ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း(၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား

ဒီနေ့ကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား သဘောတူညီမှု ရရှိခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA)ကို ချုပ်ဆိုနိုင်ခဲ့တဲ့ (၉)နှစ်ပြည့်မြောက်တဲ့နေ့ပဲဖြစ်ပါတယ်။ ဒီနေ့အခါသမယမှာ သဘောတူ စာချုပ် စတင်လက်မှတ်ရေးထိုးခဲ့ချိန်မှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပမှ အသိသက်သေများ၊ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ကောင်းကျိုးလိုရာများ ပြည့်ဝနိုင်ကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။

NCA စတင်ချုပ်ဆိုချိန်ကတည်းက “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုတို့ကိုအခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင် သည်အထိ မပျက်မကွက် အတူတကွပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန်သန္နိဌာန်ပြု ကြသည်” ဆိုတဲ့အချက်ကို စာချုပ်မှာပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသူများက အလေးထားမှတ်မိနေကြအုံးမယ်လို့ ကျွန်တော့်အနေ နဲ့ ယုံကြည်မိပါတယ်။

တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းကြမယ်ဆိုတဲ့ ရည်မှန်းချက်များနဲ့ ဖြစ်ပေါ်ခဲ့ရတဲ့အနှောင့်အယှက်တွေကြားမှာ NCA ကို ကျွန်တော်တို့ ဘယ်လောက် အတိုင်းအတာအထိ အကောင် အထည်ဖော်နိုင်ခဲ့ ကြလဲ၊ NCA လမ်းကြောင်း ဘယ်လောက် ခိုင်မာမှု ရှိခဲ့ပြီလဲဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှု ပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုများစွာကနေ အခြေတည်ဖြစ်ပေါ် လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်စာချုပ်သစ်တစ်ခုပဲဖြစ်ပါတယ်။ နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အထိ အကြေအလည်ဆွေးနွေးခဲ့ရ ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နားလည်မှု အပြည့်နဲ့ လိုက်လျောမှုတွေ လုပ်ခဲ့ကြရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီသဘောတူ စာချုပ်ရေးထိုး ပြီးချိန်ကတည်းက စာချုပ်ပါကတိကဝတ်တွေကို လေးစားပြီး တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO များကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေ ပေးရင် ပေးသလို ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရ ပါတယ်။ NCA ကိုလက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက် ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမို ကရေစီ အရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်း ရင်းသားအရေးဆိုရာမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ဖြစ်ပေါ်လာပြီး (၃) နှစ် အကြာမှာပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် လိုလားတဲ့စိတ်နဲ့ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲတာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက် ပေးခဲ့တာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားတာတွေ၊ လိုက်ပါ ဆောင်ရွက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ် ဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးမှုများလုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများဟာ နိုင်ငံရေးအမြင်မတူမှုများကနေ ပေါ်ပေါက်လာခြင်းဖြစ်တာကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိပါတယ်။ အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံ ဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောကြား လိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်တဲ့အခါ ပြည်သူတစ်ရပ် လုံးဟာ ဒီမိုကရေစီရဲ့အနှစ်သာရနဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ မဖြစ်မနေခံစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကျွန်တော် တို့နိုင်ငံ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့ကာလများမှာ ပြည်သူလူထု အများစုဟာ ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုများနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ခဲ့တာ တွေ့ရှိရပါတယ်။ ဒီမိုကရေစီယဉ်ကျေးမှု ဆိုတာ လူတစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက်ရဲ့ လိုအင်ဆန္ဒတွေကို ပဋိပက္ခလုပ်မှု ၊ အကြမ်းဖက်ဖော်ဆောင်မှု တွေကနေရှောင်ရှားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို အမြဲနှလုံး သွင်း ဆောင်ရွက်ကြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေ ထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင် ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း အဲဒီအချိန်က အစိုးရရဲ့ မဲမသမာမှုလုပ်ရပ်များဟာ အလွန်အကျည်း တန်စွာ မြန်မာ့သမိုင်းစဉ်မှာ အမည်းစက်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ အားလုံးသိပြီးဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး နိုင်ငံတော်အပေါ်ကျရောက်လာတဲ့ ဘေးအန္တရာယ်အရပ်ရပ်ကိုကာကွယ်ဖို့ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ မမျှော်လင့်ဘဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ တချို့သော EAO များအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားရှိခဲ့တဲ့ ကတိကဝတ်များကို ဖောက်ဖျက်ပြီး NUG ၊ CRPH  အမည်ခံ အကြမ်းဖက်အဖွဲ့တို့ကို တစ်ဖက်လှည့်နည်းနဲ့ ထောက်ခံအားပေးခဲ့ ပါတယ်။ အဲဒီအကြမ်းဖက်အဖွဲ့များရဲ့ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကိုလည်း ထောက်ပံ့မှုမျိုးစုံပေးပြီး အားပေး အားမြှောက်တွေပြုခဲ့ကြပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုတွေ အားနည်းခဲ့ရပြီး ပြည်သူလူထုဟာလည်း အကြောက် တရားများနဲ့  ကျီးလန့်စာစားတဲ့ ဘဝကိုရောက်ရှိခဲ့ကြ ရပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက် တွေကလည်း ပြည်သူများရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွား စေခဲ့ပါတယ်။ ဒီမတိုင်မီမှာလည်း KNPP ၊ KNDF ၊ PNLO ၊ KIA နဲ့ KNU လက်နက်ကိုင် သောင်းကျန်းသူများဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့် လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြပါတယ်။ အကျိုး ဆက်ကတော့ အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရ ပါတယ်။ အဲဒီလိုအကြမ်းဖက်မှုတွေရဲ့နောက်ကွယ်မှာ အမျိုးမျိုးသော ပံ့ပိုးမှုတွေ အဓိကပါဝင်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကို ကျွန်တော်တို့အစိုးရက မှန်ကန်စွာရှုမြင်ပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွား ကို မထိခိုက်အောင် ကာကွယ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

နိုင်ငံတစ်ခုတိုးတက်စေဖို့အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေး မောင်းနှင်အားများ ကောင်းမွန်နေဖို့လိုအပ်ပါတယ်။ နိုင်ငံရေးအရ အားကောင်းပြီး စီးပွားရေးနှင့် ကာကွယ်ရေးအပိုင်းမှာ အားနည်းနေလို့မရပါဘူး။ နိုင်ငံရေးအားကောင်းဖို့အတွက် ဦးဆောင်ကြ သူများက စနစ်တကျမှန်ကန်စွာဖြင့် ဦးဆောင်ပေးကြရမှာဖြစ်သလို နိုင်ငံသားအားလုံးကလည်း မိမိတို့နိုင်ငံအကျိုးအတွက် စည်းလုံးညီညွတ်မှု ရှိကြဖို့လိုပါတယ်။ နိုင်ငံစီးပွားရေးကောင်းမွန်လာဖို့အတွက် နိုင်ငံသား အားလုံးက ကျရာအခန်းကဏ္ဍကနေ ကြိုးပမ်းဆောင်ရွက်ကြမှသာ တစ်ဦးချင်းကြွယ်ဝချမ်းသာခြင်းကနေ နိုင်ငံစီးပွားရေး ကောင်းမွန် လာမှာဖြစ်ပါတယ်။ စီးပွားရေးအား ကောင်းမွန်မှသာ နိုင်ငံရဲ့ ကာကွယ်ရေးအားလည်း တိုးတက်ကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ တပ်မတော်ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ပြည်ပရန်ကာကွယ်ရေး အတွက်သာဖြစ်ပြီး ပြည်တွင်းလုံခြုံရေးအတွက်မဟုတ်ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ ပြည်တွင်းလုံခြုံရေး အခြေအနေ အရ အစိုးရက တာဝန်ပေးအပ်မှသာ ပြည်တွင်းလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးစ ဖဆပလအစိုးရ ခေတ်ကတည်းကနေ ဒီနေ့အချိန်အထိ ကာကွယ်ရေးနဲ့ ပြည်တွင်း လုံခြုံရေးကို တာဝန်ပေးချက်အရ ပူးတွဲဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပေးအပ်လာတဲ့တာဝန် များကို ကျေပွန်စွာထမ်းဆောင်ခဲ့တာကို သက်သေပြခဲ့ပြီး ဖြစ်ပါ တယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တပ်မတော်တစ်ခုတည်း မှာပဲ အပြည့်အဝတာဝန်ရှိတယ်လို့ မမှတ်ယူကြဘဲ ပြည်သူများရဲ့ အားနဲ့ စစ်မှန်တဲ့ပူးပေါင်းပါဝင်မှုအားတို့လည်း လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ နိုင်ငံရေးအခြေအနေများအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ကို အထူးသတိကြီးစွာ ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ယနေ့ကာလမှာ အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှုတွေ၊ အင်အားငယ်တဲ့နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေ အငြင်း ပွားမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ပြည်တွင်းရေးမငြိမ်မသက်မှု တွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖြစ်ပွားလျက်ရှိတာကို တွေ့ရ ပါတယ်။ ဒီလိုပြဿနာများနဲ့ ပဋိပက္ခများကို ဖြေရှင်းရာမှာ အချို့ ဒေသများမှာဆိုရင် ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေ အနေ အထိဖြစ်ပေါ်အောင် ဖန်တီးနေတာတွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံ အများစုကလည်း နိုင်ငံအလိုက်အင်အားစုရရှိရေး ဒေသဆိုင်ရာ အဖွဲ့အစည်းများဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအစုံမှာ အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ ဒါပေမယ့် နိုင်ငံတိုင်းကတော့ မိမိနိုင်ငံရဲ့ အကျိုးစီးပွားပေါ်မှာသာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဦးစားပေးလုပ်ဆောင်နေတာကို သတိပြုမိကြဖို့ လို ပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့ နိုင်ငံတွေရဲ့ ပြည်တွင်းရေးပဋိပက္ခနောက်ကွယ်တွေမှာ ဘယ်နိုင်ငံတွေက ဘယ်လိုပါဝင်ပတ်သက်ခဲ့ပြီး တစ်ကျော့ပြန် ခေတ်သစ် ကိုလိုနီနယ်ချဲ့မှုတွေ ဖန်တီးနေတယ်ဆိုတာကို ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး သတိထားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေနဲ့ နိုင်ငံငယ်များအပေါ် ဩဇာ လွှမ်းမိုးမှုရှိအောင် ဆောင်ရွက်ရာမှာ နိုင်ငံတိုးတက်စေဖို့အတွက် အဓိကကျတဲ့ စီးပွားရေးကဏ္ဍများကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက် နေတာ တွေ့ရှိရပါတယ်။ ပြည်တွင်းမှာ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်း မျိုးစုံတို့ကို ဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုချယ်လှယ် နိုင်အောင် ဖန်တီးဆောင်ရွက်နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံငယ်များအနေဖြင့် မိမိနိုင်ငံအတွင်းမှာရှိတဲ့ သယံဇာတနဲ့ အရင်း အမြစ်များရဲ့စွမ်းအားကို အသုံးချပြီး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ် ပါတယ်။ ကိုယ်ပိုင်အရင်းအမြစ် နည်းပါးတာနဲ့အမျှ စီးပွားရေး ထိခိုက်ပြီး အခြားကဏ္ဍအစုံမှာပါ အားနည်းလာမှာဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ဖို့အတွက် အရင်းအမြစ်ကောင်းများ ရှိထားပါတယ်။ ကမ္ဘာပေါ်မှာ ကြုံတွေ့လာနေတဲ့ စားနပ်ရိက္ခာလုံခြုံရေးကို ပံ့ပိုး ပေးနိုင်သော နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပြီးဖြစ် ပါတယ်။ ဒါ့အပြင် ရေနံ၊ သဘာဝ ဓာတ်ငွေ့နဲ့ အခြားသော ကြေးနီ၊ သံ၊ ခဲမဖြူစတဲ့ သတ္တုပစ္စည်းများ လည်းထွက်ရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလိုနိုင်ငံတော်ရဲ့ သယံဇာတများနဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကိုအသုံးချပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ဖို့သာ လိုအပ်ပါတယ်။ စီးပွားရေးထိခိုက်အောင် ဆောင်ရွက်နေမှုများကိုလည်း ကျော်လွှားကြ ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလမှာဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့အတူ စီးပွားရေးထိခိုက်မှုတွေက မလွှဲမရှောင်သာ ကပ်ပါလာခဲ့ပါတယ်။ ကိုဗစ်အလွန်ကာလဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့နိုင်ငံရေး ပွတ်တိုက်မှုဖြစ်စဉ် တွေကြောင့် စွမ်းအင်လောင်စာပြဿနာတွေပေါ်ပေါက်ခဲ့ပြီး အခု ဆိုရင်လည်း တချို့နိုင်ငံတွေမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့ နေရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ အဆုံးသတ်မှာ စီးပွားရေး အကျပ်အတည်းဖြစ်စေမှုဆီ ဦးတည်လေ့ရှိတာကြောင့် ပြည်ပ နယ်ချဲ့အင်အားကြီးနိုင်ငံတွေဟာ ကြိုတင်ဖန်တီးပြီး သူတို့အကျိုးကို ဖန်တီးနေကြခြင်းပဲဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်ပအမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ လူသားအရင်းအမြစ်တွေ ပိုင်ဆိုင်လာအောင် ကြိုးစားနိုင်မှသာ ကိုယ့်နိုင်ငံကိုယ့်သယံဇာတတွေနဲ့ ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို အနာဂတ်နိုင်ငံတော်ကြီး ပေါ်ပေါက် စေဖို့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေမှာ စုပေါင်း အဖြေရှာမယ်၊ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုပြီး NCA စာချုပ်ကြီး ဖြစ်မြောက် ပေါ်ပေါက်လာအောင် ကြိုးစားခဲ့ကြလို့ အခုလိုငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်တွင်းပြည်ပ အတိုက်အခိုက် အဖျက်အမှောင့်တွေ ကြားကပဲ နိမ့်ကျနေတဲ့ စီးပွားရေးကို ပြန်လည်မြင့်တက်လာအောင်နဲ့ အခြားသော ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာကုန်ထုတ်လုပ်ငန်းများကို ကဏ္ဍအသီးသီး တိုးတက်မှုရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ့တာဝန်ကို စတင် ယူခဲ့ချိန်ကတည်းက ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါတယ်။ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ရင်လည်း NCA