နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ စက်တင်ဘာ – ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ဓမ္မပါလ ကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ် စေတီ တော်(ရန်ကုန်)သို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စွယ်တော်မြတ်စေတီတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီး ဆွမ်း ကပ်လှူပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး တို့က စေတီတော်ကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည်အလှူငွေများနှင့်  စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်ပွားကို ဖူးမြော်ကြည်ညိုကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီး ဧည့်သည်တော်မှတ်တမ်း စာ အုပ်တွင် လက်မှတ်ရေးထိုး ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်၍ စေတီတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုကာ စေတီတော်မြတ်ကြီး အမြဲသန့်ရှင်းသာယာပြီး ကြည်ညိုဖွယ်ဖြစ်နေစေရေးအတွက် ဆောင်ရွက်ရန်၊ စေတီတော်ကြီးရင်ပြင်တော်သန့်ရှင်းရေးအပါအဝင် ဘက်စုံပြုပြင် မွမ်းမံရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးရှိ ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ အား သွားရောက် ဖူးမြော် ကြည်ညို၍ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို တင်ပြလျှောက်ထားကာ ဆရာတော်ကြီး၏ မိန့်ကြားမှု များကို နာယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။