နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ကယားပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအားတွေ့ဆုံ၍  ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၌တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊  ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ လွိုင်ကော်မြို့အတွင်း ယာယီနေရပ် စွန့်ခွာပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိမှု၊ လူနေရပ်ကွက်များအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နှစ်ရှည်ပင်များ စိုက်ပျိုးထားရှိမှု၊ ဒေသတွင်း ဆန်နှင့်ဆီဖူလုံမှု၊ သီးနှံစိုက်ပျိုးမှုများ အထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေများထုတ်ချေးပေးထားမှု၊ လွိုင်ကော်စက်မှုဇုန် ပြန်လည် ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် မြေဩဇာများနှင့် အစေ့ချ ကိရိယာများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု၊ ဒေသအတွင်း ထုတ်ကုန်များထုတ်လုပ်လျက်ရှိမှု၊ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၊ ကောလိပ်နှင့်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဌာနဆိုင်ရာ အဆောက်အအုံများအား ဦးစားပေးအလိုက် ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိမှု၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး စီမံဆောင်ရွက် ပေးလျက်ရှိမှု၊  ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ပျက်စီးခဲ့မှုနှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ လွိုင်ကော်လေဆိပ်ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ခရီးသည်ယာဉ်လိုင်းများနှင့် ကုန်တင်ယာဉ်များ ပြန်လည်ပြေးဆွဲလျက်ရှိမှု၊ ဆက်သွယ်ရေး တာဝါတိုင်နှင့် မိုဘိုင်းဆက်သွယ်ရေးစခန်းများ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ယာယီနေရပ် စွန့်ခွာပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပေးမှု၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သီရိမင်္ဂလာဈေးအသစ် ပြန်လည်တည် ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ လွိုင်ကော်မြို့အား မြို့အင်္ဂါရပ်နှင့် အညီဖြစ်စေ ရေးဆောင်ရွက်လျက်ရှိမှုနှင့် အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးရှိ ပျက်စီးခဲ့သည့် ကုသရေးအထောက်အကူပြု စက်ပစ္စည်းများ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဒေသတွင်နေထိုင်သူများက ဒေသ၏အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခြင်းသည် အလွန်ဆိုးရွားသည့်လုပ်ရပ်ဖြစ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မကြာမီကာလက လွိုင်ကော်ဒေသအတွင်း KNDF အဖွဲ့ နှင့် PDF အမည်ခံကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင် ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထို့သို့ ဆောင်ရွက်ခြင်း သည် ကယားပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်း သူများက တိုက်ခိုက်သည့်လုပ်ရပ်ဖြစ်သဖြင့် ဆိုးရွားသည့်လုပ်ရပ်များပင်ဖြစ်ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင် ကြခြင်းဖြစ်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်သည်မှာလည်း ဒေသခံများပင်ဖြစ် ကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းပင်ဖြစ်ကြောင်း။

ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်း နေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက် လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ပြည်သူများအနေဖြင့် ၎င်းတို့သက်ဆိုး ရှည်စေမည့် ကိစ္စရပ်များကိုဝိုင်းဝန်းတားဆီးဆောင်ရွက် ပေးကြစေလိုကြောင်း၊ အကြမ်း ဖက်သောင်းကျန်းသူများအနေဖြင့် မြို့ရွာများရှိ ပြည်သူလူထုများ၏ နေအိမ်များ၌ ဝင်ရောက်နေထိုင်၍ အကာအကွယ်ယူတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့ယာယီ အားဖြင့် ထိန်းသိမ်းထားသည့် မြို့ရွာများ၊ နေရာဒေသများတွင်လည်း ပြည်သူလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိတရား၊ အသိတရားများဖြင့် ရှောင်ရှားမည်ဆိုပါက သောင်းကျန်းသူအမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့် ပညာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်

