နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော်၊ စက်တင်ဘာ – ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၆)၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်               ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်  နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် နှစ်စဉ် ဦးစီးဦးဆောင်လုပ်ပြီး ကျင်းပဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ဒေသအလိုက်၊ ဌာနအလိုက် မိုးရာသီသစ်ပင်စိုက်ပွဲများကို ပြုလုပ်လျက် ရှိကြောင်း၊  သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိသက်ရှိများ ရှင်သန်ရပ်တည် ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝ ဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး စသည့် တိုက်ရိုက်အကျိုးကျေးဇူးများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုး ပေးလျက်ရှိကြောင်း။

“မိုးပေါ်ကရေ၊ မြေပေါ်ကတော၊ မိုးရေကို ငွေလိုစု၊ ရွှေဥတဲ့ တော” ဆိုသည့် အတိုင်း သစ်ပင်သစ်တောများသည် ရေအရင်းအမြစ်များ၊ ရေသယံဇာတများကို ထိန်းသိမ်းပေးသည့်အတွက် အလွန်အဖိုးတန်လှကြောင်း၊ သစ်ပင်များ၏ အမြစ်များ သည် မြေဆီလွှာကို ကုတ်တွယ်ထိန်းသိမ်းထားပြီး ရွက်အုပ်ပင်စည်များနှင့်အတူ မြေပြင်တွင် ရေစီးဆင်းမှု၊ ရေစိမ့်ဝင်မှုများကို ထိန်းချုပ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် သဘာဝရေစစ်ကန်၊ ရေလှောင်ကန်များသဖွယ် အကျိုးပြုလျက်ရှိပြီး စားရေ ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိကြောင်း။

ရေချိုအရင်းအမြစ်များဖြစ်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ဆည်တာတမံ များ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသရှိ သစ်ပင်သစ်တောများကို ထိန်းသိမ်း ရန် လိုအပ်ကြောင်း၊ “ဆည်မြောင်းချောင်းကန် ရေပြည့်လျှံ ၊ သစ်ပင်ရံမှ သဏ္ဍာန်လှပ မြဲထာဝရ” ဆိုသည့်အတိုင်း  သစ်ပင်သစ်တောများရှိမှသာ မြေတိုက်စားမှု၊ ရေတိုက်စား မှုများမှ ကာကွယ်ပြီး ဆည်များရေရှည်တည်တံ့စေမည်ဖြစ်ကြောင်း၊ လတ်တလော ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုများသည် ရေဝေရေလဲသစ်တောများ အကြောင်း အမျိုးမျိုးကြောင့် ပြုန်းတီးပျက်စီးခြင်း၊ နုန်းအနည်အနှစ်များ ပို့ချမှုများခြင်း၊ ရေစီး ရေလာများ ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ပျက်စီးခြင်း၏ အကျိုးဆက်များပင် ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရန် ၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိစေရန်၊ အပူဒဏ် လျော့ပါးသက်သာစေရန် ၊ ကျေးလက်နေ ပြည်သူများအတွက် ထင်း၊ တိုင်၊ မျောစသည့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် သစ်တောစိုက်ပျိုးရေးကို မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေးအတွက် အမြဲမပြတ် ပြုစုထိန်းသိမ်း စောင့်ရှောက်ရန်လည်း အလွန်အရေးကြီးကြောင်း။

ယခုနှစ်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကို လေ့လာကြည့်ပါက ယခင်ကတစ်ခါတစ်ရံသာ ရေကြီးခဲ့သည့် မြို့များ၌ ယခုအခါ နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများ ကြုံတွေ့လာရသည်ကို တွေ့ရကြောင်း၊ သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်ကြောင်း၊  လူသာလျှင် ပဓာနဖြစ်သည့်အတွက် သဘာဝသစ်တော များ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ တောနိမ့်တောပါး နေရာများတွင် သစ်တော စိုက်ခင်း တည်ထောင်ခြင်း၊ ရေဝေရေလဲဧရိယာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို   စနစ်တကျ ဆောင်ရွက်သွားကြမယ်ဆိုရင် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကိုထိရောက်စွာကာကွယ်လျော့ချသွားနိုင်မည်ဖြစ်ကြောင်း။

“သစ်တောများသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန် အကျိုးစီးပွားနှင့် အနာဂတ်ဖွံ့ဖြိုးမှု” ဟု ဆိုသည့်အတိုင်း သဘာဝသယံ ဇာတအမွေအနှစ်ဖြစ်သည့် သစ်တောများကို အားလုံးဝိုင်းဝန်းထိန်းသိမ်း ပြုစုစောင့်ရှောက်မှသာ နောင်သားစဉ် မြေးဆက်အတွက် စိမ်းလန်းစိုပြည်ပြီး သဘာဝအရင်းအမြစ်များကြွယ်ဝသည့် ပတ်ဝန်း ကျင်ကောင်းတစ်ခုကို လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်ကြောင်း။

နိုင်ငံအဝန်း မြို့ပြများနှင့် ရပ်ရွာ၊ ကျေးလက်ဒေသ အသီးသီးတွင် စိမ်းလန်း စိုပြည် သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သစ်တော မြေယာရှုခင်း Landscape များကို စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထား ဆောင်ရွက်ပေးကြရန်၊ နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာ ဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ် သွားကြရန်တိုက်တွန်းလို ကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပျိုးပင်များကို တစ်ပြိုင် တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ၂၀၂၄ ခုနှစ် တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူများက ပျိုးပင်များအား  တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ နိုင်ငံအဆင့် သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇၆၇၇ ပင်၊ နိုင်ငံနှင့်အဝန်း သစ်ပင်စိုက်ပွဲတော် ၁၅၈၄ ကြိမ်၊ စိုက်ပင်ပေါင်း ၁ ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင် စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိရာ၌ ယခုနှစ် အပါအဝင် နိုင်ငံအဝန်း သစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။