ် – ၁၄

          မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တရုတ်နိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြပြီး ရှည်လျားခိုင်မာသည့် ဆက်ဆံရေးသမိုင်းကြောင်း ရှိကာ လာမည့် ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် စိန်ရတုနှစ်သို့ ရောက်ရှိမည်ဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချရသော နိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွား မည့်အခြေအနေများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို စတင် သဘောတူဆောင်ရွက်ခဲ့သည့် နိုင်ငံများဖြစ်သည့် အားလျော်စွာ တည်ငြိမ်အေးချမ်းရေး ကို အလေးထားသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတည်ဆောက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင်ပါဝင် မှုအခန်းကဏ္ဍနှင့် အာဆီယံ၏ပဋိဉာဉ်အတိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္နိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မဲစာရင်း များ တိကျမှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွားမည့် အခြေအနေများ၊  ရွေးကောက် ပွဲ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီအားလုံးလွတ် လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက် နေမှု အခြေအနေများ၊ နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘက်မှ ဦးစွာဆွေးနွေးပြောကြားသည်။

          ဆက်လက်၍ တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေး နေပါကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy )အပေါ် မြန်မာ နိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်း နှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲ ရပ်တည်ပေးလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ် သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင် သူ များ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။

          ထို့နောက် မြန်မာဘက်မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်များကိုမဆို မြန်မာနိုင်ငံမှတဆင့် လုပ်ဆောင်နေမှုများအား လုံးဝ လက်ခံမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက် လျက်ရှိပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

          ယင်းနောက် တရုတ်နိုင်ငံဘက်မှ ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံ အနေ ဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍ စသည့် ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီ ညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံ လျက်ရှိကြောင်း၊  ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်းအားဖြင့် နှစ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအတွက် ထာဝရ မိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။