နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ‌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ – ၁၄

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆိုင်းဘုတ်အား စက်ခလုပ် နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကိုစတင်ကျင်းပရာ ပြည်ထောင်စုဖွား တိုင်း ရင်းသားတို့၏ တိုင်းရင်းသားတူရိယာရိုးရာသံစုံတေးဂီတအဖွဲ့၏ စုပေါင်းတီးခတ် ဖျော်ဖြေမှုဖြင့် တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်  (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  တက် ရောက်လာကြသည့် ဧည့်ပရိသတ်များအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေ၊ မိမိတို့ ၏ အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းမြှင့်တင်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဂုဏ်သိက္ခာမြင့်မားအောင် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါကြောင်း။

မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပြည်ထောင်စု တိုင်းရင်းသား သွေးချင်းများသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ထို့ပြင် ထုထည်ပမာဏ ကြီးမားခိုင်ခန့်သည့် မြန်မာ့ယဉ်ကျေးမှုအုတ်မြစ်ကြီးများကို စိုက်ထူနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အလယ်၌ ထူးခြားလေးနက်သည့် ကိုယ်ပိုင်မြန်မာ့မူဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာ ရှိရှိ ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ကြကြောင်း။

ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ် မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရ ရှင်သန်ပွင့် လန်းနေစေရန်အတွက် တစ်မျိုးသားလုံးကြိုးပမ်းဆောင်ရွက် နေကြသည့် အမျိုးသား အဆင့် ပွဲတော်များစွာရှိကြောင်း၊ ထိုအထဲမှ ယခုကဲ့သို့မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အစဉ်အလာမပျက် ဆင်နွှဲကျင်းပနိုင်ခြင်းသည်လည်း မြန်မာလူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့်အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့် တင်ပေးသည့် ကြိုးပမ်းမှု၊ တစ်နည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်ကြွ အောင် လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ခမ်းနား သိုက်မြိုက်စွာဖြင့် ပြည်ထောင်စုသားအားလုံး ပူးပေါင်းပါဝင်ပြီး အောင်အောင်မြင်မြင် ဖြင့် ကျင်းပလာခဲ့သည်မှာ ယခုအခါ ငွေရတုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း။

အမျိုးသားယဉ်ကျေးမှုများ အရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အမျိုးသားရေး ကိုယ်ခံအား တည်ဆောက်ပေးလျက်ရှိရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများသည် အရေးပါသည့် အခန်းကဏ္ဍမှ အထောက်အကူပြု စွမ်းဆောင်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း။

၁၉၉၃ ခုနှစ်မှ စတင်ပြီး ယနေ့တိုင်ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲကြီးများ၏ ကျေးဇူးကြောင့် ယင်းအချိန်က ဝါသနာရှင်မျိုးဆက်သစ်လူငယ်များသည် ယခုငွေရတု ပြိုင်ပွဲ ကာလတွင် ပညာရှင်အဆင့်အနုပညာရှင်ကြီးများအဖြစ် မြင်တွေ့နေကြရပြီ ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝါသနာရှင်သွေးချင်းမောင်နှမများကို အနုပညာအမွေ လက်ဆင့်ကမ်း ပေးဝေနေကြပြီဖြစ်သဖြင့် အမျိုးသားရေးအတွက် အားရကျေနပ်ဖွယ် ရာဖြစ်သည်ကို ပြောကြားလိုကြောင်း။

မိမိတို့ မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူ သည့် မျိုးနွယ်စုကြီးများ အတူတကွ ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာယဉ်ကျေးမှုဟူ၍ ဘုံသဘောဆောင်သည့် အမျိုးသားရေး စရိုက်လက္ခဏာကို လက်ခံကျင့်သုံးသည့် ပြည်ထောင်စုအဖြစ် စည်းလုံးညီညွတ်စွာ နေထိုင်လျက် ရှိကြကြောင်း၊ ထို့ကြောင့်လည်း မြန်မာတိုင်းရင်းသားများ၏ သုခုမအနုပညာကို လေ့လာကြည့်မည်ဆိုပါက တူရိယာပစ္စည်းများ မည်သို့ပင် ကွဲပြားခြား နားစေကာမူ “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏တူရိယာ ငါးပါးအခြေခံ တွင် တစ်စုတစ်စည်းတည်း တူညီစွာ ပါဝင်လျက်ရှိနေသည်ကို တွေ့ကြရမည်ဖြစ် ကြောင်း။

အလားတူ တိုင်းရင်းသားအကများနှင့် ပတ်သက်ပြီး ကွဲပြားခြားနားသကဲ့သို့ ရှိသော်လည်း စည်းနှင့်ဝါး ကို အခြေခံသည့် “ခေါင်း၊ ခါး၊ ခြေ၊ လက် အစရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှုပ်ရှားကပြကြခြင်းသာ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ သားအားလုံးတို့၏ အကများသည် တူညီသည့်အခြေခံအတွင်း၌ပင် ဆင့်ပွား တည်ရှိနေ သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများတွင် ယဉ်ကျေးမှုဖလှယ် သည့်အနေဖြင့် ပြည်နယ်အသီးသီး၏ ရိုးရာအကများကို နှစ်စဉ်မဲနှိုက်စေပြီး မဲကျရာ တိုင်းရင်းသားရိုးရာအကကို တိုင်းဒေသကြီးနှင့် ပြည်နယ်များက အနုပညာရှင်များ အနေဖြင့် အတူတကွပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြသည်ကို တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊  ထိုသို့ဖလှယ်ကြခြင်းအားဖြင့် တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက သိရှိနား လည်လာပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားစေရုံသာမက တိုင်းရင်းသားရိုးရာအနုပညာရပ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်လိမ့်မည်ဟု  ယုံကြည်ကြောင်း။

