နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇွန် – ၉

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်း သင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား အဆိုပါ သင်တန်းကျောင်းရှိ မြဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများ တက်ရောက်ကြသည်။

ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိစေရေး စနစ်တကျလေ့ကျင့်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများအဖြစ် သင်တန်းတက်ရောက်နေကြသူများသည် တက္ကသိုလ်များ၌ ဘွဲ့များရရှိခဲ့ပြီးကြသူများ ဖြစ်ကြသဖြင့် တက္ကသိုလ်ပတ်ဝန်းကျင်လူမှုအတွေ့အကြုံရှိပြီး  လူမှုဆက်ဆံရေး အတွေ့အကြုံများစွာ ရှိထားပြီးသူများဖြစ်ကြောင်း၊ အသက်အရွယ်အားဖြင့်လည်း မိမိ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်အရွယ်များသို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်သဖြင့် ခံယူချက်များအခြေခံအားဖြင့် ကောင်းမွန်ပြီးဖြစ်ကြောင်း၊ သင်တန်းတက် ရောက်စဉ် လေ့ကျင့်ရေးကာလအတွင်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိ စေရေး စနစ်တကျလေ့ကျင့်သွားရန်လိုကြောင်း။

အခြေခံအားဖြင့် ကောင်းမွန်ပြီးဖြစ်သည့် စိတ်ဓာတ်များကို ပိုမိုကောင်းမွန်ခိုင်မာ စေရေး လေ့ကျင့်တည်ဆောက်ကြရန်လိုပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာကျန်းမာ ကြံ့ခိုင်မှု ရှိအောင်စနစ်တကျဖြင့် လေ့ကျင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ သက်လုံ ကောင်းစေ ရန်နှင့် ကြံ့ခိုင်မှုရှိစေရန် နေ့စဉ်လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်း ကာလအတွင်း သင်ကြားလေ့ကျင့်ပေးသည့် လေ့ကျင့်ရေးဆိုင်ရာများကို ကြံ့ခိုင်သည့် စိတ်ဓာတ်များဖြင့် လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်မှသာ လေ့ကျင့်ရေးများ အောင်မြင်မည်ဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို သင်ကြားပေး ခြင်းသည် တိုက်ပွဲဝင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း။

ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်

ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို သိရှိနားလည်ထားရန်လိုကြောင်း၊ ခေါင်းဆောင်များသည် အကျင့် စာရိတ္တကောင်းရမည်၊ သမာသမတ်ရှိရမည်၊ လက်အောက်အပေါ် စိတ်ကောင်းစေတနာ ကောင်းရှိရမည်ဖြစ်ပြီး ကိုယ်ချင်းစာစိတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာမှုအပိုင်းတွင် နှစ်ပိုင်းရှိပြီး သဘောကောင်းခြင်းနှင့် စေတနာကောင်းခြင်း ဟူ၍ရှိကြောင်း၊ ရေတိုအလုပ်ဖြစ်စေရေး ကြည့်၍ သဘောကောင်းသည့် ပုံစံမဟုတ်ဘဲ ရေရှည်အကျိုးကိုကြည့်၍ စေတနာထားဆောင်ရွက်ရန်လိုကြောင်း၊ မိမိအထက် အရာရှိ များ၏ တာဝန်ထမ်းဆောင်မှုနှင့် မိမိလက် အောက်မှ အရာရှိ၊ စစ်သည်များ၏ တာဝန် ထမ်းဆောင်မှုများ၊ အခက်အခဲများကို ကိုယ်ချင်းစာစိတ်နှင့် နားလည်မှုရှိရမည်ဖြစ် ကြောင်း၊ ခေါင်းဆောင်မှုတာဝန် ဟူသည် အထက်နှင့် အောက်ကိုချိတ်ဆက်ပေးရမည်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့်စိတ်ဖြင့်သာ ခေါင်း ဆောင်မှု တာဝန်များကို ထမ်းဆောင် ကြရန်လိုကြောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး နောက်လိုက်ကောင်းများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ညီညွတ်မျှတသည့် ကွပ်ကဲအုပ်ချုပ်မှုဖြင့် ခေါင်းဆောင်မှုကောင်းကို ပြသရန်လိုကြောင်း၊ စစ်ဘက် ခေါင်းဆောင်မှု ပညာရပ်များကို သင်တန်း ကျောင်းမှ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် ခေါင်းဆောင်အဖြစ် တာဝန်ယူချိန်တွင် ကိုယ်တိုင်အရည် အချင်းရှိရန်နှင့် ခေါင်းဆောင်ကောင်းဖြစ်အောင် တာဝန်ထမ်းဆောင် နိုင်ရန်လို ကြောင်း၊ ခေါင်းဆောင်မှုများ လွဲမှားမှုမရှိစေရေး မိမိတို့ အတွေ့အကြုံနှင့်ယှဉ်၍ သင်ကြားပေးလိုက်သည့် စစ်ဘက်ခေါင်းဆောင်မှုပညာရပ်များကို ထိရောက်စွာ အသုံး ချ နိုင်ရန်လိုကြောင်း။

ယုံကြည်ချက်၊ ခံယူချက် ခိုင်မာမြင့်မားအောင်ဆောင်ရွက်

ယုံကြည်ချက် ခံယူချက်နှင့်ပတ်သက်၍ အခက်အခဲ၊ အကြပ်အတည်းများကြားမှ တပ်မတော်သို့ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်သားကောင်း တစ်ဦးဖြစ်စေရေး လေ့ကျင့်ရေးကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်ပြီးဖြစ် ကြောင်း၊ တာဝန်ထမ်းဆောင်ချိန်တွင် အခက်အခဲများကြုံတွေ့ရချိန်၌ တပ်မတော်သား ကောင်းတစ်ဦးအဖြစ်ခံယူသည့် ယုံကြည်ချက်ခံယူချက်များ ခိုင်မြဲနေရန်လိုကြောင်း၊ တပ်မတော်သားကောင်းများဖြစ်သည်နှင့်အညီ စစ်သားစိတ်အပြည့်ဖြင့် နေထိုင် ကျင့် ကြံကြရန်လိုကြောင်း၊ တပ်မတော်မှ နိုင်ငံ့တာဝန်ထမ်းဆောင်မှုအပေါ် တပ်မတော် သား စိတ်ဓာတ်ဖြင့် နားလည်သဘောပေါက်ရန်လိုကြောင်း၊ မိမိကိုယ်ကို၊ မိမိ တပ်မတော်အပေါ်၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်ခံယူချက်မြင့်မားရမည်ဖြစ် ကြောင်း။

ရည်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း သွားကြရမည်

မျှော်မှန်းချက် ရည်မှန်းချက်များဖြင့် အမျိးသမီးစစ်မှုထမ်းဘဝကို ဝင်ရောက်ခဲ့ကြ သူများဖြစ်သဖြင့် မိမိအနေဖြင့်အသိအမှတ်ပြုပါကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများနှင့် ရဲမေများသည်နိုင်ငံတော်နှင့် တပ်မတော်အတွက်အားထားရသူများဖြစ်ကြောင်း၊ မိမိတို့ ၏မျှော်မှန်းချက်များ မထိခိုက်အောင် နေထိုင်ဆောင်ရွက်ကြရန်နှင့် ရည်မှန်းချက်များ မပျောက်ပျက်အောင် လုပ်ဆောင်ချက်များဖြင့် ထိန်းသိမ်းဆောင်ရွက်၍ စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းခန်းမအတွင်း လှည့်လည် ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မှော်ဘီတပ်နယ်အတွင်းရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။