နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီချုပ်များ အစည်းအဝေးသို့တက်ရောက်မည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံ     

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားပြီး အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်                                               

နေပြည်တော်၊ အောက်တိုဘာ – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြု လုပ်သည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief’s Meeting) သို့ တက်ရောက်ကြမည့် အာဆီယံရေတပ်အကြီးအကဲများ နှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး (၁၈)ကြိမ် မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့တက်ရောက်ကြမည့် ဘရူးနိုင်း နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံဒေသအတွင်း ပင်လယ် ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်း ဆောင်ရွက်သင့်သည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး မှုများကို ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအတွေ့ အကြုံများကို အပြန်အလှန်ဖလှယ်နိုင်ရေးကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် တွင် အာဆီယံရေတပ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက နိုင်ငံအလိုက် တစ်ဦးချင်းမိတ်ဆက်ကြပြီး အစည်းအဝေးလာရောက်စဉ်နှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံ အနေဖြင့် ဧည့်ဝတ်ကျေပွန်စွာဖြင့် စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ (၁၈)ကြိမ် မြောက် အာဆီယံရေတပ် ဦးစီးချုပ်များအစည်းအဝေး ကျင်းပပြုလုပ်သွားမည့်အခြေ အနေများ၊ မြန်မာနိုင်ငံနှင့် အာဆီယံရေတပ်များ အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားကြောင်း၊ ဆက်လက်၍ အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မြဲအောင်တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့်(၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး သို့ တက်ရောက်လာကြသည့်အတွက် လည်း ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊  အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။