နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သဘာဝဘေးဒဏ် ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြမည် ဆိုပါက ဒေသတစ်ခုချင်းမှအစပြု၍ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်တပ်နယ်နှင့် ဘူးသီးတောင်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားရာတွင် မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့ကြောင်း၊ မေ ၁၅ ရက်တွင် မိမိအနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေတပ်နယ်သို့ ရောက်ရှိခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများကို ကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ အခြားသော တပ်နယ်များသို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အခြားသော တပ်မတော်အဆင့်မြင့်အရာရှိကြီးများကို စေလွှတ်၍ ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှု စစ်ဆေးစေခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက် နိုင်ရေး လိုအပ်သည်များကို စီမံခန့်ခွဲဆောင်ရွက်စေခဲ့ကြောင်း၊ ရသေ့တောင်တပ်နယ်သည် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့်အတွက် မုန်တိုင်းဒဏ်ကို များစွာခံခဲ့ရပြီး အပျက်အစီးများစွာရှိခဲ့ကြောင်း၊ ပျက်စီးမှုများအလိုက် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိ တို့ မိသားစုအလိုက်လည်း ပြင်ဆင်နိုင်သည်မှန်သမျှကို ပြင်ဆင်ထားရှိရန်လိုကြောင်း၊ မိုး တွင်းကာလဖြစ်သဖြင့် လုံလုံခြုံခြုံဖြင့် နေထိုင်နိုင်ရေး ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘူးသီးတောင်တပ်နယ် အနေဖြင့် ထိခိုက်မှု အနည်းငယ်သာရှိခဲ့သည်ကို တွေ့ရှိရကြောင်း။

ရခိုင်ပြည်နယ်အတွင်း မိုခါမန်တိုင်းဖြစ်ပေါ်ခဲ့ချိန်တွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အသေအပျောက်အနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံ အတွက် စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့် စိတ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်ကာလအတွင်း ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများနှင့် ပိတ်ဆို့မှုများရှိ ကြောင်း၊ ထိုသို့နိုင်ငံရေး အခက်အခဲများ ကြုံတွေ့နေရချိန်၌ မိုခါမုန်တိုင်းကျရောက်ခဲ့ခြင်း ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိနိုင် ကြောင်း။

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှိသမျှအင်အားဖြင့် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းသင့်ဒေသအတွက် စေတနာရှင်ပြည်သူ များကလည်း အလှူငွေများကို သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြကြောင်း၊ ပြည်ပနိုင်ငံအချို့မှလည်း ကူညီဆောင်ရွက်ပေးမှုများရှိကြောင်း၊ တိုင်းပြည်၏အားသည်ပြည်တွင်း၌သာရှိသည်ဆိုသည့် အတိုင်း ပြည်တွင်းအားကို အဓိကထား၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင် ရွက် ခဲ့ခြင်း ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ချိန်တွင် ဒေသအလိုက် တပ်များတွင်လည်း ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ပြင်ဆင်ဆောင်ရွက်ရာတွင်လည်း ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် စိတ်ဓာတ်ရေးရာအရ ကြံ့ကြံ့ခံ၍ နေထိုင် ဆောင်ရွက်ကြစေလိုကြောင်း၊

တပ်မတော်သားတိုင်းအနေဖြင့်  မိမိကိုယ်ကို၊ မိမိဒေသ၊ မိမိတိုင်းပြည်ကို ကာကွယ် နိုင်ရေး စစ်အတတ်ပညာများကို တတ်မြောက်ကျွမ်းကျင်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် လေ့ကျင့်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် နေရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုနှင့် စားသောက်မှု များရှိရမည်ဖြစ်ကြောင်း၊ အရက်သေစာသောက်စားခြင်း၊ ဆေးလိပ်သောက်သုံးခြင်းတို့ နှင့် ပတ်သက်၍လည်း တစ်ဦးချင်း ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိဘဝ အောင်မြင်တိုးတက်ရေးအတွက် မိမိကိုယ်ကို အလိုမလိုက်ရန်နှင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြရန်လိုကြောင်း။

