၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၂၇

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်း မှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားအဖွဲ့ အစည်းကိုယ်စားလှယ်များ၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး ရရှိနိုင်သည့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုး ကျေးဇူးများကို ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်း အဖွဲ့ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ ပဋိညာဉ်ကို အတည်ပြုခဲ့သည့် ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ယခုရက်၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားများကို ကျင်းပလျက်ရှိကြကြောင်း။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်အလိုက် ဆောင်ပုဒ်များသတ်မှတ်၍ ကျင်းပခဲ့ပြီး ယခုနှစ်အတွက် “ခရီးသွားနှင့်ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး – Tourism and Peace ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဂျော်ဂျီယာနိုင်ငံ၊ ထရီဗီလီဆီမြို့၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်း အနားကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပလျက်ရှိကြောင်း။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အပြည်ပြည်ဆိုင်ရာ နားလည်မှုရရှိစေရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လူ့အခွင့် အရေးကို လေးစားရေး၊ လူမျိုးရေးခွဲခြားမှုကင်းသည့် အခြေခံလွတ်လပ်ခွင့်ရရှိရေး၊ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် တန်းတူအခွင့်အရေးရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၁၉၇၆ ခုနှစ်တွင် “ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO)” ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယနေ့အချိန် တွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ၊ တွဲဖက်အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်း ၅၀၀ ကျော်တို့ပါဝင်ကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး “ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)” ဟု အမည် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံး ဝန်ဆောင်မှုလုပ်ငန်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စာရင်းဇယားများအရ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ အချိန်က ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ခရီးသည်စုစုပေါင်း      ၁ ဒသမ ၅ ဘီလီယံ လှည့်လည်သွားလာခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံ ရရှိခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ GDP တွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်း ၃၃၀ ကို ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း။

ခရီးသွားလာမှုမှတစ်ဆင့် မတူညီသည့်နိုင်ငံများ၊ လူမျိုးများ၏သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံများကိုသိရှိပြီး လေးစားလိုက်နာ ခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ ကမ္ဘာ့နိုင်ငံများအချင်းချင်း ခရီးသွားလာမှုပူးပေါင်း ဆောင်ရွက်ခြင်း၊ ခရီးသွားအတွေ့အကြုံများမှတစ်ဆင့် ကမ္ဘာကြီးငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေးရရှိစေရန် ကမ္ဘာပေါ်ရှိ နိုင်ငံအများ အပြားတွင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ယနေ့မျက်မှောက်ကမ္ဘာကြီး တွင် အရေးအကြီးဆုံး လိုအပ်သည့်အရာများမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင် အားလုံးစုပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရကြောင်း။

အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင် ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် ပေါင်းစည်းနေထိုင် ကြကြောင်း၊ အရှေ့တောင်အာရှဒေသတွင် မဟာဗျုဟာမြောက်တည်ရှိပြီး မပျက်စီး သေးသည့် ကမ်းခြေခရီးစဉ်ဒေသများ၊ မြင့်မားသည့်တောင်တန်းများ၊ ကျွန်းစုများနှင့် မြေဩဇာကောင်းသည့်လွင်ပြင်များ ကြွယ်ဝသည့်နိုင်ငံလည်း ဖြစ်ကြောင်း၊ ထို့ပြင် ထူးခြားသည့်သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ပိုမိုလာ ရောက်လည်ပတ်ကြရန် ဆွဲဆောင်နိုင်သည့်အရာများပင်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုကို ကြည့်မည် ဆိုပါက ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမငါးလအတွင်း ငါးသိန်းကျော် ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရသည့် အတွက် ယခင်နှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့် နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက် ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြု စေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်  အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိ လိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက် ရာတွင် လက်တွေ့ကျပြီး ဖြစ်နိုင်သည့်လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားခေါင်းဆောင်များ ကိုယ်တိုင် ကလည်း နိုင်ငံတော်အစိုးရနှင့် လက်တွဲပြီး ဒေသဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများတွင် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်ဆိုပါက တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးသည် လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝကို ပြန်လည်ထူထောင်နိုင်မည် ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး၏ အရသာနှင့် အသီးအပွင့် များကို ရရှိခံစားလာနိုင်မည်ဖြစ်ခြင်းကြောင့် လက်ရှိဆူပူအကြမ်းဖက်မှုများ လျော့နည်း ပပျောက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း။

ဝန်ကြီးဌာနနှင့် ခရီးသွားအဖွဲ့အစည်းများအနေဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင် ဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေရာ တွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည် လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်များကို ခရီးသွားဧည့်သည်များထံ အချိန်တိုတိုအတွင်း ထိထိရောက်ရောက်သိရှိစေမည့် နည်းလမ်းများကို အသုံးပြု ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ဆောင်ရွက်သူများ ကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး” ဟူသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ခရီးသွားလုပ်ငန်းကဏ္ဍ ဆောင်ရွက်သူတွေအားလုံး နိုင်ငံတော် အစိုးရနှင့်ပူးပေါင်းပြီး တက်ညီလက်ညီ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကားရုပ်သံဗီဒီယိုနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ချက်များ Video Clip ကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Short Video ပြိုင်ပွဲနှင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်  ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများကို လည်းကောင်း၊  ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့်  တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသအလိုက်ပြခန်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှ ပြသထားသည့်ပြခန်းများ၊ ဝန်ကြီးဌာနအလိုက်ပြခန်းများနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုပြခန်းများကို စိတ်ပါဝင်စား စွာဖြင့်လှည့်လည်ကြည့်ရှုခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။