နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် – ၁၅

နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေးတွင် လူဦး ရေအရများပြားသည့်၊ အဓိကသီးနှံများစိုက်ပျိုးထုတ်လုပ်သည့်၊ မွေးမြူရေးလုပ်ငန်း များနှင့် MSME ကုန်ထုတ်လုပ်ငန်းများတွင်အားအကောင်းဆုံးဖြစ်သည့် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များကိုဖိတ်ခေါ်၍ အစည်းအဝေးတက်ရောက်စေခြင်း ဖြစ်ကြောင်း၊ ယခုတက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် နေပြည် တော် ကောင်စီနယ်မြေတို့၏ စုစုပေါင်းလူဦးရေမှာ သန်း ၄၀ ကျော် (နိုင်ငံလူဦးရေ၏ ၅ ပုံ ၄ ပုံ)ရှိပြီး စိုက်ပျိုးမြေအနေဖြင့်လည်း ဧကသန်းပေါင်း ၄၀ ကျော်ရှိခြင်း ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက်အဓိကကျသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ် ကြောင်း။
ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်းသုံးစွဲမှု၊ စားသုံးမှု ဖူလုံအောင် ဆောင်ရွက်ရေး၊ ပိုလျှံအောင်ထုတ်လုပ်၍ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပြည်ပသွင်းကုန်များအား အစားထိုးထုတ်လုပ်နိုင်ရေးဟူ၍ အပိုင်း ၃ ပိုင်းခွဲခြား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ပြည်သူအများစုနေ့စဉ် သုံးစွဲစားသုံး နေရသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ်တင်ပို့ နိုင်သည့် ထုတ်ကုန်များကိုမူ ပို့ကုန်အဖြစ်ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများတိုးတက်ရေးအတွက် ထုတ်ကုန်များတင်ပို့ ခြင်းနှင့် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းများရှိကြောင်း၊ မြေပေါ်မြေအောက်သဘာဝသယံဇာတများ ထုတ်လုပ်ခြင်းကိုနိုင်ငံ၏ ရေရှည်အကျိုး စီးပွားကိုကြည့်၍ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဂျီဒီပီမှာမိမိတို့ နိုင်ငံ၏ရေမြေသဘာဝနှင့်တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့်နှိုင်းယှဉ်ပါက များစွာကွာခြားလျက်ရှိနေသေးကြောင်း၊ ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင် ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်လိုစိတ် ရှိရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်သီးနှံအထွက်နှုန်းကိုပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းအားပြည့် စိုက်ပျိုးခြင်းဆိုသည့် အချက် ၂ ချက်ကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်း ချက် ပြည့်မီစေရေး စိုက်ပျိုးသီးနှံအလိုက် လိုအပ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ လိုအပ်သည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် မြေပြု ပြင်မှုများဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး တို့ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေ အားလုံး သီးထပ်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်ခြင်း၊ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းတိုးတက်ခြင်း၊ ပြည်တွင်းဖူလုံမှုရှိခြင်းနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ခြင်း တို့ကိုဆောင်ရွက်နိုင်ပြီး နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ် ကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အသား၊ ငါး၊ ဥ၊ နို့များနှင့် စားသောက်ကုန်များ နေ့စဉ်လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဒေသတွင်းဖူလုံနေရုံဖြင့် ကျေနပ်နေခြင်းမရှိဘဲ တစ်နိုင်ငံ လုံးဖူလုံမှုရှိရေးအတွက် စဉ်းစားဆောင်ရွက်နေရန်လိုကြောင်း၊ အသား၊ ငါးများ ထုတ် လုပ်မှုနှင့်စားသုံးမှု ညီညွတ်မျှတမည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူခြင်း များထက် စနစ်တကျဖြင့် မွေးမြူဆောင်ရွက်မည်ဆိုပါက ထုတ်လုပ်မှုများ တိုးတက် လာမည်ဖြစ်ကြောင်း၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
ဝတ်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အခြေခံကုန်ကြမ်းဖြစ်သည့် ဝါစိုက်ပျိုးမှု များမှာ ၂၀၁၆ ခုနှစ်မှစတင်၍ များစွာလျော့နည်းသွားကြောင်း၊ တစ်နိုင်ငံလုံးဝါလိုအပ် ချက်မှာ ပိဿာချိန် ၃၆၃ ဒသမ ၂၂ သန်း ဖြစ်ပြီး မိမိတို့နိုင်ငံ၏ဝါထွက်ရှိနှုန်းမှာ ၂၀၁ သန်းခန့်သာရှိကြောင်း၊ သတ်မှတ်ဝါအထွက်နှုန်း ဖြစ်သည့်တစ်ဧကပိဿာချိန် ၇၀၀ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဝါလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သကဲ့သို့ ပိုလျှံမှုများဖြစ်ပေါ်လာပါက ပြည်ပသို့တင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ထို့ ကြောင့် ဝါစိုက်ပျိုးနိုင်သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနေဖြင့် ဝါစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်းကောင်းပြီး အဆင့်မီ သည့် ချည်များထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းများ ရရှိရေးဆောင်ရွက်ရန်လို ကြောင်း။
ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌လုံလောက် စွာထုတ်လုပ်နိုင်မည်၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ် ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် တက် ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသနှင့်နယ်ပယ်အလိုက် ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များကို ကျယ်ပြန့်စွာဆွေးနွေးရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က ဒေသအလိုက် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံ၊ ဝါသီးနှံ၊ နှစ်ရှည်သီးနှံနှင့် အခြားသီးနှံများစိုက်ဧက အ ခြေအနေ၊ ဒေသတွင်း ဆန်ဖူလုံမှု၊ လိုအပ်မှုနှင့် ပိုလျှံမှု၊ ဒေသတွင်း ဆီဖူလုံမှု၊ လိုအပ်မှု နှင့်ပိုလျှံမှု၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေ၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေ၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်ထားရှိမှုများ၊ ဒေသခံတောင်သူများထံ သွင်းအား စုများနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများဖြန့်ဖြူးပေးနေမှု၊ သားငါးထုတ် လုပ်မှု၊ လိုအပ်မှုနှင့်ပိုလျှံမှု၊ ဒေသအလိုက် စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာ၌ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက် ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံးပြည့်စုံစွာဖြင့် ဆောင်ရွက်နိုင်မှသာ အထွက်နှုန်း များတိုးတက်မည်ဖြစ်ကြောင်း၊ သီးနှံများထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်မှုရှိ စေရန် ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ခေတ်မီနည်း စနစ်များအသုံးပြု၍ ဆောင်ရွက်ကြမည်ဆိုပါက ဒေသအလိုက် အသား၊ ငါးနှင့် ဥ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ လယ်ယာမြေများ၌ သတ်မှတ် ထားသည့် သီးနှံများစိုက်ပျိုးရေးနှင့် အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး တာဝန်ရှိသူ များအနေဖြင့် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ စိုက်ပျိုးရေနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အစီအစဉ်ဖြင့် ထိရောက်အကျိုး ရှိသည့် တစ်ပိုင်တစ်နိုင် မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝသစ်စိမ်းမြေဩဇာဖြစ်သည့် ပိုက်ဆံလျှော်စိုက်ပျိုး၍ မြေပြုပြင်ခြင်းကို ဆောင် ရွက်ရာ၌ အလားအလာကောင်းသည်ကိုတွေ့ရကြောင်း၊ ပိုက်ဆံလျှော်စိုက် ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူး၊ ပိုက်ဆံလျှော်နှင့် သဘာဝမြေဩဇာများ ပေါင်းစပ်အသုံး ပြုပါက ရရှိနိုင်မည့်အကျိုးကျေးဇူး၊ ပိုမိုထိရောက်စေရေးထပ်မံဖြည့် ဆည်းပေးရမည့် ပစ္စည်းများနှင့် ဒေသအလိုက် စိုက်ပျိုးပါကရရှိနိုင်သည့် အကျိုးကျေးဇူးများကို သက် ဆိုင်ရာဝန်ကြီးဌာနမှ သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း ဖြင့်မှာကြားသည်။
ယင်းနောက် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ပြည်ထောင်စု ဝန်ကြီးများက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ရရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားမှု၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီအလိုက် ချေးငွေများထုတ်ချေးပေးလျက်ရှိမှု၊ သီးနှံ များစိုက်ပျိုးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများတိုး တက်စေရေး သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်ပနိုင်ငံ များသို့တင်ပို့နိုင်သည့် စိုက်ပျိုးရေးထွက် ကုန်များအတွက် ပြည်ပဈေးကွက်ရရှိနိုင်မှု၊ တပ်မတော်မှ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှုနှင့် စိုက်ပျိုးမြေများကို အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စိုက်ပျိုး‌ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေ သည့် အနေအထားများ၊ ၎င်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာအောင် ဆောင်ရွက် နိုင်မည့် နည်းလမ်းများ၊ မြေယာဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ချက်များ ကိုဆွေးနွေးပြောကြားပြီး လုပ်ငန်းများလုပ်ဆောင်ရာတွင် လယ်ယာကဏ္ဍကြီးကို အခြေခံ ပြီး စက်မှုလုပ်ငန်းသို့ သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကိုကျင့်သုံးပြီး အစုအဖွဲ့များဖြင့်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေး လယ်ယာကဏ္ဍ၊ စက်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍ ၃ ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရကြောင်း၊ ထိုအထဲမှ လယ်ယာကဏ္ဍကြီးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများကိုဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှု များကိုဆောင်ရွက်နိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုး မြေများကို ဧကကွက်များဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက စက်မှု လယ်ယာအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့နည်းပြီး အထွက် နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ဒေသတွင်း၌ လိုအပ်ချက်ရှိသည့်နိုင်ငံများသို့ တင်ပို့နိုင်ကြောင်း၊ ထို့ကြောင့် လိုအပ်ချက် ရှိသည့် သီးနှံထွက်ကုန်များကို စိုက်ပျိုးရေး သုတေသန၊ ဈေးကွက်သုတေ သနများ ပြုလုပ်၍ စိုက်ပျိုးပြီး တင်ပို့ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်း၌ အဓိကလိုအပ် သည့်သီးနှံများ၊ ပြည်ပတင်ပို့မှုအတွက် အဓိကလိုအပ်သည့် သီးနှံများကို အောင်မြင်ဖြစ် ထွန်းအောင် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအခြေခံသည့် ထွက်ကုန်များကိုအသုံးပြု၍ MSME ကုန်ထုတ်လုပ် ငန်းများကို တိုးတက်အောင် အလေးထားဆောင်ရွက်ပြီး ကုန်ထုတ်စွမ်းများမြှင့် တင်ရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်းဖြင့်မှာကြားပြီး အစည်းအဝေးကို ည ၇ နာရီ အချိန်တွင် ရပ်နားလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။