ဒေသခံပြည်သူများသည် မိမိတို့၏ တိုင်းရင်းသားများဖြစ်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းအတူရှူနေကြသူများဖြစ်သဖြင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် သူ့အကျိုးဆောင်၊ ကိုယ့်အကျိုးဆောင်ဖြင့် နေထိုင်သွားမည်ဆိုပါက ဒေသတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တပ်တွင်းတပ်ပြင် စည်းလုံး ညီညွတ်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယခု သဘာဝဘေးဒဏ်ကျ ရောက်ခဲ့ချိန်တွင်လည်း အစိုးရ၊ တပ်မတော်တို့ ပူးပေါင်း၍ ဒေသ၏ အကျိုးစီးပွားများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြမည်ဆိုပါက ဒေသတစ်ခုချင်းမှအစပြု၍ နိုင်ငံတော်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တပ်နယ်အသီးသီးမှ တပ်ရင်းတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများအတွက် ချီးမြှင့်ငွေများ ကိုလည်း ကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူ များက အသီးသီးလက်ခံရယူ ကြသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် အရာရှိ၊စစ်သည် များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တပ်နယ်များရှိ တပ်နယ် တပ်ရင်းများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်  ရသေ့တောင်မြို့နှင့် ဘူးသီးတောင်မြို့တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမများ၌ သီးခြားစီတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ ရသေ့တောင်မြို့နယ်တွင်  အထူးတာဝန်ပေးအပ်ထားသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ် အောင်မျိုးထွန်းနှင့် ရသေ့တောင်မြို့နယ် မြို့မိ၊ မြို့ဖများက ရသေ့တောင် မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရမှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိမှု၊ ရသေ့တောင်မြို့နယ်အတွင်း သဘာဝ ဘေးဒဏ်ခံ အဆောက်အဦ Shelter များ ဆောက်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိ မှုနှင့် ဆန်၊ ဆီနှင့် မိုးကာစများ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေးရန် လိုအပ်မှု၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရသေ့တောင်မြို့ ကျက်သရေဆောင် သာသနိကအဆောက်အဦများကို ပြန်လည်ပြင်ဆင်ပေးစေလိုမှုနှင့် ကျန်းမာရေး ဝန်ထမ်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှု တို့ကိုလည်းကောင်း၊ ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖများက မောင်တော – ဘူးသီးတောင်  ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးစေလိုမှု၊ ဘူးသီးတောင် မြို့နယ် ဆေးရုံ၌ သားဖွားဆရာဝန် လိုအပ်လျက်ရှိမှု၊ နွေရာသီတွင် သောက်သုံးရေလိုအပ်ချက်ရှိ သဖြင့် သောက်သုံးရေ သိုလှောင်ကန် ဆောင်ရွက်ပေးစေလိုမှုတို့ကိုလည်းကောင်း အသီး သီး ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက် ပျက်စီးမှုများအပေါ် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သည် ယခင်ကသွားရေးလာရေးခက်ခဲသည့် ဒေသများဖြစ်သော် လည်း ယခုအခါတွင်  လမ်းပန်းဆက်သွယ်ရေး အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်လာ ခဲ့ပြီဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွဲ၍ ရနိုင်သည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံး ဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