လမ်းကြောင်းအတိုင်း သွားမှာဖြစ်ပြီး NCA သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား ဆောင်ရွက်သွားမယ်ဆိုတာကို  အတိအလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ တာဝန်ယူချိန်ကတည်းက အခက်အခဲများစွာကြားကပဲ ဦးစားပေး လုပ်ဆောင်ရမယ့်တာဝန်တွေကို အဆင့်လိုက်ချမှတ်ပြီး အကောင် အထည်ဖော်ခဲ့ပါတယ်။ ယနေ့မှာဆိုရင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူတဲ့အဆင့်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူပြီး ကျွန်တော်တို့ အာမခံထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ပေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ရွေးကောက်ပွဲမှာ ပါတီစုံ ပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်နေပြီး နယ်မြေဒေသ အလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေရောက် အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲ ကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွား မှာ ဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင် ပေးကြဖို့ ပြောကြားလိုပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါအတိုင်း ကဏ္ဍအလိုက် ဟန်ချက်ညီ ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းမှုရှိမှသာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အလျင်အမြန် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံရေး ရည်မှန်းချက်(၂)ရပ်နဲ့  အမျိုးသားရေးရည်မှန်းချက်(၂)ရပ်တို့ကို အထူး အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းတည်ငြိမ် အေးချမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တပ်မတော်တစ်ဖက် တည်းကနေပဲ လုံ့လစိုက်နေလို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ NCA ရဲ့ အနှစ်သာရတွေကို သိရှိနားလည်ပြီး နိုင်ငံတော်အတွက်ဆိုတဲ့ အသိတရားနဲ့ ထားရှိပြီးသား ကတိကဝတ် တွေကို အလေးထားလိုက်နာပူးပေါင်း ဆောင်ရွက်ကြမှသာ ကျွန်တော်တို့ အားလုံး သွားချင်တဲ့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိမှာဖြစ်ပါတယ်။

မလိုလားအပ်တဲ့ လက်နက်ကိုင်လမ်းစဉ်တွေကြောင့် နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနဲ့ ရဟန်းသံဃာများပါမကျန် သေဆုံးခဲ့ကြရတာ တွေဟာ တိုင်းပြည်ရဲ့နစ်နာမှုတွေပဲဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို သစ္စာမဲ့၊ အသိဉာဏ်အားနည်းတဲ့ ကိုယ့်နိုင်ငံသားများကသာ ပြည်ပက မြောက်ထိုးပံ့ပိုးမှုများနဲ့ ဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ ဒီလိုပြည်ပ ပယောဂတွေ လွှမ်းမိုးနေတဲ့ အကြမ်းဖက်မှုတွေလျော့ပါးစေဖို့ တိုင်းပြည် ကာကွယ်ရေးစွမ်းအားတွေ တောင့်တင်းခိုင်မာစေဖို့ အတွက် ကျွန်တော့်အနေနဲ့ ၂၀၁၀ ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းထား ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော် လုံခြုံရေးကဏ္ဍကို တိုးမြှင့်နိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူများအားလုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ် အတွက်လည်း ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလိုတွေ ဆောင်ရွက်ပေးနိုင် ခဲ့တာကြောင့် ပြည်သူအားလုံးဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြတယ် ဆိုတဲ့ အသိ ခံယူချက်ကို ရရှိစေမှာဖြစ်ပါတယ်။

အကြမ်းဖက်သောင်းကျန်းသူများရဲ့ ခေတ်အဆက်ဆက် လက်နက် ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။ သူတို့အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ထက် တစ်သီးတခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတာကို တွေ့ရှိရပါတယ်။ လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးတွေနဲ့ သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲအတင်း အဓမ္မရောက်ရှိစေခဲ့ကြပါတယ်။ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်​တွေသာမက လမ်းတံတားအဆောက်အဦတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေပါမကျန် ဖျက်ဆီး ခဲ့ကြတာကို အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ အဲဒီလို မင်းမဲ့စရိုက်ဆန်တဲ့ ပြုမူမှုတွေကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ အပေါ် ရွံရှာမုန်းတီးနေပြီး တပ်မတော်နဲ့အတူ အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းတွေအပေါ်မှာ တက်ကြွစွာပူးပေါင်းပါဝင်လာ ခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း တပ်မတော်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင်ရွက်မှာ ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ အသုံးချမှု မခံရအောင် သတိပြုကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ထပ်မံအသိပေး ပြောကြား လိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