ဒေသအလိုက် ပညာရေးကဏ္ဍကောင်းမွန်ပါက ဒေသဖွံ့ဖြိုးမှုများလည်း တိုး တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာရေးကဏ္ဍတွင် အားနည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့် အတိုင်း အတန်းပညာများသင်ယူချိန်တွင် သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများသည် ကလေးငယ်များ၏ ဘဝတစ်လျှောက်လုံးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒေသအတွင်း ပညာတတ်များ ပေါကြွယ်ဝ လာမည်ဆိုပါက ၎င်းတို့ဘဝအတွက် အထောက်အကူပြုစေမည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကယားပြည်နယ်အတွင်း ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် အားလုံးက ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ လွိုင်ကော်မြို့ရှိ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပြန်လည် တက်ရောက် သင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်များကိုလည်း ဖွင့် လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ပြီး အခြားမြို့များတွင် သွားရောက်ပညာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့နေထိုင်သည့်ဒေသ၌ ပြန်လည်တက် ရောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး အားလုံးက ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကို ကျော်လွန်သွားသည့် လူငယ်များအတွက်လည်း ရပ်ကွက် အလိုက်၊ ကျေးရွာအလိုက် စာကြည့်တိုက်များတွင် စာဖတ်နိုင်ရေးဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ဗဟုသုတများတိုးပွားလာမည်ဖြစ် ကြောင်း။

ကျန်းမာရေးမြှင့်တင်မှုနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ပြည်သူ့ဆေးကုသ မှုမြှင့်တင်ရေးလုပ်ငန်းများကို လွိုင်ကော်ဒေသတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင်လည်း မိမိကိုယ်တိုင် လာရောက်၍ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း၊ ယခုအခါတွင်လည်း နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့် ညီညွတ် သည့် နေထိုင်စားသောက်မှုပုံစံဖြစ်ရန်လိုကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် သောက်စားမှုများ၊ စားသောက်မှုများမဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် တစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည် ဖြစ်ပြီး ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး အသိဖြင့် အကျိုးရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူတကွဝိုင်းဝန်းဆောင်ရွက်

လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ၊ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ် များကို ပြန်လည်ပြင်ဆင်ပေးမည် ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ ကို ဦးစားပေး၍ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က တည်ဆောက်ပေး သကဲ့သို့ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသကို မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ကိုယ်စီထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပြည်နယ်ယဉ်ကျေးမှုပြတိုက်ရှိပစ္စည်းများကို ယူဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများ ဆောင်ရွက် သွားသည်ဟု သိရကြောင်း၊ ဖြစ်ပေါ်နေသည့်အခြေအနေများကို သင်ခန်းစာယူ၍ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အစိုးရတစ်ခုတည်းသာမက ဒေသခံပြည်သူလူထုမှလည်း အတူတကွ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်၍ လုပ်ငန်းတာဝန် ထမ်းဆောင်နေမှုကို မိမိအနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုချီးကျူးပါကြောင်း။

မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောက်တို ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်း၌လည်း သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရွေး ကောက်ပွဲမကျင်းပမီ ကြိုတင်ပြင်ဆင်သည့်ကာလအတွင်း ကိုယ်စားလှယ်လောင်းများ အနေဖြင့် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုများ ရရှိအောင် ဆောင်ရွက်ကြရသည်ဖြစ် ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကယားပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေအိမ်အဆောက်အဦများ၊ လမ်းတံတားများကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးထားမှုများ၊ ပြည်သူများ အနေဖြင့်အေးချမ်းစွာဖြင့် ပုံမှန်သွားလာလုပ်ကိုင် နေထိုင်လျက်ရှိမှုများကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအား အဆင့်မြင့်သီရိမင်္ဂလာဈေး အသစ်အဖြစ် တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတစ်ဦးက ဈေးအသစ် ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်၏မြို့တော်ရှိ ဈေးဖြစ်သဖြင့် တည်ဆောက်ရာတွင် အဆင့်မီ သည့်ဈေးကြီးတစ်ခုအဖြစ် တည်ဆောက်နိုင်ရေး စနစ်တကျဒီဇိုင်းရေးဆွဲတည်ဆောက် သွားရန်လိုကြောင်း၊ ဆိုင်ခန်းများ၊ ကားရပ်နားရန်နေရာများ စနစ်တကျတည်ဆောက် ရန်နှင့် ရေပေးဝေမှုစနစ်များ၊ အမှိုက်စွန့်ပစ်မှုစနစ်များ စနစ်တကျရှိစေရေး ကြိုတင်တွက်ချက်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ကျက်သရေဆောင် သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်ကြီးအတွင်းရှိဗုဒ္ဓရုပ် ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် စေတီတော်ကြီးရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေး ထိုးပြီး စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူငွေများ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော်ကြီး ရှိခေါင်းလောင်းတော်အား ထိုးခတ် ပူဇော်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။