 မြို့နယ်အသီးသီးမှ တင်ပြချက်များအပေါ် ထောက်ပံ့ရေးပစ္စည်းများ လိုအပ်မှုနှင့် ပတ်သက်၍ ဦးစားပေးသတ်မှတ်ချက်များအလိုက် စနစ်တကျ တွက်ချက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံပေးသွားမည်ဖြစ်ကြောင်း၊ ရသေ့တောင် မြို့နယ်သည် မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်းပေါ်တွင်ရောက်ရှိနေသည့် အတွက် အထိအခိုက်အပျက်အစီးများ များပြားခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများရှိခဲ့ ခြင်းကြောင့် ၃၇ ဦးခန့်သာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့နယ်သည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်သာ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်များအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သဘာဝဘေးဒဏ်သည် အချိန်မရွေး ရောက်ရှိလာနိုင်သည်ဖြစ်သည့်အတွက် ရေတို ကောင်းမွန်ရေးအတွက်သာ ဆောင်ရွက်ခြင်းမျိုး မပြုလုပ်ကြစေလိုဘဲ ရေရှည်ခိုင်ခံ့ ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ကြစေလိုကြောင်း။

ရသေ့တောင်မြို့သည် ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရသော် လည်း စနစ်ကျနသည့် မြို့အကွက်ကျပုံစံရှိရန်နှင့် မြို့နေပြည်သူများအားလုံး စည်းကမ်း စနစ်တကျရှိရန်လိုကြောင်း၊ ယခင်ကထက်ဖွံ့ဖြိုးတိုးတက်လာသည်ဖြစ်သဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ နေထိုင်မှုစည်းကမ်း များသည်လည်း တိုးတက်ကောင်းမွန် လာရန်လိုကြောင်း၊ စီးပွားရေးကောင်းရန်အတွက် ကိုယ့်အားကိုယ်ကိုးရန်လိုကြောင်း၊  တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာရှိကြောင်း၊ ပြန်လည်ထူထောင်ရေး ပစ္စည်းနှင့် စားရေး အတွက် လိုအပ်ချက်များကိုလည်း နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ် ပါ ကြောင်း။

ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံရှိပြီးဖြစ်သည့်  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက ပိုမိုအကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း၊ ဘူးသီးတောင်ဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြေများ များစွာရှိကြောင်း၊ အဆိုပါမြေများကို အကျိုးရှိထိရောက်စွာဖြင့်အသုံးချ နိုင်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်မွေးမြူဆောင်ရွက်မည် ဆိုပါက အသား၊ ငါး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေများရရှိပြီး လူနေမှုအဆင့်အတန်းများ မြင့်တက်လာမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေရရှိရေး တရားဝင်နည်းလမ်းများဖြင့်သာ ဆောင်ရွက်ကြစေလိုကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ မရှိစေရေး ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်ဘက် အကျဆုံး နယ်မြေဖြစ်သဖြင့် တိုင်းပြည်ကိုချစ်သည့်စိတ်ဖြင့် ကာကွယ်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူ များဖြစ်သဖြင့် မိမိတို့နေထိုင်သည့်မြေပေါ်တွင် သစ္စာရှိရှိဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုနေကြသူများဖြစ်သဖြင့် အားလုံး ညီညီညွတ်ညွတ်ဖြင့် နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်မှာ တိုင်းပြည်သာယာ ဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာပေါများရေး ပင်ဖြစ်ကြောင်း။

ဒေသတွင် နေထိုင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ဒေသ တွင်း တည်ငြိမ်အေးချမ်းမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လျင်မြန်စွာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ ပညာတတ် လူသားအရင်းအမြစ်များ သည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးကို အားပေးဆောင်ရွက်ကြ စေလိုကြောင်း၊ လက်ရှိအခြေအနေထက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့၏ မျိုးဆက် သစ်ကလေးငယ် များကို ကောင်းမွန်စွာ မြေတောင်မြှောက်ပေးရန်လိုကြောင်း၊ ၎င်းတို့၏ အနာဂတ်ကို ကောင်းစေလိုပါက ပညာရေးကို အားပေးရမည်ဖြစ်သကဲ့သို့ နောင်အနာဂတ် တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ အတန်းပညာရှိမှသာလျင် အတတ်ပညာများကို သင်ယူတတ်မြောက်နိုင် မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒေသနှင့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်ဖြစ်သဖြင့် ပညာရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ အတွက် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။