နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး သို့သွားရောက်ကြည့်ရှုစစ်ဆေး၊ ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံအမှာစကားပြောကြား 

နေပြည်တော်၊ စက်တင်ဘာ – ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲဝင်များနှင့်အတူ ယနေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံ ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ အမှာ စကားပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အရေးပေါ်ကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို ကြည့်ရှု၍ ကျန်းမာရေးအခြေအနေများကိုမေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်သည်။

ထို့နောက် ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးက ဆေးရုံ၏သမိုင်းအကျဉ်း၊ အဆောက်အဦများ ဆောက်လုပ်ထားရှိမှုနှင့် လူနာဆောင်သစ်များ ဆောက်လုပ်ထားရှိမှု၊ ကင်ဆာရောဂါကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လအလိုက် ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်နေမှု၊ အထူး ကြပ်မတ်ကုသမှုများ ဆောင်ရွက်နိုင်မှု၊ ဓာတ်မှန်လုပ်ငန်းများဆောင်ရွက်နိုင်မှု၊ ဓာတ် ရောင်ခြည်ကုသမှုများ ဆောင်ရွက်နိုင်မှုနှင့် ကင်ဆာကုသခြင်းလုပ်ငန်းအတွက် စက် ကိရိယာများ ထပ်မံလိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည့် စက်ကိရိယာများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စက်ပစ္စည်းများအသုံးပြု၍ ကုသမှုများဆောင်ရွက်ရာတွင်လည်း စနစ်   တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများအနက် လိုအပ်ချက်ရှိသည့် ဆေးရုံများကို အဆင့်မြှင့်တင်မှုများနှင့်တိုးချဲ့မှုများ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နယ်မြေအတွင်းနေထိုင်သည့် ပြည်သူများ၏ လူဦးရေကို တွက်ချက်၍ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေးရုံ တိုးချဲ့တည်ဆောက်ရန်အတွက် လိုအပ်သည့် မြေနေရာများကိုလည်း စဉ်းစားဆောင် ရွက်ရန်လိုကြောင်း၊ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ၏ နေအိမ်များထည့်သွင်း တည် ဆောက်ပေးထားရန်လိုကြောင်း၊ ဆေးရုံများအတွက် လိုအပ်သည့် ပါရဂူများကို လည်း ခန့်အပ်တာဝန်ပေး ရမည်ဖြစ်ကြောင်းပြောကြား၍ ဆေးရုံ၏လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်သူတိုင်းကျန်းမာရန်လိုကြောင်း၊ ကျန်းမာမှ ပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ ငယ်ရွယ်စဉ်ကတည်းကပင် အခြေခံကောင်းများရှိရန်လိုကြောင်း၊ ထို့ကြောင့် အစားအသောက်မှအစ ဂရုတစိုက် ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ စနစ်တကျဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆေးရုံများ သည် ပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြောဆိုဆက်ဆံမှုမှအစ ကုသစောင့်ရှောက်မှု အပိုင်းများတွင်ပါ စနစ်တကျရှိစေလို ကြောင်း၊ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာတစ်ခုဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်နေရန်လိုကြောင်း၊ အညစ်အကြေးစွန့်သည့် စနစ်များကိုလည်း အနံ အသက်များကင်းရှင်းစေရေး ဆောင်ရွက်ရန်လိုကြောင်း။

ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူ များကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုများ ကောင်းမွန်နေရန်လိုကြောင်း၊ ဆေးရုံသို့လာရောက်ကုသသည့် ပြည်သူများအနေဖြင့် မိမိတို့ဆေးရုံသို့လာရောက်ချိန်တွင် အားကိုးသည့် စိတ်များ ဖြစ်ပေါ်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက် ကုသမှုပေးရာတွင်လည်း ကောင်းမွန်စွာဖြင့်ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဆေးရုံ တက်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအာဟာရများရရှိစေရေး စီမံ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးနှင့် ပတ်သက်၍နိုင်ငံတော် အနေဖြင့် တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ၏နေထိုင်မှုအဆင်ပြေရေးအတွက်လည်း တတ်နိုင်သလောက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့်တာဝန် ထမ်းဆောင်ပြီး ပြည်သူများမှအားကိုးရသည့် ကျန်းမာရေးဝန်ထမ်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စဝ်စံထွန်းဆေးရုံကြီး အဆောက်အဦများ၊ စက်ပစ္စည်းများ နှင့် ပတ်သက်သော မှတ်တမ်းစာအုပ်များအား ကြည့်ရှုပြီး တာဝန်ရှိသူများအား မှတ်တမ်း များကိုစနစ်တကျဖြင့် ထိန်းသိမ်းရန်မှာကြားသည်။

အဆိုပါ စဝ်စံထွန်းဆေးရုံကြီးကို ၁၉၅၇ ခုနှစ်တွင် ဝန်ထမ်းတပ်မဟာ အမှတ်(၁) (Rehabilitation Brigade No.1)မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ် မောင်လွင် (B.Sc Engineering)က ဦးဆောင်၍ ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၏ စီးပွားရေးနှင့် ကျွမ်းကျင်သူပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက်အဦအားလုံးအတွက် ငွေကျပ်သိန်း ၄၀ ကုန်ကျခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဇွန်လတွင် စဝ်စံထွန်းဆေးရုံကြီးအား စတင်ဖွင့်လှစ်ခဲ့ ကြောင်း၊ ပထမဦးဆုံး ဆေးရုံအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူမှာ ဒေါက်တာ စဝ်နော်ခမ်း ဖြစ်ပြီး ရှမ်းပြည်နယ်တွင် တစ်ခုတည်းသောဆေးရုံကြီးဖြစ်ခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ခဲ့ချိန်တွင် ခုတင်-၂၀၀ ဆံ့ဆေးရုံဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ခုတင်-၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။