ကျွန်တော်တို့ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိစေဖို့ အတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နဲ့ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို တွေ့ဆုံမှုတွေကနေရရှိလာတဲ့ သဘောထားမှတ်ချက်တွေကို Union Accord အဖြစ် မှတ်တမ်းတင်ထားရှိခဲ့ပါတယ်။ NCA ကနေတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပပျောက်သွားမှ သာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ပန်းတိုင်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ အားလုံး အတူတကွ မြန်မာဆိုတဲ့စိတ်နဲ့ ရှေ့ဆက်ကြ ဖို့ပဲလိုပါတယ်။ ဒီလို မဟုတ်ဘဲလက်နက်ကိုင် အကြမ်းဖက် လုပ်ရပ်တွေကို အားပေးထောက်ခံပြီး မိမိတို့နိုင်ငံသားချင်း သွေးမြေကျအောင် ကြံစည်ဆောင်ရွက်နေတဲ့ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးမြှောက်ပင့်မှုတွေအပေါ် ယုံစားနေကြအုံးမယ် ဆိုရင် ကျွန်တော်တို့ သွားလိုတဲ့အနာဂတ်နိုင်ငံတော် ခရီးဟာ အလှမ်းဝေး နေအုံးမှာပဲဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံများရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင် လိုတဲ့အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုများအကြား စည်းလုံးမှုမရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့ သွေးခွဲမှုတွေ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအား လျော့ပါးလာအောင် နိုင်ငံရေးအရရော စီးပွားရေးအရပါ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတာတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ တစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြတဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ကြုံတွေ့လာရတဲ့ အခက်အခဲ၊ အကျပ်အတည်း တွေကို လက်ချင်းချိတ်ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ကြတဲ့ သူများဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ အင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားအတွက် မိမိတို့ နေထိုင်ရာဒေသကို ပြန်ဖျက်ဆီးနေမယ့်အစား မိမိတို့ရှင်သန်ကြီးပြင်း ခဲ့ရာ နိုင်ငံတော်ရဲ့အကျိုးအတွက် အားလုံးက အရှည်ကိုမျှော်တွေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ကျွန်တော်တို့အချင်းချင်း သွေးကွဲပြီး ရန်စောင်နေကြမယ်ဆိုရင် နိုင်ငံတော်ရဲ့ စွမ်းအားတွေ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရတဲ့ လူမျိုးတွေအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနေ့အချိန်အခါမှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအနေနဲ့ တပ်မတော်က ဆောင်ရွက်နေတဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များမှာ ဝိုင်းဝန်းပူးပေါင်း ပါဝင်ပြီး မိမိတို့ရဲ့လိုလားချက်များကို တွေ့ဆုံဆွေးနွေးမှုများ ကနေ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါ တယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

နိဂုံးချုပ်အနေနဲ့ပြောရရင် လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွား မှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အားလုံး “မြန်မာ”ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့ကိုချီတက် ကြတဲ့နေရာမှာ NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာလည်း ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့စိတ်နဲ့ အချင်းချင်းပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနဲ့ ချမှတ်ထားပြီးသား ကတိကဝတ်များကို လိုက်နာစောင့်ထိန်း သွားကြဖို့လိုပါတယ်။ သန်းခေါင်စာရင်း ကောက်ယူပြီး ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ်ကဏ္ဍများမှာ EAO များရော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကပါ လုံခြုံရေးအသိ၊ လုံခြုံရေး အမြင်များထား ရှိပြီး ကိုယ်စီကိုယ်စီ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်မှု တို့နဲ့ နိုင်ငံ့သားကောင်းစိတ်ဓာတ်တို့ကို ပြသကြဖို့ တိုက်တွန်းလိုပါ တယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက် နေကြတဲ့ အကြမ်းဖက်သမားများ အလုံးစုံချုပ်ငြိမ်း အဆုံးသတ် သွားနိုင်ရေးအတွက် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက် သွားကြပါ လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။