၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ – ၂၅

အားကစားကဏ္ဍတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ပြီး လူသားအရင်း အမြစ်အား တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြု လုပ်သည့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်း အနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ် ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်(ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက် နေရာယူပြီး စစ်ရေးပြမှူးကြီးဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများနေရာယူကြသည်။ ထို့နောက် ၂၀၂၄  ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းတို့က ဖွင့်ပွဲစာတမ်းပါ မိုးပျံပူဖောင်းများအား ဖဲကြိုးဖြတ်၍ လွှတ်တင် ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားသမား များ၏ အလေးပြုခြင်းကိုခံယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပနေခြင်းသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေး စင်အားကစားသမားများမှနိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစား သမားများအဖြစ်ကို တက်လှမ်းနိုင်စေရန်ရည်ရွယ်ကျင်းပနေခြင်းဖြစ်သကဲ့သို့ မျိုးဆက် သစ် လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည် ရွယ်မွေးထုတ်ပေးနေခြင်းလည်း ဖြစ်ကြောင်း။

အားကစားဟူသည်မှာ ခွန်အားနှင့် ဉာဏ်ရည်ကိုအသုံးပြုပြီး လှုပ်ရှား ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ အားကစားလုပ်ဆောင်ခြင်းကြောင့် လူတစ်ယောက်၏ ခန္ဓာ ကိုယ်အစိတ်အပိုင်းအသီးသီးကို  ကြံ့ခိုင်သန်စွမ်းစေရုံမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်ဖွံ့ဖြိုးစေကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုနှုန်း မြင့်မားချိန်ကာလ မှအပ နှစ်စဉ်ပုံမှန် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တပ်မတော်သားများ၏ တစ်ဦးချင်း အပြင် အဖွဲ့လိုက်ယှဉ်ပြိုင်ရသည့် အားကစားနည်း(၁၀)မျိုးကို ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေး အဖွဲ့နှင့် တပ်မတော်အားကစားကော်မတီတို့ကို ဖွဲ့စည်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အရည်အသွေးမြင့် တပ်မတော်သားအားကစားသမားများ မွေးထုတ်ပေးလျက်ရှိ ကြောင်း၊ ထို့ပြင် နှစ်စဉ်အားကစားပြက္ခဒိန်ကို ရေးဆွဲထားရှိပြီး တိုင်းစစ်ဌာနချုပ် များအလိုက် သတ်မှတ်ပြိုင်ပွဲများကို ကျင်းပခဲ့သောကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများအတွက် သွေးသစ်လောင်းနိုင်သည့် အားကစားသမား ကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်နေခြင်းလည်းဖြစ်ကြောင်း။

အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခြင်း ပင်ဖြစ်သောကြောင့် နိုင်ငံတော်၏လူသားအရင်းအမြစ်ကို တိုက်ရိုက်သက်ရောက် ဖွံ့ ဖြိုးတိုးတက်စေသည့် အဓိကအကြောင်းရင်းခံတစ်ရပ်လည်းဖြစ်ကြောင်း၊ တပ်မတော် သားအားကစားသမားများသည် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ဒေသတွင်းပြိုင်ပွဲ များတွင် အဆင့်အတန်း ပြည့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြသည့်အပြင် နိုင်ငံ့ဂုဏ် ဆောင်နိုင်သည့် ဆုတံဆိပ်အသီးသီး ဆွတ်ခူးရရှိနေကြသည်ကိုလည်း တွေ့ကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ် ထက်သန်ပြင်းပြမှုတို့လိုအပ်ကြောင်း၊ အချင်းချင်း စည်း စည်းလုံးလုံး၊ အပြန်အလှန်နားလည်မှုရှိသည့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် စုပေါင်းဖေးကူ ဆောင်ရွက်နိုင်စွမ်းရှိရန်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ တပ်မတော်သား တပ်ဖွဲ့ဝင် အဆင့်အတန်းတိုင်းသည် နိုင်ငံ့လိုအပ်ချက်အရ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်း အပေါ် ကျရောက်လာသည့် နိုင်ငံ့တာဝန်မှန်သမျှကို အပြည့် အဝဆုံးသော ခွန်အား၊ အထက်မြက်ဆုံးသော စွမ်းဆောင်ရည်များဖြင့် ကျေပွန်အောင် မြင်အောင် ထမ်း ဆောင်သွားနိုင်ရန်လိုကြောင်း။

ယခုကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲသည်လည်း နိုင်ငံတော်ကချမှတ် ထားသော လူမှုရေး ဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တိုင်းစစ်ဌာနချုပ်၏ ဂုဏ်ကိုဆောင်နိုင်သူ အားကစား သမား ဖြစ်ရမည် ဟူသည့် ရည်မှန်းချက်ထား ယှဉ်ပြိုင်သွားကြရန်၊ ရှိပြီးဖြစ်သည့် ကာယ၊ ဉာဏစွမ်းအားများကို ရေကုန်ရေခန်းထုတ်ဖော်ပြသပြီး တပ်မတော် ဂုဏ်ဆောင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အဆင့်ထိရောက်အောင် ကြိုးပမ်းသွား ကြရန်၊ ကာကွယ်ရေးတာဝန် ကျေပွန်သည့် တပ်မတော်သားကောင်းအဖြစ်သာမက တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် မလျော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်၍ အလံတော်အဖွဲ့နှင့်အတူ ပြိုင်ပွဲဝင် အသင်းများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုထွက်ခွာကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် နေပြည် တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။ အဆိုပါ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက်ရလာဒ်ကောင်းရရှိနိုင်ရေး အပြန်အလှန် ဖိအားပေး ကစားခဲ့ကြသော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြုအသင်းက အချိတ်အဆက်မိမိ၊ ကစားကွက်မိမိဖြင့် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ကစားနိုင် ခဲ့သောကြောင့် ပွဲကစားချိန်မိနစ်အားလုံးပြီးဆုံးချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း ကို ၄  ဂိုး  ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ကရာတေးဒို ပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲ၊ မြန်မာ့သိုင်း(ကျား/မ)ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို(ကျား/မ)ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ နှင့် တိုက်ကွမ်ဒိုပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲ ၁၀ မျိုးအား အောက်တို ဘာ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။