နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ – ၉

 ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိ အားကစား ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ် ချီးမြှင့်သည်။

အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစား ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာနကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ် အနယ်ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးချိန်အထိ ဂိုးရရှိခဲ့မှုမရှိဘဲ ဒုတိယပိုင်း ပွဲကစားချိန် ၆၈ မိနစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်း က အနိုင်ဂိုးကိုသွင်းယူရရှိခဲ့ကာ ပွဲကစားချိန် ပြီးဆုံးချိန်တွင် ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ  ပြိုင်ပွဲတွင် အကောင်းဆုံး(ဂိုးသမား)ဆုနှင့် အကောင်းဆုံး(နောက်တန်း)ဆုကို ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ နှင့် ဦးကိုကိုလှိုင်တို့ကလည်းကောင်း၊ အကောင်းဆုံး (အလယ်တန်း)ဆု ၊ အကောင်းဆုံး(ရှေ့တန်း)ဆု ၊  ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ခွန်စံလွင်၊ ဒေါက်တာ ဘရွှေတို့က လည်းကောင်း တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ကောင်စီအဖွဲ့ဝင် ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က စတုတ္ထဆု ရရှိသည့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ကိုယ်စားပြုအသင်းကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က တတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုအသင်းကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ က ဒုတိယဆုရရှိသည့် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းကို လည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့် သည်။

ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစား သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာဝန်ကြီး ဌာနကိုယ်စားပြု တက္ကသိုလ်များ ဘောလုံးအသင်း( ခုနစ်သင်း) တို့ပါဝင်ပြီး ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။