နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ ပြောကြားသည့် ဗီဒီယိုမိန့်ခွန်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်)

ချစ်ကြည်လေးစားရပါသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား မိဘပြည်သူများ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဆယ်နှစ်တစ်ကြိမ် ကောက်ယူရတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးမှာ တစ်ပြိုင်တည်း ကောက်ယူတော့မှာဖြစ်ပါတယ်။ ဒီကနေ့ကစပြီး ရေတွက် ကြည့်ရင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်ကို စတင်ဖို့ ရက်ပေါင်း (၃၀)သာ လိုပါတော့တယ်။

သန်းခေါင်စာရင်းဆိုတာကတော့ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာတွေကို တစ်နိုင်ငံလုံး၊ ဒါမှမဟုတ် သတ်မှတ်နယ်မြေဒေသတစ်ခုမှာ လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ အလွန် ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားရုံသာမက ငွေကုန်ကြေးကျလည်း တော်တော်များပါတယ်၊ ကမ္ဘာ့နိုင်ငံအများစုမှာ ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူ တာကိုလည်း  တွေ့ရှိရမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်း လုပ်ငန်းဟာ လူတစ်ဦးချင်းစီနဲ့ သက်ဆိုင်ပြီး မဖြစ်မနေဆောင်ရွက်ဖို့ လိုအပ်တာကြောင့် မှတ်ပုံတင်စာရင်းအင်း အချက်အလက်တွေ ပြည့်စုံတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် သန်းခေါင်စာရင်းကို ပုံမှန် ကောက်ယူနေကြတာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအပြီး (၁၀)နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကို နောက်တစ်ကြိမ်ကောက်ယူဖို့ အချိန်ကျရောက်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ လက်ရှိနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု စီမံဆောင်ရွက် နိုင်ရေးအတွက် တိကျမှန်ကန်တဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းတွေ အမှန်တကယ်ရရှိဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကြောင့် သန်းခေါင် စာရင်းကောက်ယူဖို့ ဆုံးဖြတ်ခဲ့တာရတာလည်းဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံတစ်ဝန်းမှာ ဆောင်ရွက်တော့မယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာစံချိန်စံညွှန်း များနဲ့ အညီ ကောက်ယူနိုင်ဖို့ စီမံဆောင်ရွက် လျက်ရှိနေပါတယ်။ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့ နှစ်တွေကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လာတာ လက်ရှိအခြေနေမှာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကရရှိလာတဲ့ အချက်အလက်တွေဟာ လူဦးရေ စုစုပေါင်းကိုသာ ဖော်ပြတာမဟုတ်ဘဲ နိုင်ငံအတွင်းမှာရှိနေတဲ့သူတွေရဲ့ အသက် အပိုင်းအခြားအလိုက်၊ ကျား၊ မ အလိုက် လူဦးရေတွေကို ရရှိနိုင်သလို လူမှုစီးပွားရေး ဆိုင်ရာ ကဏ္ဍအားလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ အိမ်အကြောင်းအရာတွေကိုလည်း ရရှိနိုင်မှာဖြစ်လို့ အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်လို့ဆိုနိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်ကနေ ကျွန်တော်တိုနိုင်ငံရဲ့ လူဦးရေ အခြေအနေတွေ၊ နေထိုင်မှုပုံစံတွေကို တိတိကျကျ သိရှိနိုင်မှာဖြစ်လို့ ဒီအချက်အလက်တွေကို အသုံးပြုပြီးတော့မှ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ပိုမိုထိ‌ရောက်စွာ စီမံဆောင်ရွက်အကောင်အထည်ဖော်နိုင်မှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ရေမြေတောတောင် သဘာဝအလှအပတွေ၊ သဘာဝသယံဇာတတွေနဲ့ ကြွယ်ဝပြည့်စုံနေသလို မတူကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ ဘာသာစကားတွေနဲ့ ညီညွတ်စွာ ပေါင်းစပ် စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် အစဉ်ရှင်သန် ခိုင်မာနေစေဖို့၊ ကျွန်တော်တို့နိုင်ငံအကြောင်းကို ပိုမိုသိရှိဖို့ လိုအပ်သလို မတူကွဲပြားမှုတွေကိုလည်း ညှိနှိုင်းပေါင်းစပ်ပြီး နိုင်ငံ့အတွက် ကောင်းကျိုးရအောင် စီမံဆောင်ရွက်သွားကြဖို့  လည်း လိုအပ်မှာဖြစ်ပါတယ်။