ထို့အပြင် ယခုနှစ် ငွေရတုပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသား များ၏ ရိုးရာတူရိယာများနှင့် စုပေါင်းတီးခတ်ထားသည့် တေးဂီတများဖြင့် ဖျော်ဖြေ တင်ဆက်ကြခြင်းအပြင် ထူးခြားသောဝိသေသဖြစ်သည့် ပြည်နယ်များ၏ တိုင်းရင်း သားရိုးရာတေးဂီတများနှင့် ဂုဏ်ပြုဖျော်ဖြေနိုင်ခြင်းသည်လည်း ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားအားလုံး၏ ရိုးရာအနုပညာအမွေအနှစ် တန်ဖိုးများကို ဖော်ထုတ် ပြသနိုင်ရုံသာမကဘဲ သွေးစည်းညီညွတ်မှုကိုပါ အနုပညာဖြင့် သက်သေပြု တင်ဆက် ပြသခြင်းပင် ဖြစ်ကြောင်း။

ခေတ်အဆက်ဆက် ထွန်းကားလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ် များသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ရပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချိုး နှိမ်မှုများကို ခံခဲ့ရကြောင်း၊ သို့သော် မြန်မာအနုပညာရှင်များအနေဖြင့် ကိုလိုနီနယ်ချဲ့ များ၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး အမျိုးသားရေးစိတ်ဓာတ် အပြည့်ဖြင့် ကြိုးပမ်း ထိန်းသိမ်းလာခဲ့ကြသည့်အတွက် ယနေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု အနု ပညာရပ်များသည် မြန်မာ့ရိုးရာသွင်ပြင်ဟန်ပန်အတိုင်း ရှေးမူမပျက် ဆက်လက်ဖြစ် ထွန်းနေသည်ကို ဂုဏ်ယူဝင့်ကြွားဖွယ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။

ရဟန်းစာဆိုများအပါအဝင် လူပညာရှိ၊ ရဟန်းပညာရှိများသည် မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များဖြစ်သည့် (၅၅ဝ) နိပါတ်တော်နှင့် ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ပုံပြင်လို တစ်မျိုး၊ ပျို့ကဗျာလင်္ကာစာပေလိုတစ်နည်း၊ စာဟောကွက်စိပ် ဇာတ်သဘင်လိုတစ်ဖုံ၊ နည်းလမ်းမျိုးစုံဖြင့် ဖန်တီးဖွဲ့ဆိုပြီး အရွယ်သုံးပါးစလုံးအတွက် လိုက်ဖက်သည့် နည်းလမ်း ရွေးချယ်ခံစားနိုင်စေရန် စီမံထားရစ်ခဲ့ကြကြောင်း။

ယခုနှစ်ပြိုင်ပွဲ၏ မဟာဇနကဇာတ်တော်ကြီး ကပြတင်ဆက်မှုများတွင် မဟာဇနက ဇာတ်တော်ကြီးမှပေးလာသည့်သင်ခန်းစာဖြစ်သည့် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် မြင့်မားခိုင်ကြည်သည့် စိတ်ဓာတ်တို့ဖြင့် မှန်ကန်စွာအားထုတ် ကြိုးပမ်းမည်ဆိုပါက မည်သို့ပင် အခက်အခဲ အဟန့်အတားများ ကြုံတွေ့ရပါစေ၊ ကျော်လွှားအောင်နိုင်ပြီး မိမိတို့မျှော်မှန်းသည့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရစမြဲဖြစ်သည်ဆိုသည့် သင်ခန်းစာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော် သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း။

အလားတူ ပညာရှင်အဆင့် ရုပ်သေးပြိုင်ပွဲ၌ ကပြယှဉ်ပြိုင်မည့် ဝေဿန္တရာ ဇာတ်တော်ကြီးတွင်လည်း ပရမတ္ထပါရမီ၏ သဘောသဘာဝဖြစ်သည့် ပါရမီဖြည့်ဖက် ပုဂ္ဂိုလ်မြတ်တို့၏ ကျင့်ကြံပွားများရသည့် သီလကုသိုလ်အကျိုးနှင့် ဓမ္မနှင့်အဓမ္မ အားပြိုင်မှုတို့ကို ပေါ်လွင်အောင် ညွှန်းဖွဲ့တင်ဆက်နိုင်ကြလိမ့်မည်ဟုလည်း မျှော်လင့် ကြောင်း။

အနုပညာရှင်များအားလုံးကို မေတ္တာရပ်ခံမှာကြားလိုသည်မှာ  နှစ်ပေါင်းထောင် ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ တင့်တင့်တယ် တယ် ဆက်လက်ရှင်သန် ဖြစ်ထွန်းနေရစေရေး အနုပညာစွမ်းပကားနှင့် စွမ်းဆောင် ပေးကြရန်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့် အတန်း ဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့  တည်တံ့ခိုင်မြဲနေအောင် အနုပညာ စွမ်းပကားဖြင့်  စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေး စိတ်ဓာတ်ကိုယ်ခံအား ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင် ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ တိုင်းရင်းသားတူရိယာရိုးရာသံစုံတေးဂီတအဖွဲ့မှ တိုင်းရင်းသားဂီတပညာရှင် များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင် ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်း ကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက် (၄)ရပ်ဖြင့်ကျင်းပခြင်း ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။