နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် Naypyitaw State Academy သို့ ရောက်ရှိကြပြီး တက္ကသိုလ်ပရိဝုဏ် အတွင်း ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ တက္ကသိုလ်အတွင်း ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များ ဆောက်လုပ်လျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး တက္ကသိုလ် ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပစေရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Naypyitaw State Polytechnic University သို့ရောက်ရှိကြပြီး  ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ အဆောက်အဦများဆောက်လုပ်လျက်ရှိမှုနှင့် ဘောလုံးကွင်း တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ဗုဒ္ဓဂယာ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ် ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်ကြီး ဘက်စုံပြုပြင် မွန်းမံရန်အတွက် စုပေါင်းအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။ ထိုနောက်  မြတ်ဗုဒ္ဓ၏ မဇ္ဈိမခရီးစဉ်မှတ်တမ်း ဓာတ်ပုံများ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ငြိမ်းချမ်းရေးခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မုစလိန္ဒာရေအိုင်နှင့် နဂါးရုံဘုရား၊ မြတ်စွာဘုရား တရားဦးဟော တော်မူရာ ဣသိပတန မိဂဒါဝုန်တော၊ မြတ်စွာဘုရား မဟာပရိနိဗ္ဗာန်စံဝင်တော်မူရာ အင်ကြင်းတောနှင့်မြတ်စွာဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တော် တို့ကို လှည့်လည် ဖူးမြော်ကြည်ညို၍ သံဃာတော်များ နားနေဆောင်များနှင့် ဓမ္မာရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် စေတီတော်ကြီး ပရိဝုဏ်တော် အတွင်း ခြုံနွယ်ပေါင်းမြတ်များ မရှိစေရေးဆောင်ရွက်ရန်၊ အမြဲသန့်ရှင်း သာယာလှပ နေစေရေး ဆောင်ရွက်ရန်၊ စေတီတော်ကြီးနှင့် အခြားအဆောက်အဦများ ရေရှည်တည်တံ့ စေရေး စနစ်တကျပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားရန်၊ သံဃာတော်နားနေဆောင် များ သန့်ရှင်းမှုရှိနေစေရေး ဆောင်ရွက်ရန်၊ ဓမ္မာရုံကြီး၏ မျက်နှာကျက်နှင့် ကြမ်းခင်း ပျက်စီးနေမှုများအား စနစ်တကျပြုပြင်ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဝဇီရာနန္ဒသုဗောဓာရုံ ကျောင်းတိုက်၊ ဝဇီရာဓမ္မဇောတိကာ သိမ်တော်ကြီးသို့ ရောက်ရှိပြီး သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် ကျောင်းထိုင်ဆရာတော် ဝိနယဓရ၊ ဥဘတောဝိဘင်္ဂ ကောဝိဒ၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဘဒ္ဒန္တ ဇောတိဝရ အား ဖူးမြော်ကြည်ညို၍ စာသင်သံဃာများ စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းအတွက် လိုအပ်ချက် များကို မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။