မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် – ၁

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီ တော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ် တော် မဟာမင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံ တော်အတွင်းရှိ သတ်မှတ်နေရာများတွင် ကျင်းပရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဩဝါဒါစရိယ ဆရာတော်ကြီးများ ဖြစ်တော်မူ သည့် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင် သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်း တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ၊ တို့အမှူးပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်  အပါး ၉၀၀ ၊ သာသနာ နွယ်ဝင် သီလရှင် ဆရာကြီး အပါး ၂၀ တို့ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်း ရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊  ပြည်ထောင် စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များနှင့်ဓမ္မမိတ်ဆွေများ၊ ဝတ်အသင်းအဖွဲ့ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညို ပူဇော်ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ရွှေကြာသင်္ကန်း တော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းသည်။

ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း

ထို့နောက် သံဃာတော် ၈၅၅ ပါးတို့အား ရင်ပြင်တော်ပေါ်ရှိ သံဃာတော်မဏ္ဍပ်ကြီး ၄ ဆောင်သို့လည်းကောင်း၊ အနေကဇာတင်ပူဇော်နိုင်ရေးအတွက် ပါဠိဆရာတော်အမှူး ပြုသော သံဃာတော် ၁၂ ပါးတို့အား မုစလိန္ဒနှင့် သာသနာ့ဗိမာန်တော်သို့လည်းကောင်း၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးမည့် ဆရာတော် ၅ ပါးတို့အား မာရဝိဇယ ကျောင်းတော်သို့လည်းကောင်း၊ မဟာထေရ် ၉ ပါးတို့အား ထေရာသနနေရာသို့လည်း ကောင်း ဥပါသကာများက ပင့်ဆောင်ကြပြီး မင်္ဂလာဘိသိက်ပန်း၊ အောင်တံခွန်၊ အောင်ကုက္ကားများ ဆက်ကပ်ကြသည်။

ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မာရဝိဇယဗုဒ္ဓပူဇာဓမ္မတေးဖြင့် ပူဇော်၍ မင်္ဂလာငွေခရုနှင့် အောင်စည်အောင် မောင်း သုံးကြိမ်တီးခတ်ပူဇော်သည်။

ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ပနိုင်ငံများမှ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် သီတဂူဆရာတော်ကြီးထံ အခမ်းအနားကို လွှဲအပ်သည်။

ထို့နောက် ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော် ၆ ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး ၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာတော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာ တော် ၆ ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် အိန္ဒိယနိုင်ငံမှ သံဃာတော် ၅ ပါး၊ တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက် သွန်းတော်မူကြသည်။

ထို့အတူ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်းမှ သံဃာ တော်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဒါန်းပါဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးက ဇယောဟိ ဗုဒ္ဓဿ သီရိမတော အစချီ ဇယမင်္ဂလာ အောင်ဘိသိက်ဂါထာတော်ကို ရွတ်ဆိုပူဇော်၍ ဂါထာတော်ပြီးဆုံးချိန်တွင် သာဓုသုံးကြိမ်ခေါ်ဆိုပြီး လျှပ်ပန်းရောင်စုံ မီးပန်းစုံတို့ဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ပူဇော်၍ အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။

ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော်ခြင်း

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အလှပန်းစိုက် ငွေဖလားကိုင်၊ သာသနာ့အလံကိုင်၊ ထီးဖြူတော်ကိုင်၊ မင်္ဂလာဝေါယာဉ်တော်ကိုင် ဥပါသကာ များ၊ ဒေဝါဝင်း၊ ရာဇာဝင်းများ၊ ပန်းကြဲအဖွဲ့နှင့် ဝတ်အသင်းအဖွဲ့များက ကျောက်စာရုံ စေတီတော်အဝင်မုခ်ဦးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး တာဝန်ရှိသူများက မဟာထေရ် ဆရာတော်ကြီး ၁၁ ပါးအား ထေရာသနမဏ္ဍပ်သို့ ပင့်ဆောင်ပေးကြသည်။

ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နား တော်တို့ကိုပင့်ဆောင်၍ မင်္ဂလာမော်ကွန်းကျောက်စာရုံစေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ကာ အပူဇော်ခံနေရာသို့ ပို့ဆောင်ပြီး ကုသိုလ်တော်မဏ္ဍပ်တွင် နေရာ ယူကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများက ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ – ဂါထာ၊ သဗ္ဗီတိယော ဝိဝဇ္ဇန္တု- ဂါထာနှင့် ဘဝတု – သုံးဂါထာတို့ကို ရွတ်ဆို၍ မေတ္တာပြုပူဇော်ကြပြီး ဘုရားဒါယ ကာ၊ ဒါယိကာမများက ရတနတ္တယပူဇာဂါထာနှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ နှစ်ပိုဒ် ကို သံပြိုင်ညီညာရွတ်ဆိုပွားများ ပူဇော်ကြသည်။

ထို့နောက် ဆရာတော်ကြီး ၃ ပါးနှင့် ဦးဆောင်ဘုရားဒါယကာနှင့် ဘုရားဒါယကာ များက စေတီတော်အထွတ်ငြမ်းထက်သို့ တက်ရောက်နေရာယူပြီးချိန်တွင် အရံစေတီ တော် ၄ ဆူနှင့် ကျောက်စာရုံစေတီ  အဆူ ၇၂၀ တို့အား ရွှေထီးတော် တင်လှူကြမည့် အလှူရှင် ဘုရားဒါယကာများကလည်း စေတီတော်အထွတ်ငြမ်းထက်သို့ ဆက်လက် တက်ရောက်နေရာယူကြသည်။

ယင်းနောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်ဟု ကြွေးကြော်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးဆောင်ဘုရားဒါယကာက ရွှေထီးတော်ဘုံအဆင့်များ၊ ရတနာငှက်မြတ် နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို အစဉ်အတိုင်း တင်လှူပူဇော်ပြီး စေတီတော် အထွတ်တွင် သာသနာ့အောင်လံတော်ကို လွှင့်ထူပူဇော်သည်။

ထို့အတူ အလှူရှင် ဘုရားဒါယကာများက အရံစေတီတော် ၄ ဆူနှင့် ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်များ တင်လှူပူဇော်ကြပြီး ရွှေထီးတော်မြတ်အား ပရိတ် နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်တို့ဖြင့် ပက်ဖြန်းသန့်စင် သွန်းလောင်းပူဇော် ကြသည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် ဧည့်ပရိသတ်များက မဟာမင်္ဂလာ အခမ်းအနား များအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်၍ “အောင်ပြီ” ဟု သံပြိုင်ညီညာ သုံးကြိမ် ကြွေးကြော်ကြကာ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာကို ဖတ်ကြားပူဇော်သည်။ ထို့နောက် ဥပါသကာများက ဆရာတော်ကြီးများအား အဂ္ဂါ ဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ သံဃာတော် နားနေဆောင်သို့ ပင့်ဆောင်ကြသည်။

ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း

ဆက်လက်၍ အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း အစီအစဉ်ကို အဂ္ဂါ ဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

        ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားရာတွင် ယနေ့ ကျင်းပသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ခရီးလမ်းပင်ပန်းမှု စသည်ကို ဥပေက္ခာပြု လျက် မေတ္တာတရားရှေ့ထားကာ ကြွရောက်ချီးမြှင့်တော်မူကြပါသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများအား ကျန်းမာရွှင်လန်းစွာဖြင့် စုံစုံညီညီ ဖူးမြော်ခွင့်ရရှိပြီး မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထား ခွင့်ရရှိသည့်အတွက် ပီတိသောမနဿ ကုသိုလ်စိတ်များ တိုးပွားဖြစ်ပေါ်ရပါသည်ကို ဦးစွာ လျှောက်ထားအပ်ပါကြောင်း။

        မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားရာတွင် ရည်ရွယ်ချက်လေးရပ်ထား ရှိခဲ့ပြီး နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓဘာသာခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုကို ကမ္ဘာ ကိုပြသနိုင်ရန်၊ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် သာသနာတော် ပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အပြင် ပြည်သူပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်စေရန် ဗုဒ္ဓမြတ်စွာ၏ အေးမြသည့် မေတ္တာရိပ် အောက်၌ အားလုံးလုံခြုံအေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရန် အတွက် နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်လည်း ရည်ရွယ်ပါကြောင်း၊ ထို့ပြင် မိမိတို့ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့်မေတ္တာတရားကို အလေးထားသည်နှင့်အညီ ဗုဒ္ဓဘာသာ ကိုအခြေခံပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်လည်း ရည်ရွယ်တည်ထားခဲ့ခြင်း ဖြစ်ပါကြောင်း။

        ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်ပြီး ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး  သန်းရွှေထံကို အလှူရှင်တစ်ဦးက လှူဒါန်းခဲ့သည့် စကျင်ကျောက်တုံးတော် ကြီးကို မိမိဦးဆောင်သည့် တပ်မတော်က ဗုဒ္ဓရုပ်ပွားတော် တည်ထားနိုင်ရန် လွှဲအပ် ပေးခဲ့ပါကြောင်း၊ အဆိုပါကျောက်တုံးတော်ကြီးကို ကျွမ်းကျင်ပညာရှင်များနှင့် အသေး စိတ် စစ်ဆေးတွက်ချက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ၌ အမြင့် ၆၅ ပေရှိ အရည်အသွေး A အဆင့်ရှိသော ကျောက်တုံး တော်ကြီးကို ဖော်ထုတ်ရရှိခဲ့ပါကြောင်း။

        ဆင်းတုတော်ကြီး တည်ထားကိုးကွယ်ရန်အတွက် ကျေးဇူးရှင် ဗန်းမော်ဆရာ တော်ကြီး၊ သီတဂူဆရာတော်၊ ရွှေသုဝဏ်ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် စသည့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ပြီး ဘူမိဖဿပုံစံ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် ၁၈၈၅ ခုနှစ်တွင်လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီး ကိုလိုနီဖြစ်ခဲ့တဲ့ကာလအတွင်း ယဉ်ကျေးမှုအဆက်ပြတ် သွားခဲ့ခြင်းကြောင့် နောက်ဆုံး ကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကိုရယူရန် ရတနာပုံခေတ်ဟန်နှင့်သာ ထုဆစ်ရန် ဆုံးဖြတ် ခဲ့ပါကြောင်း။

        ကျောက်တုံးတော်ကြီးများကို သယ်ယူရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်း ကသယ်ယူရန် အခက်အခဲများရှိသည့်အတွက် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှ ဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှနေပြည်တော်သို့ ဩဝါဒါစရိယ ဆရာတော် ကြီးများထံမှ ဩဝါဒနှင့်အညီ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ်သယ်ယူ ပင့်ဆောင်ခြင်းများ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပါကြောင်း၊ စကျင်တောင်မှ သယ် ဆောင်နိုင်ရန်အတွက် ဧရာဝတီမြစ်ထဲဝင်ရောက်မည့် မြောင်မြစ်အထိ တူးမြောင်း ဖောက်လုပ်သယ်ဆောင်ခဲ့ပါကြောင်း။

        ကျောက်တုံးတော်များကို ဧရာဝတီမြစ်ရေပြည့်သည့်အချိန် ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် စတင်ပင့်ခဲ့ပါကြောင်း၊ စုစုပေါင်းအနေဖြင့် ၉ ကြိမ် ပင့်ဆောင်ခဲ့ရကာ တန်ချိန် အားဖြင့် ၈၁၅၈ တန် သယ်ဆောင်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံး တော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရေလမ်းခရီးနှင့် စကျင် ကျောက်တုံးတော်ကြီးကို သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့ပါ ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူပင့်ဆောင်နိုင်ရန် ၂၂ မိုင် ၅ ဖာလုံ အရှည်လမ်းကို အသစ်ဖောက် လုပ်ရုံသာမက  ရန်ကုန်-မန္တလေးအမြန်လမ်း စကားအင်းအဝိုင်းမှ ဗုဒ္ဓဥယျာဉ်တော် အကြား လမ်းလွှဲ ၈၂ နေရာ၊ အရှည်မိုင် ၃၀ ကျော်ကို ပြင်ဆင် ဆောင်ရွက်ပြီးနောက် နေပြည်တော်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စတင် ပင့်ဆောင်ခဲ့ပါကြောင်း။

        ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးနှင့် စုစုပေါင်း    ၇ ခေါက် သယ်ယူခဲ့ ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန် ရှိပါကြောင်း၊ အဲဒီလိုကျောက်တုံးတော်ကြီး များကို ပင့်ဆောင်သည့် Modula  Trailar များ ထုတ်လုပ်သော ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး အရာဝတ္ထုများ ကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြု လက်မှတ်ကို ပေးအပ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အလေးချိန်အများဆုံး စကျင် ကျောက်အား ကမ္ဘာတွင်အဝေးဆုံးသော ရေလမ်းခရီးသယ်ဆောင်မှုနှင့် အဝေးဆုံး သော ကုန်းလမ်းခရီး သယ်ဆောင်မှုတို့ကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

        ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် မြေနေရာကို စနစ်တကျ လေ့လာအကွက်ချ တွက်ချက်ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတာ်ကြီးများထံ၌လည်း ဩဝါဒခံယူခဲ့ပြီး ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေး အလေးထား စဉ်းစား ဆောင်ရွက်ခဲ့ပါကြောင်း၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံကို ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဘွဲ့အမည်ကိုလည်း “မာရဝိဇယ” ဟူသည့် ဘွဲ့အမည်ကို ဆက်ကပ် ခဲ့ခြင်းဖြစ်ပါကြောင်း။

        ရုပ်ပွားတော်ကြီး ထုဆစ်ရာတွင် ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါး၊ လက္ခဏာတော်ငယ် ၈၀ ပါးတို့နှင့်ညီညွတ်စွာ ကြည်ညိုသပ္ပါယ်အောင် ထုဆစ်ပူဇော်ဖို့ ရည်သန်ခဲ့ပါကြောင်း၊ ရုပ်ပွားတော်ကြီး၏ မျက်နှာတော်အနေအထားကို အနည်း အငယ် ပြုံးနေတော်မူဟန်၊ ဖူးမြော်သူများကြည်ညိုစဖွယ်ဖူးမြင်နိုင်ရန် ဦးခေါင်းတော် ကို အရှေ့ ၇ ဒသမ ၅ ဒီဂရီ စောင်းပြီးတည်ထားပါကြောင်း၊ ဆင်းတုတော်ကြီးအား ထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ CNC စက်များနှင့် အဆင့်ဆင့်ထွင်းထုခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ဆင်းတုတော်အပိုင်းများ တွဲဆက်ရာတွင် ခိုင်မာမှုရှိစေရေးအတွက် ခေတ်မီ နည်းပညာများနှင့် ဆောင်ရွက်ထားသည့်နည်းတူ တွဲဆက်ထားသည့် ဆင်းတုတော် အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်မပါဘဲ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော်သားအင်ဂျင်နီယာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ အဆိုပါပင့်ထောင်ခြင်းလုပ်ငန်းနှင့် ပင့်ဆောင် ခြင်းလုပ်ငန်းများကို အမှားအယွင်းမရှိစေရေး ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ယခုနှစ်ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတုတော် အပိုင်း(၁၊ ၂၊ ၃)တို့ကို ရတနာ ပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကိုပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်ကို အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ပထမအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်း အနားနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒုတိယအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားတို့ကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်း လုံးမှ(၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ က ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့ပါကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိ ခံနိုင်သည့် အောက်ခံအမာ ရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှုဒဏ် ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင်အမြင့်ဆုံး လှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိမြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက် တည် ဆောက်ခဲ့ပါကြောင်း၊ ဆင်းတုတော်ကြီး၏ကျောက်တုံးတော်ကြီးများကို တွဲဆက် ခြင်းများ ဆောင်ရွက်ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီနည်းလမ်း များ ပေါင်းစပ်တည်ဆောက်ခဲ့ရာ ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန် အတိုင်း ခေတ်မီနည်းစနစ်ဖြင့်ပေါင်းစပ်ကာကြည်ညိုစဖွယ် သပ္ပာယ်လှသည့် ကမ္ဘာ့အ ကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့ပြီဖြစ်သည် ကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ လျှောက်ထားအပ်ပါကြောင်း၊ ကျောက်တုံးတော်ကြီး စတင်တူးဖော်ချိန်မှ ယနေ့အထိ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရာမှာ ပါဝင်သူ တစ်ဦးတစ်ယောက်မျှ ကြီးမားသည့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ပါကြောင်း။

        ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်ကို စကျင်ကျောက်ခင်း ရုံသာမက မန္တလေးမြို့၊ အတုမရှိ ကျောင်းတော်ကြီး ပုံစံအတိုင်း မြတ်စွာဘုရား ဟောကြားသည့် တရားတော်များအနက် အကြီးမြတ်ဆုံး ဖြစ်တော်မူသော ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးလျက် ဂန္ဓကုဋိတိုက်များကိုလည်း အဆောင်တစ်ခုနှင့်တစ်ခု အနု လက်ရာများ လုံးဝမတူညီသည့် ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူးလာ ပြည်သူများအနေဖြင့် နေပူပြင်းသည့် အချိန်များတွင် ဂန္ဓကုဋိ တိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ရင်ပြင်တော်တွင် တံခွန်တိုင်နှင့်သဒ္ဓါဓိပတိ ခေါင်းလောင်းတော်တို့ကိုလည်း ထည့်သွင်း တည်ဆောက်ထားပြီး မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရား ရင်ပြင်တော် ပေါ် တက်ရောက်နိုင်ရန် စက်လှေကားကိုလည်း ထည့်သွင်းတည်ဆောက်ထား ရှိပါ ကြောင်း၊ ဘုရားကြီးပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှရရှိသည့် ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားရှိကာ ရုပ်ပွားတော်ကြီး၏ ဘယ်ဘက်နှင့် ညာဘက်တို့တွင် လုမ္ဗိနီ အင်ကြင်းတောနှင့် ရုပ်ပွားတော်ကြီး၏ အနောက်ဘက်တွင် လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များကို စိုက်ပျိုးထားရှိပါကြောင်း။

        “ဓမ္မ၊ ဝိနယဟူသော ပိဋကတ်သုံးဖြာသည် ဘုရားရှင်ပမာ အားလုံးတို့၏ ဆရာ အဖြစ်တည်ရှိနေ၏” ဟူသော ဆရာတော်များထံမှ နာယူရသည့်ဒေသနာတော်ကို ဦးထိပ်ပန်ဆင်ပြီး ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များကို ကျောက်ထက် အက္ခရာ တင်လှူရန်စီမံခဲ့ရာတွင် ရုပ်ပွားတော်မြတ်ကြီး ရှေ့မျက်နှာစာမူရာတည့်တည့်တွင် ကျောက်စာရုံ စေတီများတည်ဆောက်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ စကျင်ကျောက် ချပ်များပေါ်တွင် ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း၍ တည်ထားဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့၊ မဟာကုသိုလ် တော် ဘုရား ကျောက်စာရုံများပုံစံယူ၍ ကျောက်စာရုံစေတီ ၇၂၀ နှင့် မော်ကွန်း ကျောက်စာ စေတီတော် တစ်ဆူတို့ကို တည်ဆောက်ခဲ့ပါကြောင်း၊ ၂ ဘာသာဖြင့် ရေးထွင်း ပူဇော်ခြင်းဖြစ်၍ ကျောက်စာချပ်ရေ ၁၄၄၀ ချပ်ရှိပါကြောင်း၊ ကျောက်စာများ ရေးထိုး ရာတွင်လည်း မှားယွင်းမှုမရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)နှင့် သီတဂူသာသနာ့ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ ဦးဆောင်မှုဖြင့် ဆရာတော်ကြီးများမှ နေ့စဉ်တည်း ဖြတ်၍ စနစ်တကျမှတ်တမ်းတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောက်စာရုံ စေတီတော်များ တည်ဆောက်ရာတွင် မြေနေရာခိုင်ခံ့မှုရှိစေရေး စနစ်တကျဖြင့် ဆောင် ရွက်ခဲ့ပြီး ကျောက်စာချပ်များအားလုံး အချိန်မီရေးထိုးပြီးစီးနိုင်ရန် CNC စက်များဖြင့် ရေးထိုးဆောင်ရွက်ခဲ့ပြီး အမှားအယွင်း မရှိစေရေးအတွက်လည်း အကြိမ်ကြိမ် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံအဋ္ဌကထာဋီကာ ကျမ်းစာများသည် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ မျက်နှာတော်မူရာတွင် တည်ရှိနေမည်ဖြစ်ပါကြောင်း၊ ပိဋကတ်သုံးပုံ ကို ကျောက်ထက်အက္ခရာတင်ရုံမျှမက ကျမ်းစာအဖြစ်လည်းရိုက်နှိပ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါ ကြောင်း။

        မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စောင့်ရှောက်ရန်အတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများရှိရန် လိုအပ်သည့်အတွက် မာရဝိဇယကျောင်းတော်ကို တည် ဆောက်ခဲ့ပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌကထာစသည့် ပိဋကတ်တော်လာအဆိုများနှင့် မဟာ ဗုဒ္ဓဝင် ကျမ်းဂန်တော်များနှင့်အညီ မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကို ပြည့်စုံစွာတည် ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပါကြောင်း။

        တပည့်တော် ဆက်လက်လျှောက်ထားလိုသည်မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ အခြံအရံကုသိုလ်တော်အဖြစ် သာသနာ့ဗိမာန်တော်ကြီးကို နိုင်ငံတစ်ဝန်း လုံးရှိ အများပြည်သူများက တည်ဆောက်လှူဒါန်းပူဇော်ထားခြင်း ဖြစ်ပါကြောင်း၊ ဆဋ္ဌသင်္ဂါယနာ တင်သည့်အချိန်ကာလတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်သော ပြည်သူများက စုပေါင်းတည်ဆောက်လှူဒါန်းခဲ့သည့် မဟာပါသာဏ လိုဏ်ဂူတော် ကြီးကို နမူနာယူ၍ ခေတ်မီဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊  အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသည် ဝိသုံဂါမသိမ်တော် ကြီးလည်းဖြစ်ပြီး သံဃာအပါး ၉၀၀၊ လူပုဂ္ဂိုလ် ၁၂၀၀ ဝင်ဆံ့၍ နိုင်ငံတော်အဆင့် သာသနာရေးဆိုင်ရာ အခမ်းအနားများကျင်းပနိုင်ဖို့ ရည်ရွယ်တည် ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထိုမျှမက ၂၅၅ ဧက ကျယ်ဝန်းသည့် ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်း၌ ရေပန်းရင်ပြင်၊ ရတနာပုံခေတ် သုဓမ္မာဇရပ် ၆ ဆောင်၊ မော်ကွန်းပြတိုက်၊ ဂေါပကရုံး အဆောက်အဦ၊ မဟာဗောဓိပင်နှင့် ဂြိုဟ်ပြေနံပြေဘုရားများ၊ မန္တလေးရတနာပုံနန်းမြို့ အဝင် မင်္ဂလာတံတားနှင့် ပုံစံတူတံတား၊အဝင်မုခ်ဦး ၂ ဆောင်၊ ဗုဒ္ဓ ဥယျာဉ်တော်မဟာရံ တံတိုင်း၊ ရုပ်ပွားတော်တက်မင်္ဂလာမုခ်ဦးကြီး ၄ စင်း၊ ရွေ့လျား စက်လှေကား ၁ စင်း၊ ယာဉ်ရပ်နားကွင်းနှင့် ၄၂ မီတာ အမြင့်ရှိသော မိုးကြိုးလွှဲတိုင် ၂ တိုင် အစရှိသော သာသနိကအဆောက်အဦမျိုးစုံတို့ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ အခြံအရံ မဟာဒါနပါရမီကုသိုလ်တော်များအဖြစ် ကမ္ဘာတည်သ၍ ဗုဒ္ဓဘာသာ သာသနာတော်ကြီး သည်လည်း ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲစေရန် ရည်သန်၍ မိမိဦးဆောင်သော အများပြည်သူများ စုပေါင်းပြီး လှူဒါန်းပူဇော်ကြပါကြောင်း ဝမ်းမြောက်ဖွယ်စကား လျှောက်ထားအပ်ပါကြောင်း။

