ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏  ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ – ၂၇

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်း မှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ယနေ့တွင် ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကအမှာစကားပြောကြားရာတွင်  သစ်ပင်သစ်တောများရှိခြင်းသည် မိမိတို့ နေထိုင် သည့် ပတ်ဝန်းကျင်သာယာလှပမှုကို ဖြစ်ပေါ်စေပြီး လူနှင့် သက်ရှိတို့အတွက် ကောင်း ကျိုးများကို ရရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတွင် မိုးရာသီတစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ်ပြုလုပ်၍ စိုက်ပျိုးနေခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် စဉ်ဆက်မ ပြတ် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

လက်ရှိကာလတွင် ကမ္ဘာတစ်လွှား၌ ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးခေါင် ခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည့် သဘာဝဘေးဒဏ်များ မကြာခဏ ကြုံတွေ့နေကြရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်မှုကို ရှောင်လွှဲ၍ရနိုင်မည်မဟုတ်သော်လည်း ထိခိုက်ပျက်စီး မှုအနည်းဆုံး ဖြစ်စေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်း၊ သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်းတို့ဖြင့် ကြိုတင်ကာကွယ်မှု များကိုပြုလုပ်နိုင်ကြောင်း။

၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ပျက်စီးမှုအများဆုံးကြုံတွေ့ခဲ့ရ သည့် ရခိုင်ပြည်နယ်နှင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေတို့တွင် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများသည် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်ပြီး အစားထိုး၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေ ဝင်ရေထွက် ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြေရေး တို့အတွက် ရှေးဟောင်းရေကန်များပြန်လည်တူးဖော်ခြင်း၊ ရေထုတ်စနစ်များဖော် ဆောင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခဲ့သဖြင့် ယခု မိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ထိခိုက် ပျက်စီးမှုနည်းပါးခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျ ဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ကို သာဓကအဖြစ်တွေ့မြင်နိုင်ကြောင်း။

မိမိတို့နိုင်ငံရှိ မြစ်ချောင်းများ၏ မြစ်ဖျားပိုင်းနှင့် အထက်ပိုင်းများ၌ရွှေနှင့် သတ္တုတူးဖော်ခြင်း၊မြစ်ကမ်းနံဘေးရှိသစ်များအား အလွန်အကျွံခုတ်ယူခြင်းများကြောင့် သဲနုန်းများရေစီးကြောင်းအတိုင်း တဖြည်းဖြည်းစီးဆင်း ဝင်ရောက်လာကာ သောင် ထွန်းခြင်းများ နှင့် Bed Level မြင့်တက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေလမ်းကြောင်း ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့် မြစ်ချောင်းများအတွင်း သဲနုန်းများပို့ချမှု များပြားလာခြင်းသည် ရေကြီးရေလျှံမှုများကိုပိုမို ဖြစ်ပေါ်စေကြောင်း။

မကြာမီက ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်း မှုဖြစ်ပေါ်ခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများတစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ် ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများအနက် အဆိုးဆုံးထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်းဖြင့် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ရေစီးကြောင်းနှင့်အတူ မျောပါလာ သည့် သစ်လုံးကြီးများကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း ။

သစ်တောတစ်ခုကိုဖန်တီးမည်ဆိုပါက အနည်းဆုံးဆယ်နှစ်နှင့် အထက်ကြာမြင့် မည်ဖြစ်ပြီး မိမိတို့ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးရလာဒ်ကို နောင်အနာဂတ်မျိုးဆက်သစ်များက ခံစားကြရမည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သစ်ပင်များစိုက်ပျိုးရာတွင် “တစ်ပင် စိုက်လျင် တစ်ပင်ရှင်ရမည်” ဆိုသည့်အတိုင်း ရှင်သန်အောင်စိုက်ပျိုးသွားကြရန်နှင့် ရေရှည်ဆက် လက်ကြီးထွားလာစေရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ညှိနှိုင်းကွပ် ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ အခမ်းအနားတက်ရောက် လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများနှင့်အတူ သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို အတူတကွစုပေါင်းစိုက်ပျိုးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်း သစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည် ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၁,၂၂၅  ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင် စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၁ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံ ပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၁,၂၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၂၁,၅၇၃  ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရ လေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၉,၂၆၅ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၈၅၄ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၁,၇၀၉ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၂,၆၃၀ ပင်၊ တြိဂံဒေသတိုင်း စစ် ဌာနချုပ်၌ ၂၅,၆၈၅ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၀,၈၃၀ ပင်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၌ ၂၄,၆၁၅ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၂၂,၉၆၉ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၁၀,၉၁၆ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၅၁၅ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၁၂,၈၈၇ ပင်၊ အလယ်ပိုင်းတိုင်း စစ် ဌာနချုပ်၌ ၃၀,၉၅၉ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၇,၃၃၅ ပင်တို့ကို တိုင်းမှူး များနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာန ချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ စုစုပေါင်းသစ်ပင် ၂၂၁,၅၇၃ ပင်ကို စိုက်ပျိုးခဲ့ ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။