နေပြည်တော် အောက်တိုဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟို ဌာန(၂)နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လေ့ကျင့်ရေးကဇာတ်ရုံ၌ ကျင်းပပြုလုပ်လျက် ရှိသည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲများသို့ တက်ရောက် ကြည့်ရှုအားပေး သည်။
အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ် ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်း သားညီအစ်ကို မောင်နှစ်မများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ အလွတ်တန်းအဆင့်အက ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အကအဖွဲ့များက ဒေသအလိုက် သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် အကအလှများ၊ သရုပ်ဖော်များဖြင့် ကကြိုးကကွက်စုံလင်စွာ ဖြင့် ကပြယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဝါသနာရှင်(ပထမတန်း) အမျိုးသား ဒုံမင်းအတီးပြိုင်ပွဲ ယှဉ်ပြိုင်တီးခတ်နေမှုများကိုကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့် တင်ရေး” တေးသီချင်းအဆိုပြိုင်ပွဲ၌ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး သီချင်းဖြစ်သည့် “မြန်မာ့စိတ်ရင်း၊ မြန်မာရှုခင်း” တေးသီချင်းကို အသံနေအသံထားများဖြင့် ကျွမ်းကျင်ပိုင် နိုင်စွာ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည့် ဆိုင်းတစ်ဦးချင်း ဝါသနာရှင်(ဒုတိယတန်း)အမျိုးသား ပြိုင်ပွဲယှဉ်ပြိုင် တီးခတ်နေမှုများကိုကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။