        ကြွရောက်ချီးမြောက်တော်မူကြပါသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီး များအားလုံး သက်ရှည်ကျန်းမာစွာဖြင့် ဓုရနှစ်ဖြာသာသနာကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်တော် မူနိုင်ကြပါစေကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဗုဒ္ဓ မြတ်စွာ သာသနာတော်မြတ်ကြီးနှင့်အတူ ကမ္ဘာတည်သ၍ အဓွန့်ရှည်ကြာစွာ တည်တံ့ ဝေစည်နိုင်ပါစေကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး ဗြဟ္မစိုရ်တရားများ လက်ကိုင် ကျင့်သုံး၍ အစဉ်ထာဝရ ချမ်းမြေ့သာယာ ရှိကြပါစေကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးရန်အနှောင့်အယှက်ကင်းရှင်း၍ လျင်မြန်စွာ အေးချမ်းသာယာ တိုးတက်အောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းရင်း မိမိ၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါကြောင်းဖြင့် လျှောက်ထားတင်ပြသည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဉာဏ်တော် ၉ လက်မရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ဆိုင်ရာ သာသနိက အဆောက်အအုံတော်တို့ကို သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ သံဃာတော်များထံ သာဟတ္ထိက ဒါနမြောက်ကိုယ်တိုင်လက်ရောက် ဆက်ကပ်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ဇနီးတို့က သီတဂူဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး  တက်ရောက်လာကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများက သံဃာတော်အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က ဗိသုကာအင်ဂျင်နီ ယာများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြသည်။

ထို့နောက် ဗိသုကာအင်ဂျင်နီယာများကိုယ်စား တာဝန်ရှိသူတစ်ဦးက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို မူလအရင်းဖြစ်သည့် ဘုရားဒါယကာ၊ ဒါယိကာမများထံ ပြန် လည်အပ်နှံသည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိ သတ်များသည် သီတဂူဆရာတော်ကြီးချီးမြှင့် မြွက်ကြားတော်မူသည့် သမ္မောဒနီယ ဩဝါဒကထာကို နာယူကြည်ညိုကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ အခမ်းအနားမှူးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပူဇော်ရာတွင် အမှားအယွင်းနှင့် မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်တော်မူပါရန် တောင်းပန်လွှာစာတမ်းကို ဘုရားဒါယကာ၊ ဒါယိကာမများကိုယ်စား ဖတ်ကြား တောင်းပန်ပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာ မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

အခမ်းအနားအပြီးတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ယနေ့အခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်းပြည်ပ မှ ဆရာတော် သံဃာတော်အပါး ၉၀၀ အားဘောဇနသာလာ အဆောင် တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသည့် အလှူ ရှင်များ၊ ဧည့်ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ထို့ပြင် ညပိုင်းတွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လျှပ်ပန်းရောင်စုံ မီးပန်းစုံတို့ဖြင့် မီးရှုးမီးပန်းများ ပစ်ဖောက်၍ ကြည်ညိုသပ္ပါယ်ဖွယ်ပူဇော်ခဲ့ကြောင်းနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အဦများအား မီးရောင်စုံများဖြင့် အလင်းပေးပူဇော်ထားရှိသဖြင့် ကြည်ညို သပ္ပါယ်ဖွယ် ဖူးတွေ့နိုင်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။