နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော်၊ ဩဂုတ် – ၂၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

          ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအနေဖြင့် ရှည်လျားသည့် သမိုင်း ကြောင်းများရှိမှုနှင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံ များဖြစ်ပြီး ယခင်ကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်ထားသည့် နိုင်ငံများဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်စေရေးနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေ အနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက် လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ရပ်တည်ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ် တရုတ်နိုင်ငံ အနေဖြင့်ဆက်လက် ထောက်ခံရပ်တည် ပေးသွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသန်းဆွေနှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး တို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။