နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ – ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင်  မြန်မာအပြည် ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက်ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ(ဗဟိုအဆင့်) ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး‌ ဒေါ်ကြူကြူလှ တို့နှင့်အတူ ကောင်စီဝင်များ နှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ များ၊ အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက်ကြည့်ရှုအား ပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး‌ ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များသည် Plenary Hall ၌ကျင်းပသည့် ချင်းတိုင်းရင်းသားရိုးရာအလွတ်တန်းအဆင့် အကပြိုင်ပွဲတွင် တိုင်း ဒေသကြီးနှင့်ပြည်နယ်အလိုက် ပြိုင်ပွဲဝင်အကအဖွဲ့တစ်ဖွဲ့ချင်းစီက ချင်းပြည်နယ်၏ သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် “ချင်းတောင်တန်းမှ ကြိုဆိုလျက်” ချင်းရိုးရာတေးသီချင်းနောက်ခံဖြင့် လှပကျော့ရှင်း သည့် ချင်းတိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို ချင်း အလှ၊ ချင်း ဟန်တို့ဖြင့် ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်ကပြမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ယင်းနောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ပြိုင်ပွဲများသို့ တက်ရောက်လာကြသူများနှင့်အတူ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီး ဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပလျက်ရှိသည့် (၂၅) ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ရုပ်စုံသဘင်ဖွဲ့လိုက်   ဝါသနာရှင်အဆင့် (ပထမတန်း)   ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ရတနာပုံရုပ်စုံသဘင်အဖွဲ့က “ဝေဿန္တရာ” ဇာတ်တော်ကြီးတွင် ပရမတ္ထပါရမီ၏ သဘောသဘာဝဖြစ်သည့် ပါရမီဖြည့် ဖက် ပုဂ္ဂိုလ်မြတ်တို့၏ ကျင့်ကြံပွားများရသည့် သီလကုသိုလ်အကျိုး နှင့် ဓမ္မ နှင့် အဓမ္မ အားပြိုင်မှုတို့ကို အနှစ်သာရရှိရှိ ပေါ်လွင်အောင်ဖော်ကျူးသည့်  အကအလှများ၊  စကား ပြောများဖြင့် သရုပ်ဖော်ယှဉ် ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရုပ်စုံသဘင်အဖွဲ့လိုက် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်ပြိုင်ပွဲတွင် ရုပ်စုံသဘင်ပြိုင်ပွဲအဖြစ် “ဝိဓူရ” ဇာတ်တော်ကြီးဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အချိန်ကာလအတိုင်းအတာတစ်ခုအထိ တိမ်မြုပ်ပျောက်ကွယ် နေခဲ့သည့် ရုပ်သေးပညာပြန်လည်ပြီး တစ်ခေတ်ဆန်းသစ်လာခဲ့ကြောင်း၊ အကြောင်း ကြောင်းကြောင့် ကျင်းပခြင်းမပြုနိုင်ခဲ့သည့်  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးနှင့် အတူ ရုပ်သေးအနုပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ်သကဲ့သို့ ဖြစ်နေခဲ့ရခြင်းကြောင့် ၂၃ ကြိမ်မြောက်ကျင်းပသည့် မြန်မာ့ရိုး ရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီး ပြိုင်ပွဲမှစတင်၍  မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ ရုပ်သေး ပညာရပ်၊ မြန်မာ့ရုပ်စုံပညာရပ်များ    ပြန်လည်ဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်းနှင့် “ဝေဿန္တရာ”ဇာတ်တော်ကြီးကို အလောင်းတော် ဝေဿန္တရာမင်းကြီးဖြည့်ဆည်း ကျင့်ကြံ ခဲ့သော ဒါနပါရမီ၏ မြင့်မြတ်နက်ရှိုင်းမှုကို ကြည်ညိုသဒ္ဒါပွားများနိုင်စေရန်၊ ဒါနပါရမီ အထွက်တက်လျက် အခြံအရံပါရမီများအကြောင်းကို သိရှိနာယူကျင့်သုံးနိုင်စေရန်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ သုတ၊ ရသကို ပိုမိုသိရှိနားလည်လာခြင်းအားဖြင့် အသိဉာဏ်၊ ကိုယ်ကျင့် တရား ပိုမိုမြင့်မားလာစေရန် စသည့်ဦးတည်ချက်များဖြင့် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။