နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား             

နေပြည်တော်၊ အောက်တိုဘာ – ၁

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး တာဝန်ထမ်းဆောင်ရင်းကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြုသောအားဖြင့် (၁)မိနစ်ငြိမ်သက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်းပြောကြားရာတွင် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြကြောင်း တော်လှန်ရေးကောင်စီခေတ် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့” ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲ့နေ့အဖြစ်လည်း စတင်သတ်မှတ် ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဟုပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ နှစ် ၆၀ ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

တို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေးတို့ကို အလေးထားဆက်လက် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်နှင့်အတူ အကြမ်း ဖက်မှုချေမှုန်းရေးကိုလည်း ပြည်သူနှင့်အတူလက်တွဲပြီး ဆောင်ရွက်ရန် အလေးထား မှာကြားလိုကြောင်း။

ထို့ပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် ပြစ်မှု များမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများ စုံစမ်းဖော်ထုတ် တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေ၀ပ်တည်ငြိမ်ရေး၊ ပြည်သူလူထု လုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ဆိုသည့်လုပ်ငန်း တာဝန် ()ရပ်ကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော် မှုခင်း များကို တားဆီးနှိမ်နင်းရာတွင် သတင်းလက်ဦးမှုရယူ ဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်း ၅ နိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices-BLOs) ကွန်ရက်စနစ်တည်ထောင်ပြီး သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေး ညီ အပြန်အလှန် မျှဝေဖလှယ်နိုင်ရေးအတွက် BLO အစည်းအဝေးများကိုလည်း အခါ အားလျော်စွာစဉ်ဆက်မပြတ်ကျင်းပပြုလုပ်ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၄,၄၃၃ ဦးတို့ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင် ရေး “Operation 39/24 (2024)” ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး မူးယစ် ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၃,၈၃၂ မှု၊ တရားခံ ၅,၂၈၆ ဦး၊ စုစုပေါင်း တန်ဖိုးငွေကျပ်ဘီလီယံ ၇၅၀  ကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ်ကို ပြဋ္ဌာန်း ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ လူကုန် ကူးမှု ၂၇ မှုမှ တရားခံ ကျား ၃၀ ဦး၊ မ ၆၆ ဦး၊ စုစုပေါင်း ၉၆ ဦး အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ကျား ၅ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၄၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ဒေသတွင်း လူကုန်ကူးမှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေးစီမံကိန်း များတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ထိရောက် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

တပ်ဖွဲ့ဝင်များ၏တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိ အမှတ်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများ အပေါ်တွင်လည်း ဂုဏ်ယူလေးစား အသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁  ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁  ရက်နေ့အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့ရာတွင် ရဲသူရတံဆိပ် ၁၀ ဦး၊ ရဲဗလတံဆိပ် ၁၃၂ ဦး၊ ရဲကျော်သူတံဆိပ် ၂ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁ ဦး၊ ရဲမှုထမ်းကောင်း တံဆိပ် ၃၈၉ ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၇၈၆ ဦး၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင် တံဆိပ် ၂၇၆၅ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၆၇ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၅၇ ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ် ၅၆၄၂ ဦး၊ စုစုပေါင်း ၉၈၅၁ ဦးကို ချီးမြှင့်ပေးခဲ့ကြောင်း။

ပြည်ထောင်စုတစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှုမရှိအောင် ကြိုတင်ကာကွယ်ရေး၊  ပြစ်မှုကျူးလွန်ပါကလည်း တရားခံများကို ချက်ချင်းစုံစမ်း ဖော်ထုတ်ဖမ်းဆီးပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးတို့ကို တရား ဥပဒေနှင့်အညီ စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သစ္စာ၊ သမာဓိ၊ သတ္တိ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူကအထင်ကြီးလေးစားပြီး ဂုဏ်ယူအားကိုးရသည့် စွမ်းရည်ရှိသည့် ရဲတပ်ဖွဲ့ဖြစ်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းထမ်းဆောင်သွားကြရန် အထူးတိုက် တွန်း မှာကြားလိုကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်များ နှင့် တည်ဆောက်ရာတွင် အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓါတ် ကောင်းမွန်ရေး၊ စွမ်းရည်ပြည့်ဝရေးနှင့် တာဝန်ကျေပွန်ရေး စသည်များကို စဉ်ဆက် မပြတ်ဆက်လက် ခံယူလေ့ကျင့် ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုနှင့် ကျေပွန်စွာထမ်းဆောင်ရင်း ဂုဏ်သိက္ခာမြင့်မားပြီး ပြည်သူက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ တို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၆)ရပ်တို့ကို အောင်မြင်အောင် ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် ၃ ဦးကိုလည်းကောင်း၊ ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် ၂ ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် ၁ ဦးကိုလည်းကောင်း ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နှစ်(၆၀)ပြည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်း ပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရုပ်လုံးရုပ်ကြွများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာဆိုင်ရာပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရေးစက်များနှင့် ပြခန်းများအတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။