ချစ်ကြည်လေးစားရပါသော မြန်မာနိုင်ငံသူ နိုင်ငံသားများခင်ဗျာ

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာမယ်ဆိုရင် အဲဒီ နိုင်ငံက ထုတ်ပြန်တဲ့ လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက်အလက်တွေကို ဆန်းစစ်လေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဒါ့ကြောင့်လည်း တစ်နိုင်ငံလုံးရဲ့ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန် ရရှိနိုင်ရေးဟာ အလွန်ပဲအရေးကြီးပါတယ်။ စာရင်းအင်းအချက်အလက်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုအခြေအနေကို ထင်ဟပ်ဖော်ပြနေတာ ဖြစ်လို့ နိုင်ငံရဲ့ ကြေးမုံပြင်လို့လည်း တင်စားလေ့ရှိပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်တွေကို ကဏ္ဍအလိုက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့ မူဝါဒချမှတ်တာတွေ၊ စီမံကိန်းရေးဆွဲအကောင်အထည် ဖော်တာတွေ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခြေခံအဖြစ် အသုံးပြုရတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

သန်းခေါင်စာရင်းက ရရှိလာတဲ့ အချက်အလက်တွေဟာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု နယ်ပယ်အဆင့်တိုင်းအတွက် ထိရောက်တဲ့ ဖွံ့ဖြိုးမှုစီမံကိန်းတွေ ရေးဆွဲနိုင်ဖို့နဲ့ အထောက်အထား အခြေပြု ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ နိုင်ငံမှာ သယံဇာတရင်းမြစ်တွေ ခွဲဝေသတ်မှတ်တာတွေ၊ ဘဏ္ဍာငွေ ခွဲဝေချမှတ် တာတွေ၊ နယ်မြေဧရိယာနယ်နိမိတ်တွေကို ပြန်လည်ဆန်းစစ်တာတွေကလည်း လူဦးရေပေါ်မှာပဲ အခြေခံရတာဖြစ်ပါတယ်။

စာသင်ကျောင်း၊ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေ၊ လမ်း၊ တံတားတွေ စတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေး ခြင်းနဲ့ သုတေသနလုပ်ငန်းတွေမှာလည်း သန်းခေါင်စာရင်းက ရရှိလာ တဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ် အသုံးပြုနိုင်မှာဖြစ်လို့ နိုင်ငံတော်အတွက် များစွာ အသုံးဝင်ကြောင်းနဲ့ အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

ဒါ့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ မဲစာရင်းတိကျမှန်ကန်စေရေး လုပ်ဆောင်ရာမှာလည်း အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းအချက်အလက်တွေဟာ ကုလသမဂ္ဂ ရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals – SDGs) နဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP) စတဲ့ပြည်တွင်း ပြည်ပဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်တွေ ဆောင်ရွက်ချက်တွေကို ဆန်းစစ် လေ့လာရာမှာလည်း အထောက် အကူဖြစ်စေမှာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကရရှိတဲ့ ကိန်းဂဏန်းတွေဟာ ကျွန်တော် တို့ အစိုးရလက်ထက်သာမက နောင်အစိုးရအဆက်ဆက်ထိ လက်ဆင့်ကမ်း အမွေပေးရမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေ ကို မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ဖို့ နိုင်ငံတွင်းနေထိုင်ကြသူအားလုံး ကို လူဦးရေနဲ့ အိမ်အကြောင်းအရာဆိုင်ရာ မေးခွန်းတွေ မေးမြန်း ကောက်ယူသွားမှာလည်းဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံးကတော့ မေးခွန်းတွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြေဆိုပေးကြဖို့လိုအပ်ပြီး မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိသားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး (၁၀)နှစ်စာ စီမံဆောင်ရွက်နိုင်တဲ့ အခြေခံအချက်အလက်များ ရရှိ စေနိုင်မယ့် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကို ပုံဖော်ပေးနိုင်ဖို့ အခုဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကြီးမှာ မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြဖို့ ထပ်လောင်း အသိပေးလိုပါတယ်။

ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူများခင်ဗျာ

ကမ္ဘာပေါ်မှာ ဘယ်လုပ်ငန်းမဆို ကန့်သတ်ချက်တစ်စုံတစ်ရာ ကြောင့် အားလုံးနဲ့မသက်ဆိုင်ပေမယ့် ဒီနေ့ကမ္ဘာမှာ လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ ကျား၊ မ မရွေး အားလုံးပါဝင်ခွင့်ရှိတဲ့ တစ်ခုတည်းသော လုပ်ငန်းစဉ်ကတော့ သန်းခေါင်စာရင်းလုပ်ငန်းစဉ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းရလဒ်ဟာ နိုင်ငံအတွက် အရေးပါတဲ့ အချက်အလက်များဖြစ်သလို မိမိတို့တစ်ဦးချင်းအတွက်လည်း အကျိုးကျေးဇူးရရှိစေမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ဝယ်ရရှိနေတဲ့ အခွင့်အရေးကြီးကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ဖို့အတွက် သန်းခေါင် စာရင်းကို လူတိုင်းအကောက်ခံ ကြဖို့လည်းလိုအပ်ပါတယ်၊ လူတိုင်းပါဝင်ကြဖို့ လည်းလိုအပ် ပါတယ်။ အိမ်ထောင်စုအဖွဲ့အစည်းတိုင်းအတွက် စာရင်းကောက် တွေက အိမ်တိုင်ရာရောက် လာရောက်မေးမြန်းမယ့် မေးခွန်းတိုင်း အပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များ ကင်းစွာနဲ့ နောင်အနာဂတ် မျိုးဆက်သစ်တွေအကျိုးအတွက် အမှန်ကို အမှန်အတိုင်း အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့ လိုအပ်ပါတယ်။ သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားတဲ့ ၂၀၁၃ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကလည်း ပြည်သူတွေရဲ့ ကိုယ်ရေးအချက် အလက်တွေကို လုံခြုံမှုအကာအကွယ် ပေးထားပြီးဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

သန်းခေါင်စာရင်းက ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိ အခြေအနေ၊ နိုင်ငံအတွင်း နေထိုင်သူတွေရဲ့ ဒေသအလိုက်၊ အသက်အပိုင်းအခြား အလိုက်၊ မြို့ပြကျေးလက်အလိုက် လူဦးရေ ကိုသာ ရရှိနိုင်ရုံသာမက ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှု ပုံစံအလိုက် လူဦးရေကို ခွဲခြားသိရှိနိုင်မှာလည်းဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နေရာဒေသ အလိုက် လိုအပ်တဲ့အစီအမံတွေ ချမှတ်နိုင်ဖို့ အခြေခံ အရင်းအမြစ် တွေကို ဖန်တီးပံ့ပိုးပေးနိုင်မှာဖြစ်သလို လိုအပ်တဲ့ လုပ်သား အင်အားကိုလည်း ဖော်ထုတ်သိရှိနိုင်မှာဖြစ်ပါတယ်။ ကျွမ်းကျင် မှုလိုအပ်တဲ့ လုပ်သားတွေအတွက်လည်း စွမ်းဆောင်ရည်မြှင့်တင် ရေး သင်တန်းတွေ၊ ကျွမ်းကျင်မှုသင်တန်းတွေကို လိုအပ်သလို စီစဉ် ဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ အလားတူ လူမှုဖူလုံရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ မသန်စွမ်း ထောက်ပံ့မှု အစီအစဉ်တွေကိုလည်း ကြိုတင်ပြင်ဆင်နိုင်မှာ လည်းဖြစ်ပါတယ်။

ပြင်ပစီးပွားရေး လုပ်ငန်းရှင်များအတွက်ကတော့ဈေးကွက် ရှာဖွေခြင်း၊ စားသုံးသူခန့်မှန်းခြင်း၊ ကုန်ပစ္စည်းထုတ် လုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ခြင်း စတာတွေအတွက် အသုံးဝင်မှာဖြစ်သလို ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သူများ ကယ်ဆယ် ရေး စတဲ့ကဏ္ဍတွေမှာလည်း အသုံးဝင်မှာဖြစ်ပါတယ်။

ချစ်ကြည်လေးစားရပါသော မိဘပြည်သူ၊ ညီအစ်ကိုမောင်နှမ များ ခင်ဗျာ

ဒီလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြားသော လုပ်ငန်းစဉ်တွေ မှာ မဖြစ်မနေ အခြေခံအသုံးပြုရမယ့် ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ၊ အကြောင်းအရာတွေရရှိဖို့အတွက် မကြာခင်မှာ အမျိုးသားရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်တော့မှာလည်း ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ကောက်ယူ မယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဟာ ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်တွေကို အခြေခံပြီး ကိုယ့်အား ကိုယ်ကိုး ဆောင်ရွက်နေတဲ့ အမျိုးသားရေးလုပ်ငန်း စဉ် တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရနိုင်ဘဲ နိုင်ငံတစ်ဝန်း နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးရဲ့ ညီညွတ်သောအင်အားနဲ့ အောင်မြင်အောင် ဆောင်ရွက်ပြီး ကမ္ဘာ့အလယ်တွင် နိုင်ငံ့စွမ်းအားကို ပြသရမှာလည်း ဖြစ် ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်မယ့် အခွင့်အခါကောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကြီးကို နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ခံယူပြီး “ပြည်သူအားလုံး ပါဝင်လို့၊ သန်းခေါင်စာရင်း ကောက်ကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါလို့ တိုက်တွန်း နှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။